အဂတိမှုဖြင့် တရားစွဲဆို ခံထားရသည့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမား သံအရာရှိဟောင်း ဦးစန်းမောင်ဦး နှင့် မိသားစုဝင်များက သတင်းရယူနေသော သတင်းသမားများကို အနှောင့်အယှက် ဖြစ်စေရန် ပြောဆိုခြင်း၊ ကိုယ်ထိ လက်ရောက် ကျူးလွန်ခြင်းများ ပြုလုပ်ကြောင်း သတင်းသမားများက ပြောသည်။
ရန်ကုန်တိုင်း တရားရုံးတွင် ဖေဖော်ဝါရီလ ၄ ရက်နေ့က ရုံးထုတ်သည့် ၇ ကြိမ်မြောက် ရုံးချိန်း၌ ဦးစန်းမောင်ဦးအား တရားခွင်မှ ပြန်လည် ခေါ်ဆောင်ပြီး တရားရုံး ပြင်ပ ရောက်လာစဉ် ဓာတ်ပုံသတင်း ယူနေသော ဧရာဝတီ သတင်း ထောက်ကို ဦးစန်းမောင်ဦးက ခြေထောက်ဖြင့် ကန်ကျောက်မှု ပြုလုပ်ခဲ့သည်။
ဧရာဝတီ ဓာတ်ပုံ သတင်းထောက် ကိုထက်ဝေက“ကျနော်တို့ နားလည် ထားတာက တရားရုံး ပရဝုဏ် မဟုတ်ဘဲနဲ့ တရားရုံးပြင်ပမှာ ဓာတ်ပုံ ရိုက်ခွင့် ရှိတယ်၊ အပြင်ရောက်လာတဲ့ အခါ သူက ထီးနဲ့ တကိုယ်လုံးလိုလို ကွယ်ထားတော့ ဓာတ်ပုံ ရိုက်ရတာ မရလို့ ကျနော်က ဖုံးကင်မရာနဲ့ ခါးကိုကုံး ကိုယ်ကို နှိမ့်ရိုက်ဖို့ လုပ်တဲ့အချိန်မှာ သူက မထင်မှတ်ဘဲ ဖြတ်ကန်လိုက်တယ်၊ ကျနော့် ဘယ်ဘက် လက်ကို ကန်မိသွားတယ်”ဟု ပြောပြသည်။
ထိုသို့ ဖြစ်ပွားစဉ် ဦးစန်းမောင်ဦးကို လုံခြုံရေးယူ ခေါ်ဆောင်လာသည့် ရဲ တပ်ဖွဲ့ဝင် တဦးလည်း ရှိကြောင်း၊ ထို ရဲ တပ်ဖွဲ့ဝင်က မည်သည့် ဟန့်တား ပြောဆိုမှုမျှ မပြုလုပ်သည်ကို အံ့သြမိကြောင်းလည်း ၎င်းက ပြောသည်။
ထို ဖြစ်ရပ်နှင့်ပတ်သက်ပြီး တိုင်းတရားရုံးရှိ သတင်းနှင့် ပြန်ကြားရေးဌာနသို့ သွားရောက် ပြောကြားသည့်အခါ တာဝန် ရှိသူသည် အစည်းအဝေး သွားနေကြောင်း၊ တရားရုံးပြင်ပတွင် ဖြစ်ပွားသည့် ပြဿနာသည် ၎င်းတို့နှင့် မသက်ဆိုင်ဟု ပြန်လည် ပြောကြားကြောင်း၊ ထိုကဲ့သို့ ထပ်မံဖြစ်ပွားပါက ချက်ချင်း လာရောက် တိုင်ကြားနိုင်ကြောင်း ပြောကြားသည် ဟု သိရသည်။
မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ အဖွဲ့ဝင် ဦးဇေယျာလှိုင်က“ကျနော် နားလည်တာကတော့ သတင်းဆရာတွေက အများပြည်သူ သိပိုင်ခွင့်ကို ဖြည့်ဆည်းနိုင်တဲ့ အလုပ်ကို လုပ်တာဖြစ်တယ်၊ နာကျင်အောင် လုပ်တယ်ဆိုရင် နာကျင် စေမှုနဲ့ အမှုဖွင့်လို့ရတာ ရှိပါတယ်၊ အဲဒီနေရာမှာ တရားဥပဒေ စိုးမိုးရေးကို ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ ရှိတယ် ဆိုရင် သူတို့က ဝင်ရောက် တားမြစ်ဖို့ သင့်ပါတယ်”ဟု ပြောသည်။
ရဲတပ်ဖွဲ့ အနေနှင့် တရားဥပဒေ စိုးမိုးရေး တာဝန်ယူထားသည့် အတွက် သူ့ရှေ့တွင် ဥပဒေနှင့် မညီသော လုပ်ရပ် ဖြစ်လာပါက တားမြစ်ရန် လိုအပ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။
ဦးစန်းမောင်ဦး၏ ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်က ၅ ကြိမ်မြောက် ရုံးချိန်းတွင်လည်း ဦးစန်းမောင်ဦး၏ မိခင် ဖြစ်သူက သတင်း ယူနေသော သတင်းထောက် တဦးကို “သတင်းရေးမှ ထမင်းစားရမယ့် ကောင်တွေ”ဟု ပြောဆိုမှု ဖြစ်ပွားခဲ့ သေးသည်။
ထိုသို့ ပြောဆိုခံရသော သတင်းထောက်က မိခင်ဌာနမှ တာဝန်ရှိသူများ၏ ခွင့်ပြုချက် မတောင်းခံရသေး သဖြင့် ၎င်း၏ အမည်နှင့် သတင်းဌာနကို ဖော်ပြခြင်း မပြုစေလိုကြောင်း ပြောသည်။
ဦးဇေယျာလှိုင်က“ကျနော်တို့ကို ဂုဏ်သိက္ခာ ကျဆင်းအောင် ပြောဆိုတယ်ဆိုရင် အသရေဖျက်မှုဆိုတဲ့ ပုဒ်မရှိပါတယ်။ နံပါတ် ၁ က ဒါမျိုးမလုပ်အောင် တားမြစ်ဖို့ လိုတယ်။ ဒီထက်ပိုပြီး ကျော်လာရင်တော့ ဥပဒေအရ လုပ်ခွင့်ရှိပါတယ်”ဟု ပြောသည်။
တရားခွင်ကို စိတ်ဝင်စားသူ မည်သူမဆို လွတ်လပ်စွာ လာရောက် နားထောင်ခွင့်ရှိသလို သတင်းသမားများက တရား ရုံး များတွင် သတ်မှတ်ထားသော စည်းကမ်းနှင့်အညီ လွတ်လပ်စွာ သတင်းရယူခွင့်ရှိသည်ဟုလည်း ၎င်းက ပြောဆို သည်။
၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်နေ့ ဒုတိယ အကြိမ် ရုံးချိန်းတွင်လည်း ဦးစန်းမောင်ဦးက ဧရာဝတီ သတင်းထောက် တဦး ဖြစ်သော မလဲ့လဲ့အား တရားခွင်ထဲတွင် သတင်းယူခွင့် မရှိကြောင်းကို လက်ညှိုးထိုး၍ ဒေါသသံဖြင့် အော်ဟစ် ပြောဆိုမှု ပြုလုပ်ခဲ့သည်။
ဧရာဝတီ သတင်းထောက် မလဲ့လဲ့က“ကျမကို ဘယ်က သတင်း ထောက်လဲ။ တရားခွင်ထဲ သတင်းယူလို့မရတာ မသိ ဘူးလားလို့ လက်ညှိုးထိုးပြီး ပြောတယ်။ အဲဒီအချိန်မှာ သူပြောတာက ဒေါသ အသံနဲ့ မျက်လုံးကြီးပြူးပြီး ပြောတာပါ။ အဲဒါ ဒုတိယမြောက် ရုံးချိန်းမှာပါ”ဟု ရှင်းပြသည်။
ဦးစန်းမောင်ဦး၏ ဇနီးဖြစ်သူကလည်း ဧရာဝတီ သတင်းထောက်ကို တရားခွင်ထဲ ဝင်၍ ရကြောင်း၊ သို့သော် သတင်း ရေးခွင့် မရှိကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။
ထိုကိစ္စနှင့်ပတ်သက်၍လည်း သတင်းမီဒီယာ ကောင်စီ အဖွဲ့ဝင် ဦးဇေယျာလှိုင်က“တရားရုံး သတင်းမီဒီယာလက်စွဲကို ပြန်ကြည့်မယ် ဆိုရင် တရားရုံးတိုင်းမှာ သတင်းအချက်အလက် ထုတ်ပေးရေး အရာရှိဆိုတာ ရှိတယ်။ တရားခွင် ထဲကို ဝင်ရောက်ဖို့ သူတို့ကပဲ ခွင့်ပြုနိုင်တယ်။ လိုအပ်ရင် တားဆီးနိုင်တယ်။ ကျန်တဲ့ တခြားမည်သူကမှ ကျနော်တို့ကို သတင်း မယူနဲ့လို့ တားဆီးခွင့် မရှိဘူး”ဟု ပြောဆိုသည်။
သတင်းမီဒီယာ ဥပဒေ အခန်း ၃၊ ပုဒ်မ ၄ (ဃ)တွင်လည်း သတင်းမီဒီယာ သမားတဦးက သက်ဆိုင်ရာဌာန အဖွဲ့ အစည်း က သတ်မှတ်ထားသော စည်းကမ်းနှင့်အညီ အစိုးရရုံး၊ ဌာန အဖွဲ့အစည်းများတွင် သတင်း အချက် အလက် ရယူခွင့်၊ နေရာထိုင်ခင်း ရယူခွင့်၊ ဝင်ထွက်သွားလာခွင့် ရှိသည်ဟု ဆိုထားသည်။
ဦးစန်းမောင်ဦး၏ လက်ရှိ အမှု ရုံးချိန်းများတွင် သတင်း မီဒီယာများက သက်ဆိုင်ရာ ရှေ့နေများကို မေးမြန်းခွင့် မရရန် နည်းမျိုးစုံဖြင့် နှောင့်ယှက်ခြင်းများ ရှိကြောင်းလည်း သတင်းသမားများက ပြောသည်။
ဦးဇေယျာလှိုင်က“တရားရုံးပြင်ပ ဆိုရင် ရဲ အရေးပိုင်တယ်။ ရဲနဲ့ အမှုသည်နဲ့အတူ ပါလာတဲ့ ရှေ့နေကို ကိုယ်က မေးတာကို တွန်းတယ်။ တိုက်တယ်။ ထိုးတယ်။ တခုခု နာကျင်အောင် လုပ်တယ် ဆိုရင်တော့ နာကျင် စေမှု ဥပဒေ ပုဒ်မတွေ ရှိပါတယ်။ ကျနော်တို့မှာ သတင်းမေးခွင့် ရှိပါတယ်။ သူတို့မှာလည်း မဖြေချင်ပါဘူးလို့ ငြင်းဆိုခွင့် ရှိပါတယ်” ဟု ပြောဆိုသည်။
ယခု ဖြစ်ရပ်များအား သတင်း မီဒီယာကောင်စီသို့ တင်ပြပါက သတင်းသမားများ၏ လွတ်လပ်စွာ သတင်းရယူခွင့် ယခု ထက်ပိုမို ရရှိရန် သက်ဆိုင်ရာ တရားရုံးဆိုလျှင် တရားရုံးအရာရှိအား လည်းကောင်း၊ ရဲတပ်ဖွဲ့ဆိုလျှင် ရဲတပ်ဖွဲ့ အရာရှိ ကို လည်းကောင်း တိုက်တွန်းမှုမျိုး ပြုလုပ်ပေးနိုင်မည်ဟုလည်း ဆိုသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦးသည် အလုပ်ခေါ်စာ (Demand Letter) များကို ခွင့်ပြုမိန့် အမြန် လက်မှတ်ရေးထိုးခြင်းနှင့် ပတ်သက်၍ ကုမ္ပဏီ ၁၂ ခုထံမှ လာဘ်ငွေ ထိုင်း ဘတ်ငွေ ၅၇၄၃၀၀ (ငွေကျပ် ၂၇၉ သိန်းခန့်) ကို တောင်းခံ ရယူခဲ့ကြောင်း၊ ထို့ပြင် ပြည်ပအလုပ်အကိုင် အေဂျင်စီ ကုမ္ပဏီများက အလုပ် သမား အမည်စာရင်း (Name List) များ တင်ပြရာတွင် အလုပ်သမား ၁ ဦးလျှင် ထိုင်းဘတ်ငွေ ၁၀၀ နှုန်းဖြင့် ကုမ္ပဏီ ၁၆ ခု ထံမှ ထိုင်း ဘတ်ငွေ ၃၈၇၃၀၀၀ (ငွေကျပ် ၁၈၁၅ သိန်းခန့်)ကို လက်ခံရယူခဲ့ကြောင်း ဖော်ပြ၍ အရေးယူပေးရန် အဂတိကော် မရှင်သို့ ၂၀၁၉ ခုနှစ် ဧပြီလက တိုင်ကြား ခံခဲ့ရကြောင်း သိရသည်။
တိုင်ကြားစာနှင့် ပတ်သက်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ စုံစမ်း စစ်ဆေးရာတွင် ကုမ္ပဏီများထံမှ လာဘ်ငွေအဖြစ် ထိုင်း ဘတ်ငွေများကို တောင်းခံရယူခြင်းဖြင့် ရာထူးတာဝန်ကို အလွဲ သုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သောကြောင့် အဂတိကော်မရှင်က တရားလို ပြုလုပ်၍ တရား စွဲဆိုခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါ ဦးစန်းမောင်ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ် ၅၆ ဖြင့် တရားစွဲဆို အရေးယူထားခြင်း ဖြစ်သည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ တွင် နိုင်ငံရေးရာထူး လက်ရှိဖြစ်သူမှအပ အခြားလုပ်ပိုင်ခွင့် အာဏာ ရှိသူ မည်သူမဆို လာဘ်ပေးလာဘ်ယူ ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို ၁၀ နှစ်ထက် မပို သော ထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
You may also like these stories:
သံအရာရှိ အဂတိမှု သံသယဖြစ်ဖွယ်ရာ ငွေလွှဲပြောင်းမှုများ တွေ့ထားဟုဆို
အလုပ်သမား သံအရာရှိဟောင်း အဂတိလိုက်စားမှုမှ ဘဏ်စာရင်းသက်သေအား တရားရုံးလက်ခံ
အလုပ်သမား သံအရာရှိဟောင်း၏ အဂတိအမှု ရဲမလာ၍ မစစ်ဆေးဖြစ်
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ အလုပ်သမား သံအရာရှိကို အဂတိ လိုက်စားဖြင့် အရေးယူ