မြန်မာနိုင်ငံတွင် လက်ရှိ ကျင့်သုံးနေသည့် လက်နက်နှင့် သက်ဆိုင်သည့် ဥပဒေများကို နိုင်ငံတဝှမ်းလုံး တပြေးညီ အာဏာ သက်ရောက်စေရန် ဥပဒေသစ်အနေဖြင့် ရေးဆွဲလျက်ရှိကြောင်း ပြည်ထဲရေး ဝန်ကြီး ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်သူက ယမန်နေ့ကပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။
ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက “လက်ရှိ ကျင့်သုံးလျက်ရှိတဲ့ လက်နက်နဲ့ သက် ဆိုင်တဲ့ ဥပဒေများဟာ လက်ရှိ အခြေအနေများနှင့် ကိုက်ညီမှု ရှိသော်လည်း ရှမ်းပြည်နယ် အပါအဝင် မြန်မာ နိုင်ငံ တဝှမ်းလုံးတွင် တပြေးညီ အာဏာသက်ရောက်စေရန် လက်နက် ဥပဒေသစ်ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရေးဆွဲလျှက်ရှိတယ်”ဟု ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဖြေကြားသည်။
ယမန်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မိုင်းရှုးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်း ထွန်းအေးက ရှမ်းပြည်နယ်တွင် လက်နက်နှင့် သက်ဆိုင်သော ဥပဒေများကို မည်သို့ ကျင့်သုံးလျှက် ရှိကြောင်းနှင့် နိုင်ငံတော်တဝှမ်းလုံး အာဏာ သက်ရောက်စေမည့် လက်နက်နှင့်သက်ဆိုင်သော ဥပဒေသစ် ရေးဆွဲပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းမေးခဲ့ခြင်း ဖြစ်ရာ ယင်းအပေါ် ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“ကျနော်တို့ နိုင်ငံမှာ လက်နက်နဲ့ သက်ဆိုင်တဲ့ ဥပဒေတွေက နယ်မြေဒေသ အသီးသီးမှာ တကွဲတပြားဆီ ကျင့်သုံးနေ တယ်။ ချမှတ်တဲ့ ပြစ်ဒဏ်တွေကလည်း ဥပဒေ တခုနဲ့ တခုမတူဘူး။ အဲဒီအတွက် ဥပဒေတွေကို ပြုပြင်ဖို့ အသစ်ရေးဆွဲဖို့ မေးခွန်းမေးတာပါ”ဟု ဦးစိုင်းထွန်းအေးက ပြောသည်။
ပြည်ထဲရေးဝန်ကြီးဌာန၏ ပြန်လည်ဖြေဆိုမှုတွင် လက်နက်များနှင့်သက်ဆိုင်သော ဥပဒေသစ်ကို ရေးဆွဲနေသည်ဟု ဆိုသော်လည်း မည်သည့်အချိန်တွင် ပြီးစီးမည်၊ ဥပဒေကြမ်းကို မည်သည့်အချိန်တွင် တင်သွင်းမည်၊ မည်သို့သော အချက်အလက်များ ပါဝင်မည် ဆိုသည့် အချက်များကိုမူ မသိရှိရသေးပေ။
သို့ဖြစ်ရာ ထိုရေးဆွဲနေသည့် ဥပဒေကြမ်း တင်သွင်းလာသောအခါ ပြည်စုံလုံလောက်ခြင်းရှိ၊ မရှိ စောင့်ကြည့် မည်ဖြစ်ပြီး တိုင်းရင်းသားဒေသများနှင့် လိုက်လျောညီထွေ ဖြစ်စေရန် ဝေဖန်ထောက်ပြမှုများ ပြုလုပ်သွား မည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းအေးက လွှတ်တော်အပြီး သတင်းထောက်များကို ပြောသည်။
မြန်မာနိုင်ငံတွင် လက်ရှိ ကျင့်သုံးနေသော လက်နက်နှင့် သက်ဆိုင်သည့် ဥပဒေများသည် ခေတ်မမီတော့ဘဲ တိုင်းရင်းသား ဓလေ့ထုံးတမ်းများနှင့်ပါ မကိုက်ညီသောကြောင့် အသစ်ရေးဆွဲပေးရန် လွှတ်တော် ကိုယ်စား လှယ်များက တောင်းဆိုနေ ကြခြင်း ဖြစ်သည်။
ကိုလိုနီခေတ်က ပြဌာန်းခဲ့သည့် ၁၈၇၈ ခုနှစ် လက်နက်များ အက်ဥပဒေသည် ရှမ်းပြည်နယ်တွင် တောင်ကြီး၊ ကလော၊ လာရှိုး၊ သီပေါ၊ အောင်ပန်း၊ ညောင်ရွှေ၊ လွိုင်လင်၊ ကျောက်မဲ၊ ပင်လုံ၊ မိုးနဲနှင့် ကျိုင်းတုံ စသည့် မြို့နယ် ၁၁ မြို့နယ်တွင် အာဏာ သက်ရောက်သည်။
၁၉၂၄ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော ရှမ်းပြည်နယ် လက်နက်အမိန့်မှာ အဆိုပါ ၁၁ မြို့နယ်မှ အပ အခြား ကျန်ရှိသော မြို့နယ် ၃၉ မြို့နယ်ပေါ်တွင် အာဏာသက်ရောက်သည်။
၁၈၉၅ ခုနှစ် ကချင်တောင်တန်းဒေသ မျိုးရိုးတူစုများ ဆိုင်ရာစည်းမျဉ်း ဥပဒေမှာမူ လားရှိုးခရိုင် မြောက်ပိုင်း သိန္ဒီ နယ်နှင့် မိုးမိတ်နယ်၊ ကိုးတောင် တောင်တန်းဒေသများတွင် နေထိုင်သော မျိုးရိုးတူအစုများဖြစ်သည့် ကချင်၊ ယောရင်၊ နုံ၊ မရူး၊ လရှီး၊ အဇီး၊ ချင်း(နာဂ)၊ ရှမ်း၊ ဂေါ်ရခါး စသည့် မျိုးနွယ်စုများ အပေါ်တွင် အာဏာ သက်ရောက် ပြန်သည်။
“ရှမ်းပြည်နယ်မှာ ကျင့်သုံးနေတဲ့ ဥပဒေတွေက ကိုလိုနီခေတ်မှာ ပြဌာန်းထားတဲ့ ဥပဒေတွေဖြစ်တယ်။ လက်ရှိ ၂၀၂၀ ခုနှစ်ဟာ ဒီမိုကရေစီခေတ် ရောက်နေပြီ လက်နက်နဲ့ပတ်သက်တဲ့ ဥပဒေတွေကို ခေတ်နဲ့လျော်ညီအောင် ပြုပြင်ဖို့ လိုတယ်”ဟု လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းအေးက ထောက်ပြသည်။
တိုင်းရင်းသား ဓလေ့ထုံးတမ်းအရ ဓားကိုင်ခြင်း၊ မိသားစု စားဝတ်နေရေး အရ တူမီးသေနတ်များဖြင့် အမဲ လိုက်သည့် ဓလေ့များသည် တောင်တန်းဒေသ ပြည်နယ်အသီးသီးတွင် ယနေ့တိုင် ရှိနေသည်။
“တူမီးသေနတ်တွေနဲ့ ယခုခေတ်မှာ တော်လှန်ပုန်ကန်ဖို့က မဖြစ်နိုင်တော့ဘူး။ ဒါပေမယ့် သူတို့ဝမ်းရေးအတွက် နိစ္စဓူ၀ လုပ်ငန်းစဉ်ထဲမှာ ဒါတွေကို အသုံးပြုနေတဲ့ အခါမှာ ဒီလူတွေ ဒါကြောင့် ဒုက္ခရောက်နိုင်တယ်”ဟု ဦးစိုင်းထွန်းအေးက ပြောသည်။
ယနေ့ ပြည်သူ့လွှတ်တော်တွင် ဦးစိုင်းထွန်းအေး အပြင် စဉ့်ကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဇော်ဝင်းမြင့် ကလည်း ခေတ်စနစ်နှင့် ဆီလျော်မှု မရှိတော့သော ၁၈၇၈ ခုနှစ်၊ လက်နက်များ အက်ဥပဒေအား မဖြစ်မနေ ပြင်ဆင်ခြင်း(သို့မဟုတ်) ပယ်ဖျက်ရန် အစီအစဉ် ရှိမ၊ ရှိ မေးခွန်း မေးမြန်းခဲ့ သေးသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဇော်ဝင်းမြင့်က “ရဲတွေကို အပြစ်တင်တာ မဟုတ်ဘူး။ ဥပဒေရဲ့ အားနည်း ချက်ပေါ့။ ဥပဒေမှာ ဒီလိုရှိနေရင် ဒီလို အရေးယူလို့ရတယ် ဆိုတဲ့ အနေအထားမျိုးတွေ မဖြစ်စေ ချင်ဘူး။ ပြည်သူကို အကာကွယ်ပေးတဲ့ ဥပဒေပဲ ဖြစ်ရမယ်။ ပြည်သူကို ဖိနှိပ်ချုပ်ချယ်တဲ့ ဥပဒေမျိုးလည်း မဖြစ်ရဘူး”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံးလျက်ရှိသည့် လက်နက်နှင့်သက်ဆိုင်သော ဥပဒေ၊ စည်းမျဉ်းဥပဒေနှင့် အမိန့် စုစုပေါင်း ၅ ခုရှိရာ ၎င်းတို့မှာ ၁၈၇၈ ခုနှစ် လက်နက်များ အက်ဥပဒေ၊ ၁၈၉၅ ခုနှစ် ကချင်တောင်တန်းဒေသ မျိုးရိုးတူစုများဆိုင်ရာ စည်းမျဉ်းဥပဒေ၊ ၁၉၂၄ ခုနှစ် ရှမ်းပြည်နယ် လက်နက်အမိန့်၊ ၁၉၄၈ ခုနှစ် ချင်းပြည်နယ် လက်နက်ဆိုင်ရာ ပြဌာန်းချက်များ၊ ၁၉၄၉ ခုနှစ် လက်နက်အရေးပေါ် ပြစ်ဒဏ်စီရင်မှု ယာယီအက်ဥပဒေနှင့် ၁၉၅၁ ခုနှစ် လက်နက်ယာယီ ပြင်ဆင်ချက် အက်ဥပဒေ တို့ဖြစ်သည်။
You may also like these stories:
အခြေခံ ဥပဒေ ပြင်ဆင်ရေးနဲ့ ကချင်တွေရဲ့ မျှော်လင့်ချက်
ရသေ့တောင် တိုက်ပွဲ ပြင်းထန်၊ AA အကျအဆုံးများဟု တပ်မတော်ပြော
ဘူးသီးတောင် ဆင်သည်ပြင် မွတ်စလင်ရွာသား ၁ ဦး ကျည်ထိမှန်