မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ ၆၆ လမ်း၊ ၃၃ လမ်းနှင့် ၃၄ လမ်းကြားရှိ မန္တလေးပညာရေး ကောလိပ်ရှေ့မှ တိုင်းဒေသကြီး ပညာရေးမှူးရုံးရှေ့သို့ ချီတက် ဆန္ဒပြခဲ့ကြသည့် ကျောင်းသားကျောင်းသူများအနက် ဦးဆောင်သူ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် ၃ ဦးကို ငြိမ်းစုစီဥပဒေဖြင့် ယမန်နေ့ညက အမှုဖွင့်လိုက်သည်။
အမှုဖွင့်ခံထားရသူများမှာ ကျောက်ပန်းတောင်း အစိုးရ စက်မှုလက်မှုသိပ္ပံမှ ဗကသများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ကိုထူးခန့်သော်၊ မန္တလေးပညာရေး ကောလိပ်ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌ ကိုအောင်မျိုးကိုနှင့် ကယားပြည်နယ် ကျောင်း သားများ သမဂ္ဂ အဖွဲ့ဝင် မဇူးဇူးဇန်တို့ ဖြစ်ပြီး ချမ်းအေးသာစံ မြို့နယ်ရဲတပ်ဖွဲ့မှ ယာယီရဲမှူး ဇော်မိုးအောင်က တရားလို ပြုလုပ်၍ အမှတ် ၃ နယ်မြေ ရဲစခန်းတွင် ဖေဖော်ဝါရီ ၄ ရက်နေ့ ညက အမှုဖွင့်လှစ်ထားခြင်း ဖြစ်သည်။
“အမှု ဖွင့်ထားတာ ဟုတ်ပါတယ်။ ခွင့်ပြုချက် မယူဘဲ လမ်းမပေါ်တက်ပြီး ဆန္ဒ ထုတ်ဖော်ခဲ့ကြတာကြောင့် ငြိမ်းစုစီနဲ့ အမှု ဖွင့်ထားတာပါ၊ အခုအချိန်ထိ ဖမ်းဆီးထားတာမျိုး မရှိသေးပါဘူး”ဟု ချမ်းအေးမြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။
ဖြစ်စဉ်မှာ ယမန်နေ့က မန္တလေးပညာရေး ကောလိပ်ရှေ့တွင် မတ်လကုန်အထိ အခြေခံပညာကျောင်းများ စာမေးပွဲ စစ်ဆေးမည်ကို ရပ်တန့်ပေးရန်နှင့် စာမေးပွဲအချိန်စာရင်း အတိအကျထုတ်ပြန်ပေးရေးအတွက် ဆန္ဒပြတောင်းဆိုကြစဉ် ကျောင်းရှိ ဆရာမ တဦးက ကျောင်းထဲတွင် ဆန္ဒမပြရန် ပြောခဲ့သဖြင့် လမ်းပေါ်ထွက် ဆန္ဒပြရခြင်းဖြစ်ကြောင်း သိရသည်။
လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော်ရာတွင် မတ်လကုန်ထိ စာမေးပွဲစစ်ဆေးခြင်း ချက်ချင်းရပ်၊ သုတေသနကို အခြေ ခံသော ပညာရေးစနစ် အလိုမရှိ၊ အာဏာရှင်ဆန်သော ပညာရေးပြောင်းလဲမှု အလိုမရှိ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန် ရှိသူများ အမြန်ဆုံး လာရောက်ညှိနှိုင်းပေးရေး ဒို့အရေး စသည့် ကြွေးကြော်သံများဖြင့် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
“မနေ့က ဆန္ဒပြရတာကတော့ ကျနော်တို့ ကျောင်းသားတွေရဲ့လိုလားချက်တွေကို လာရောက်ညှိနှိုင်းပေးဖို့အတွက် ဝန်ကြီး ဌာနကို တောင်းဆိုတာပါ၊ ကျနော်တို့အနေနဲ့ ဇန်နဝါရီ ၇ရက်နေ့လောက်ကတည်းက ဖဲကြိုးစိမ်း လှုပ်ရှားမှုတွေ စတင်ခဲ့ တယ်၊ အဲဒီကနေ တဖြည်းဖြည်းချင်း အရှိန်အဟုန်မြှင့်ပြီး လှုပ်ရှားလာခဲ့တာ နောက်ဆုံး မရတဲ့အတွက် ကျနော်တို့ မန္တလေး ပညာရေးကောလိပ် ကျောင်းအုပ်ချုပ်ရေးယန္တရားကို ပိတ်ဆို့ တားဆီးပြီးတော့ လာရောက်ညှိနှိုင်းပေးဖို့ တောင်းဆို ခဲ့ပါ တယ်”ဟု ဗကသများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ကိုထူးခန့်သော်က ပြောသည်။
ဇန်နဝါရီလအတွင်းမှ စတင်၍ ကျောင်းသားများက ဆန္ဒပြမှုများ ဆက်တိုက် ပြုလုပ်နေလျက်ရှိရာ ဆန္ဒပြ တောင်းဆိုကြ သည့် ပညာရေးတက္ကသိုလ်နှင့် ပညာရေးကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူများကို အမှတ်လျှော့ ခြင်းများ ပြုလုပ် မည်ဆိုကာ သက်ဆိုင်ရာ ကျောင်းအာဏာပိုင်များက မိဘများထံ ဖိအားပေးခြိမ်းခြောက်နေမှု ပြုလုပ် နေခြင်း ကို လည်း အဆင့်မြင့်ပညာဦးစီးဌာနက ဖြေရှင်းသွားမည်ဟု အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဒေါက်တာ သိန်းဝင်းက ယမန်နေ့က ကြေညာချက် ထုတ်ပြန်ထားသည်။
ခွင့်ပြုချက်မရှိဘဲ အများပြည်သူသွားလာသည့် လမ်းမပေါ်တွင် စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်မှုအတွက် ပြဌာန်း ထားသည့် ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခံရလျှင် အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၃ လ (သို့မဟုတ်) ငွေဒဏ်၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်နိုင်သည်။
ဆက်စပ်ဖတ်ရှု့ရန်-
Food Court ကိစ္စဖြင့် မန္တလေးတက္ကသိုလ်ပါမောက္ခချုပ်ကို အငြိမ်းစားပေး
ဆန္ဒပြ၍ အခမ်းအနားများကို အလွဲမသုံးဖို့ ဒေါ်အောင်ဆန်းစုကြည် သတိပေး