ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) ဗဟိုဌာနချုပ် လွိုင်တိုင်းလျဲန်း တွင် ပြုလုပ်မည့် ရှမ်းပြည်အမျိုးသားနေ့ အခမ်းအနားကို တပ်မတော်စစ်ဆေးရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်း တက်ရောက်မည်ဖြစ်သည်။
ရှမ်းပြည်အမျိုးသားနေ့ အခမ်းအနားကို ထိုင်း-မြန်မာ နယ်စပ်ရှိ RCSS ဗဟိုဌာနချုပ်တွင် ဖေဖေါ်ဝါရီ ၇ ရက်နေ့ ကျင်းပမည်ဖြစ်ပြီး ထိုအခမ်းအနားသို့ တက်ရောက်ရန် ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်းနှင့် တပ်မတော် ကိုယ်စားလှယ်များ ယနေ့ ရောက်ရှိနေပြီ ဖြစ်သည်။
RCSS ဗဟိုဌာနချုပ်သို့ တပ်မတော်ပိုင်းက အဆင့်မြင့်ဆုံး ခေါင်းဆောင်တဦး၏ ပထမဆုံး ခရီးစဉ်လည်း ဖြစ်ပြီး ထိုခရီးစဉ်ကြောင့် တပ်မတော်နှင့် RCSS တို့အကြား နှစ်ဘက်ဆက်ဆံရေး ပိုမိုကောင်းမွန်လာရန် မျှော်လင့် နေမှုများလည်း ရှိသည်။
ယခုခရီးစဉ်တွင် ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်းနှင့် အတူ တြိဂံတိုင်း နှင့် အရှေ့အလယ်ပိုင်းတိုင်း တို့မှ တပ်ဘက်ဆိုင်ရာ ခေါင်းဆောင်များလည်း ပါဝင်သည်။ ထို့အတူ အစိုးရဘက်မှလည်း ပြည်ထောင်စု ရှေ့နေချုပ် လည်းဖြစ် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ဒုဥက္ကဋ္ဌလည်း ဖြစ်သည့် ဦးထွန်းထွန်းဦး ဦးဆောင်သည့် အဖွဲ့များလည်း ရောက်ရှိလာပြီဖြစ်သည်။
ရှမ်းပြည်အမျိုးသားနေ့ကို ရှမ်းလူထုခေါင်းဆောင်များနှင့် စော်ဘွားများ ဦးဆောင်ကာ ရှမ်းပြည်နယ် ပင်လုံမြို့တွင် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့မှ ၁၂ ရက်နေ့ အထိ ၁၀ ရက်ကြာ ပြုလုပ်ခဲ့သော ပင်လုံညီလာခံမှ အစပြုခဲ့ခြင်း ဖြစ်သည်။
ထိုပင်လုံညီလာခံမှ ဆုံးဖြတ်ချက် အရ ဖေဖော်ဝါရီလ ၇ ရက်နေ့ကို ရှမ်းပြည်နယ်နေ့ (သို့) ရှမ်းအမျိုးသားနေ့ အဖြစ် သတ်မှတ်ခဲ့ပြီး ပင်လုံစာချုပ် ရေးထိုးခဲ့ကြသော ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို ပြည်ထောင်စုနေ့ အဖြစ် သတ်မှတ်ခဲ့သည်။
ပင်လုံစာချုုပ် လက်မှတ်မရေးထိုးမီ တရက်အလို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ရှမ်းပြည်နယ် ကောင်စီ (SSC) ဥက္ကဋ္ဌ ဝစ်ခွန်ပန်းစိန် က ဖေဖော်ဝါရီလ ၇ ရက်နေ့ကို ရှမ်းပြည်အမျိုးသားနေ့ အဖြစ် သတ်မှတ်ခဲ့သလို ဝါစိမ်းနီနှင့် အဖြူရောင်လဝန်း အလံကို ရှမ်းပြည်အလံတော် အဖြစ်ချမှတ်ခဲ့ပြီး ခေးတိုင်းခေးရာဇာ သီချင်းကို ယာယီ အမျိုးသား သီချင်း အဖြစ် သတ်မှတ်ကြောင်းထုတ်ပြန်ခဲ့သည်။
ထိုနေ့မှစ၍ နှစ်စဉ်နှစ်တိုင်း ရှမ်းပြည်အမျိုးသားနေ့ကို ရှမ်းတိုင်းရင်းသား၊ တိုင်းရင်းသူများက အစဉ်မပြတ် ကျင်းပခဲ့ပြီး နောက်ပိုင်းတွင် ရှမ်းပြည်နယ် နေ့ အဖြစ်လူသိများလာကြသည်။
You may also like these stories:
လက်နက်ဥပဒေသစ် ရေးဆွဲနေဟု ပြည်ထဲရေး ဒုဝန်ကြီးပြော
အခြေခံ ဥပဒေ ပြင်ဆင်ရေးနဲ့ ကချင်တွေရဲ့ မျှော်လင့်ချက်