သတင်း

ICJ ကြားဖြတ်အမိန့် မြန်မာ လိုက်နာရေး ထုတ်ပြန်ရန် ကုလလုံခြုံရေးကောင်စီ သဘောကွဲ

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် မြောက်ပိုင်းနေ မွတ်ဆလင် သတ်ဖြတ်မှုများနှင့် အခြားသော ရက်စက်မှုများကို တားဆီးရေး အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၏ အမိန့်ကို လိုက်နာရန် တောင်းဆိုသော ကြေညာချက်တခု ထုတ်ပြန်ရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC) က ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် သဘောတူညီချက် မရခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ပြုလုပ်ခဲ့သော ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးတခုတွင် မြန်မာနိုင်ငံ၏ မဟာမိတ်ဖြစ်သော တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံကဲ့သို့ အာဆီယံ အဖွဲ့ဝင် ဖြစ်သော ဗီယက်နမ် နိုင်ငံတို့က ကြေညာချက်ကို ကန့်ကွက်ခဲ့ကြောင်း အမည်မဖော်လိုသူ သံတမန်များကို ကိုးကား၍ AP သတင်းဌာနက ဖော်ပြခဲ့သည်။

ဇန်နဝါရီလနှောင်းပိုင်းတွင် ICJ က လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက် လိုက်နာခြင်းနှင့် အဆိုပါ ဆောင်ရွက်မှုများကို အကောင်အထည်ဖော်ခြင်းနှင့် ပတ်သက်၍ အရေးတကြီးဆောင်ရွက်ရမည့် အချက် ၄ ချက်ကို ထုတ်ပြန်ခဲ့သည်။

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ရခိုင်ပြည်နယ် မြောက်ပိုင်းနေ မွတ်ဆလင်များအား လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ကြောင်း စွပ်စွဲကာ အစ္စလမ်မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား နိုဝင်ဘာလတွင် တရားစွဲဆိုခဲ့သည်။ အဆိုပါ အမှုက နှစ်နှင့် ချီ၍ ကြာမြင့်နိုင်သည့်အတွက် တရားရုံးက မြန်မာနိုင်ငံအပေါ် ကြားဖြတ် အစီအမံများ ချမှတ်ပေးရန် ဂမ်ဘီယာနိုင်ငံက တောင်းဆိုခဲ့သည်။

၂၀၁၇ ခုနှစ်နှောင်းပိုင်းတွင် ရခိုင် ရိုဟင်ဂျာ ကယ်ဆယ်ရေး တပ်မတော် (ARSA) က ရဲတပ်ဖွဲ့ စခန်းများကို ဆက်တိုက် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့် အတွက် အစိုးရလုံခြုံရေးတပ်ဖွဲ့များက တုန့်ပြန်သည့် အနေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် နယ်မြေ ရှင်းလင်းရေး စစ်ဆင်ရေးများ ပြုလုပ်ခဲ့ပြီး နောက်ပိုင်းတွင် ရခိုင်ပြည်နယ် မြောက်ပိုင်းနေ မွတ်ဆလင် ၇၀၀၀၀၀ ကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့ကြသည်။

ကုလသမဂ္ဂစုံစမ်းစစ်ဆေးသူများက ထိုစစ်ဆင်ရေးများသည် “လူမျိုးတုံးသတ်ဖြတ်ရန် ရည်ရွယ်ချက်” ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ မြန်မာအစိုးရနှင့် တပ်မတော်တို့ က အဆိုပါ စွပ်စွဲချက်များကို ငြင်းဆန်ခဲ့ကြသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် လုံခြုံရေး ကောင်စီ၌ သဘောတူညီချက် မရရှိခဲ့သော်လည်း လုံခြုံရေး ကောင်စီမှ ဥရောပ သမဂ္ဂအဖွဲ့ဝင်များက နိုင်ငံတကာ ဥပဒေအရ လိုအပ်သော ICJ ၏ ကြားဖြတ် အစီအမံများကို လိုက်နာဆောင်ရွက်ရန် မြန်မာနိုင်ငံကို တိုက်တွန်းသည့် ပူးတွဲကြေညာချက် တစောင်ကို ထုတ်ပြန်ခဲ့ကြသည်။

“လူ့အခွင့်အရေးနှင့် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ဥပဒေများကို ချိုးဖောက်မှု ကျူးလွန်သူများကို တာဝန်ခံစေရေးက ဤလုပ်ငန်းစဉ်၏ အဓိကအစိတ်အပိုင်းဖြစ်သည်” ဟု ကြေငြာချက်က ဆိုသည်။ ရခိုင် ပြည်နယ်တွင် သာမက ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင်လည်း ပဋိပက္ခများ၏ အရင်းအမြစ် အကြောင်းရင်းများကို ကိုင်တွယ် ဖြေရှင်းရန် မြန်မာနိုင်ငံကို တောင်းဆိုခဲ့သလို ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များ မြန်မာနိုင်ငံသို့ မိမိဆန္ဒအလျှောက် ဘေးကင်း လုံခြုံစွာ ပြန်နိုင်ရေး အခြေအနေများ ဖန်တီးပေးရန်လည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ၏ ပူးတွဲကြေညာချက်တွင် တောင်းဆိုထားသည်။

You may also like these stories:

ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ ICJ သို့ သွားရောက် ခုခံဖြေရှင်းသည့်အပေါ် သုံးသပ်ချက်များ

ICJ က ဂမ်ဘီယာနှင့် မြန်မာကို လျှောက်လှဲချက်တင်ရန် ၆ လအချိန်ပေး

နိုင်ငံတကာပြစ်တင်ရှုတ်ချမှု အခြေအမြစ် မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading