နှစ်ရက်ဆက် ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် မြောက်ပိုင်း ရသေ့တောင် တိုက်ပွဲသည် အလွန်ပြင်းထန်ပြီး ရက္ခိုင့် တပ်မတော် (AA) ဘက်မှ အကျအဆုံး အလွန်များကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ဖေဖော်ဝါရီလ ၃ ရက်နေ့က ရသေ့တောင်မြို့နယ် ပြိန်းတောအုပ်စု ကုန်တန်းကျေးရွာဘက်တွင် တိုက်ပွဲဖြစ်ပွားရာ AA ဘက်မှ အကျအဆုံးတချို့ ရှိခဲ့ရာမှ ယင်းဖြစ်စဉ်ကို လက်တုန့်ပြန်ရန် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် AA အင်အား ၁၅၀ နှင့် ၂၀၀ ကြား ပြန်လည် စုစည်းကာ တိုက်ခိုက်သဖြင့် တပ်မတော်က ပြန်လည် ထိုးစစ်ဆင်ရာမှ တိုက်ပွဲ ပြင်းထန်ခြင်း ဖြစ်ကြောင်း တပ်မတော်ဘက်က ပြောသည်။
“မနေ့က နေ့ခင်းပိုင်းမှာ အဲဒီနားလေးမှာ ရှိတဲ့ သူတို့အင်အားစုတွေ စုစည်းပြီးတော့ ကျနော်တို့ စစ်ကြောင်းကို မကျေ နပ်လို့ တိုက်ခိုက်ဖို့ လုပ်ပါတယ်။ ကျနော်တို့ဘက်က သတင်းလက်ဦးမှု ရယူပြီး ပြန်ပြီး တိုက်ခိုက်ခဲ့ပါတယ်။ သူတို့ ဘက်က AA အင်အား ၁၅၀၊ ၂၀၀ လောက်အထိ စုစည်းပြီး တိုက်ခိုက်တာပါ”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြော သည်။
၎င်းက ဆက်၍ “ကျနော်တို့ဘက်က ရဟတ်ယာဉ်တွေ သုံးရပါတယ်။ အင်အား ၁၅၀ လောက် ဝိုင်းတိုက်တာ ဖြစ်တဲ့ အတွက် လိုအပ်ရင် သုံးရပါတယ်။ ဒါကြောင့် တော်တော် ပြင်းပြင်းထန်ထန် ဖြစ်တဲ့ တိုက်ပွဲလို့ ပြောရမှာပါ။ ကျနော်တို့ ရလိုက်တဲ့ အလောင်းတွေက ဆယ်ဂဏန်းကျော်တယ်လို့ပဲ ပြောချင်ပါတယ်။ ဒါတွေလည်း မပြိုင်ချင်ပါဘူး။ ဘာဖြစ် လို့လဲ ဆိုတော့ ထိခိုက်တာတွေက ဘယ်ဖက်ကပဲထိထိ ကိုယ့်မြန်မာနိုင်ငံသားတွေ ဖြစ်နေလို့ပါ”ဟု ပြောသည်။
ဧရာဝတီ သတင်းဌာနက ယင်းတိုက်ပွဲ ဖြစ်စဉ်ကို အတည်ပြု မေးမြန်းနိုင်ရန် AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခအား အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိဘဲ တကြိမ်တွင် ဖုန်းကိုင်ပြီးမှ ပြန်ချသွားခဲ့သည်။
ရခိုင်ပြည်နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ယမန်နေ့က ရသေ့တောင် တိုက်ပွဲ ပြင်းထန်ရခြင်းမှာ တပ်မတော်ဘက်မှ ကြည်း၊ ရေ၊ လေ တပ်ပေါင်းစုံဖြင့် စစ်ဆင်ရေး ပြုလုပ်၍ ဖြစ်ကြောင်း၊ တိုက်ခိုက် ရေး ရဟတ်ယာဉ်များ၊ ရသေ့တောင်မြို့ အမြောက်စခန်းများမှ အမြောက်ပစ်ကူများ၊ ရေဆိုးချောင်း ဗျူဟာမှ လက်နက်ကြီး ပစ်ကူများ ပါဝင်ကြောင်း ပြောသည်။
“တော်တော် ပြင်းပြင်းထန်ထန်တော့ ဖြစ်ကြတယ်။ လူတွေ ထိခိုက်ဒဏ်ရာ ရတာတော့ မသိရသေးဘူး။ စစ်ဘေးရှောင် ဒုက္ခသည်တွေကတော့ ထွက်ပြေးသွားကြတာ ၁ ထောင်ကျော်လောက် ရှိမယ်။ နဂိုကတည်းက အဲဒီရွာတွေမှာ လူတွေ နည်းနေပြီ။ ဒါပေမယ့် လက်ကျန်လူတွေ ဆက်ပြီးတော့ ပြေးရတာပေါ့”ဟု ၎င်းက ရှင်းပြသည်။
ယင်းတိုက်ပွဲဖြစ်ပွားရာ နေရာတွင် ရွာ ၆ ရွာခန့် ရှိကြောင်း၊ တိုက်ပွဲကြောင့် ပိတ်မိနေသူများကို ကယ်ထုတ်ရန် ဆရာ တော် ၇ ပါး၊ လူမှုရေး အသင်းမှ လူပုဂ္ဂိုလ် ၇ ဦးခန့် ပါဝင်သည့် အဖွဲ့ တခုသည် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့မှ လုံ/နယ် ဝန်ကြီးထံ ခွင့်ပြုချက်တောင်း၍ ယင်းနေရာသို့ သွားရောက်ကူညီနေပြီ ဖြစ်ကြောင်းလည်း သိရသည်။
“သက်ကြီး ပုဂ္ဂိုလ်တွေ၊ မစားရ မသောက်ရသေးတဲ့သူတွေလည်း ရှိနေတယ်။ အုန်းတောတွေထဲမှာ ပိတ်မိနေတဲ့ သူ တွေလည်း ရှိတယ်။ တခြားရွာတွေမှာလည်း ပိတ်မိနေသူတွေ ရှိတယ်။ တိုက်ပွဲကလည်း ဖြစ်နေတာပဲ။ တိုက်ပွဲတခု ရှိရင် နောက်ထပ်တိုက်ပွဲတခု လာတာက သဘာဝပဲ ဆိုတော့ စိုးရိမ် ကြောင့်ကြမှုတွေ အရပ်သားတွေမှာ ဖြစ်နေတယ်။ သူတို့ မနေရဲကြတော့ဘူး”ဟု အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၃ ရက်နေ့က ရသေ့တောင်မြို့နယ် ပြိန်းတောအုပ်စု ကုန်တန်းကျေးရွာမှ မူလတန်းပြ ဆရာမ ၁ ဦး လက်နက်ကြီး ကျည်ဆန် ထိမှန်ခဲ့သည့်အတွက် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သေးသည်။
ဒေသခံများ၏ အဆိုအရ တပ်မတော်သားများကို တင်ဆောင်လာသော ကမ်းထိုးစစ်ရေယာဉ် ၂ စီးက မေယုမြစ် ကြောင်းအတိုင်း စုန်ဆင်းလာပြီး မြစ်၏ ဟိုဘက်သည်ဘက် လမ်းကြောင်းရှင်းသည့် ပုံစံဖြင့် ပစ်ခတ်ခဲ့ရာမှ ကျေးရွာ အတွင်းသို့ လက်နက်ကြီး ကျည်ဆန် ကျရောက် ပေါက်ကွဲခြင်းဟု ဆိုကြသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကမူ “အဲဒီရွာနားမှာ ကျနော်တို့ စစ်သည် ၁ ယောက် မိုင်းထိသွားပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ယမန်နေ့က တိုက်ပွဲတွင် AA ဘက်မှ အကျအဆုံး များသည်ဟု ပြောနိုင်ခြင်းမှာ AA တို့သည် ၎င်းတို့ဘက်မှ တိုက်ပွဲ ကျသည့် အလောင်းများ၊ လက်နက်များကို အမြဲဆိုသလို ပြန်ကောက်လေ့ရှိရာ ယခုတကြိမ်တွင် အလောင်းပင် မကောက်နိုင်ဘဲ ပြန်ဆုတ်သွားရသည့်အတွက် ဖြစ်ကြောင်း တပ်မတော်ဘက်က ပြောသည်။
“ပြီးတော့ ဒီနေ့ မနက် ၂ နာရီခွဲ၊ ၃ နာရီလောက်မှာလည်း အရင်တခါ ကျနော်တို့ကို စွပ်စွဲနေတဲ့ ပဋိပက္ခ ဖြစ်ပွားတဲ့ နေရာတွေပေါ့။ ဘူးသီးတောင် ဖုန်ညိုလိပ်နေရာနဲ့ သိပ်ပြီး မဝေးပါဘူး။ အဲဒီ ၃၁ ဘုံ ဘုရားနားမှာ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားတယ်လို့ သိရပါတယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ဖေဖော်ဝါရီလ ၂ ရက်ကလည်း ရသေ့တောင်မြို့နယ်ထဲရှိ ပြိန်းတောကျေးရွာထဲသို့ လက်နက်ကြီး ကျည်ဆန် ကျ ရောက် ပေါက်ကွဲသည့်အတွက် ဒေသခံ တိုင်းရင်းသား ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့မှု ဖြစ်ပွားခဲ့သေးသည်။
လတ်တလောတိုက်ပွဲများကြောင့် မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့နယ်များတွင် စစ်ရှောင် ဒုက္ခ သည် ဦးရေမှာ တိုးလာနေပြီး စစ်ရှောင်ဦးရေ ၁ သိန်းကျော် ရှိလာကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
တပ်မတော်ကလည်း ယခုနောက်ပိုင်း တိုက်ပွဲတော်တော်များများတွင် ရဟတ်ယာဉ်များကို အသုံးပြု တိုက်ခိုက်မှု ပိုများလာနေပြီး သုံးသပ်ချက်များအရ မြေပြင်တွင် တပ်မတော်သားများ အထိနာမှု နည်းစေရန် လေကြောင်း ပစ်ကူ များကို မဖြစ်မနေ အသုံးပြုနေရကြောင်း တပ်မတော် သတင်းရင်းမြစ်တချို့က ပြောသည်။
၂၀၁၉ ခုနှစ်၊ မတ်လအတွင်းက တပတ်ကျော်ကြာ ဖြစ်ပွားခဲ့သော ကျောက်တော်မြို့နယ်အတွင်းက ဗုဒ္ဓေါရွာ အနောက် ဘက် တောင်တန်းတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင်းလည်း တပ်မတော်က တိုက်လေယာဉ်အပါအဝင် တိုက်ခိုက်ရေး ရဟတ်ယာဉ်များနှင့်ပါ နေ့၊ ည ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။
ထို့အပြင် ၂၀၁၉ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့က မြောက်ဦးမြို့နယ် ကိုးသောင်းဘုရာအနီးရှိ ရဲတပ်ရင်းနှင့် လေးမြို့ မြစ် ကမ်းဘေးရှိ တပ်မတော် လက်နက်ကြီး ယာယီစခန်းကို AA က လာရောက်တိုက်ခိုက်ခဲ့သည့် တိုက်ပွဲတွင်လည်း တပ်မတော်က ဂျက်ဖိုက်တာများနှင့် တိုက်ခိုက်ရေး ရဟတ်များဖြင့် အသုံးပြုကာ ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။
ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ ၁ နှစ်ကျော် ကြာမြင့်လာပြီ ဖြစ်ပြီး AA အပါအဝင် မြောက်ပိုင်း ၃ ဖွဲ့ တို့နှင့် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်က ဦးဆောင်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးနေသော်လည်း ယနေ့အချိန်ထိ တိုးတက်မှု မရှိသေးပါ။
AA သည် ၂၀၁၅ ခုနှစ်မှစ၍ ရခိုင်ပြည်နယ်တွင်းသို့ ထိုးဖောက် ဝင်ရောက်လာပြီး ချင်းပြည်နယ် ပလက်ဝဒေသတွင် စတင် ခြေကုပ်ယူခဲ့သည်။ နောက်ပိုင်းတွင် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ ကျောက်တော်၊ ရသေ့တောင်နှင့် ပုဏ္ဏား ကျွန်း၊ မင်းပြားနှင့် မြောက်ဦး မြို့နယ်များတွင် ဝင်ရောက် လှုပ်ရှားကာ တပ်စခန်းနေရာ အခိုင်အမာ ရရှိရန် ကြိုးစား လျက် ရှိသည်။
AA အဖွဲ့ကို ၂၀၀၉ ခုနှစ်၊ ဧပြီလ ၁၀ ရက်က ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် လူငယ် ၂၀ ကျော်ဖြင့် စတင် ဖွဲ့စည်းခဲ့သည်။
ဆက်စပ်လင့်-
ရသေ့တောင်တွင် မူလတန်းပြ ဆရာမ ၁ ဦး လက်နက်ကြီး ထိမှန်
AA နှင့် ဆက်စပ်သည့် ရုံးချိန်းများကို လုံခြုံရေး တင်းကြပ်
ရခိုင်စစ်ပွဲကြောင့် စစ်ဘေးရှောင် ၁သိန်း ၆သောင်းကျော်ရှိလာဟု REC ထုတ်ပြန်