ရန်ကုန် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓ သာသနာပြု တက္ကသိုလ်တွင် ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒကို ဒုတိယ ပါမောက္ခချုပ်အဖြစ် ခန့်အပ်ရန် နိုင်ငံတော် သံဃမဟာနာယကက သဘောတူထားပြီဖြစ်ကြောင်း သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးဇာနည်ဝင်းက ပြောသည်။
ဦးဇာနည်ဝင်းက “ကျနော်တို့ လက်ရှိအနေအထားရ ဒေါက်တာ အရှင်ဆေကိန္ဒကို ခန့်အပ်ဖို့က ကျနော်တို့တော့ မပါဘူး။ သံဃ ကိစ္စကို သံဃာတွေပဲ ဆောင်ရွက်တာပါ” ဟု ဆိုသည်။
ယခင် ဦးသိန်းစိန် အစိုးရ လက်ထက်က ဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒသည် တပ်မတော်အသိုင်းအဝိုင်းနှင့် နီးစပ်ခဲ့ သလို ၂ဝ၁၂ ခုနှစ် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ဘင်္ဂါလီ အရေးအခင်းများတွင်လည်း အစိုးရပိုင်း အကြီးအကဲများက သွားရောက် တိုင်ပင်အကြံဉာဏ် ရယူခဲ့သည်ဆိုသည့် သတင်းများရှိခဲ့သည်။
သို့သော် လက်ရှိအချိန်တွင် ဆရာတော်အနေဖြင့် အရောင်အသွေးမပါသော ပရဟိတ လုပ်ငန်းများနှင့် ဗုဒ္ဓစာပေနှင့် ဝိပဿနာ တရားတော်များကိုသာ အစဉ်တစိုက် လုပ်ကိုင်နေပြီး အစိုးရအပေါ် ဝေဖန်ခြင်း၊ နိုင်ငံအပေါ် ဖျက်လိုဖျက်ဆီး လုပ်ခြင်းမျိုး မရှိသည့် လုပ်ရပ်များက သက်သေပင်ဖြစ်သည်ဟု သူက ဆက်ပြောသည်။
ဦးဇာနည်ဝင်းက “စိုးရိမ်စရာ မရှိပါဘူး။ တပ်ဘက်က အရာရှိကြီးဟောင်းတွေ ချဉ်းကပ်တိုင်း နီးစပ်တယ်လို့တော့ ပြောလို့မရဘူး။ ဦးဝီရသူဆို အရင် ဦးသိန်းစိန်အစိုးရ လက်ထက်မှာ ဦးအောင်သောင်းတို့လို လူတွေနဲ့ နီးကပ်ခဲ့တယ်။ အစိုးရအပေါ် နည်းမျိုးစုံနဲ့ တိုက်ခိုက်တာပဲ။ နီးစပ်တာက နီးစပ်တာ။ လက်ရှိ အစိုးရအပေါ် အမြင်ရှင်းပြီး ကိုယ့်အလုပ် ကိုယ်လုပ်နေတဲ့ ဆရာတော်တပါးပါ” ဟု ဆိုသည်။
၎င်းက “ဘယ်အစိုးရတက်တက် ဆရာတော်တွေကို ချဉ်းကပ်တာက ရှိမှာပဲ။ ကိုယ့်အလုပ် ကိုယ်လုပ်လား၊ မလုပ်လား ဒါပဲ ဝေဖန်ရမှာ။ ဘုရားရှင် ဟောကြားထားတဲ့အထဲမှာလည်း ပါတာပဲ။ ရဟန်းသံဃာတော်တွေဟာ ဒူရနှစ်ဖျာဖြစ်တဲ့ စာပေသင်မလား၊ တရားအားထုတ်မလား။ ဒါပဲလေ” ဟု ဆိုသည်။
ဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒသည် သက်တော် ၆၂ နှစ်ရှိပြီး နိုင်ငံတော်မှ ချီးမြှင့်သော မဟာသဒ္ဓမ္မ ဇောတိကဓဇ၊ မဟာဂန္ထဝါစကပဏ္ဍိတ၊ ဓမ္မကထိက ဗဟုဇနဟိတဓရ၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ တက္ကသိုလ် MA(Buddhism)နှင့် ပါရဂူဘွဲ့များကို ရရှိထားသူဖြစ်သည်။
အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဒုပါမောက္ခချုပ် ရာထူးအတွက် သက်တော် ၅ဝ၊ သိက္ခာ တော်ဝါ ၃ဝ၊ ပါရဂူဘွဲ့ ရရှိထားပြီး အင်္ဂလိပ်ဘာသာ ကျွမ်းကျင်ကာ ရဟန်းရှင်လူများ လေးစားထိုက်သော ကျမ်းစာအုပ်များ ရေးသားပြုစုဖူးသော ဆရာတော်ဖြစ်ရန်၊ ပရိယတ္တိ စာမေးပွဲ အနည်းဆုံး ၃ ခု အောင်မြင်ရမည်ဟု တက္ကသိုလ် ဥပဒေတွင် ပြဌာန်းထားသည်။
ဆရာတော်သည် ပါမောက္ခချုပ်နှင့် ဒုပါမောက္ခချုပ် သက်မှတ်ချက်တွင် ပါဝင်သည့် ဘိဝံသ ဘွဲ့မရခဲ့သော်လည်း နိုင်ငံတကာမှ ဗုဒ္ဓ စာပေနှင့် ဝိပဿနာ တရားအားထုတ်ရန် လာရောက် တက်ကြသော နိုင်ငံခြားသား သင်တန်းသူ၊ သင်တန်း သားများအတွက် အင်္ဂလိပ်ဘာသာဖြင့် ပါဠိဘာသာများကိုပင် သင်ကြားပေးနိုင်သည့် အကြောင်းအရင်းက အဓိက ဖြစ်ကြောင်း သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယ အမြဲတန်းအတွင်းဝန် ဦးဇာနည်ဝင်းက ပြောသည်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓ သာသနာပြု တက္ကသိုလ်တွင် ပါမောက္ခချုပ် ဆရာတော်ရာထူးမှာ လတ်တ လောတွင် လစ်လပ်နေဆဲဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းဥပဒေအတိုင်း ဆရာတော်အား ဒုတိယပါမောက္ခချုပ်အဖြစ် အစမ်း ၁ နှစ်ခန့်ထားပြီးမှ ပါမောက္ခချုပ်အဖြစ် နိုင်ငံတော် သြဝါဒ ဆရာတော်များ၏ သဘောတူညီချက်ဖြင့် ခန့်အပ်မည် ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓတက္ကသိုလ်တွင် ပါမောက္ခချုပ်နှင့် ဒု ပါမောက္ခချုပ်တို့သည် ရာထူးမှ အသီးသီး အနားယူသွားပြီ ဖြစ်ရာ နိုင်ငံတော် သြဝါဒဆရာတော်များမှ ခန့်အပ်တာဝန်ပေးရန် ဆောင်ရွက်ရခြင်း ဖြစ်သည်ဟု သိရသည်။
အဆိုပါ ဗုဒ္ဓတက္ကသိုလ်တွင် ပါမောက္ခချုပ်အဖြစ် ၁၄ နှစ်ကြာ တာဝန်ယူခဲ့သည့် ဆရာတော် ဒေါက်တာဘဒ္ဒန္တ နန္ဒမာလာ ဘိဝံသသည် အသည်းတွင် အကြိတ် ဖြစ်ပွားနေသည့် အတွက် ဆေးကုသမှု ခံယူရန် ရာထူးမှ ၂ဝ၁၉ ခုနှစ် နိုဝင်ဘာလ တွင် အနားယူခဲ့သည်။
ထို့အပြင် ဒုတိယ ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ စန္ဒာဝရာ ဘိဝံသသည်လည်း ၂ဝ၁၉ ခုနှစ် အောက်တိုဘာလ အတွင်းက အနားယူခဲ့သည်။
You may also like these stories:
နိုင်ငံရေး ဆွေးနွေးမှုများ အလုပ်မဖြစ်ဟု KNU ဥက္ကဋ္ဌပြော
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရေး ကရင်နီလူငယ်များ တောင်းဆို
၂ဝ၂ဝ ရွေးကောက်ပွဲ ဒေါ်အောင်ဆန်းစုကြည် ဝင်ပြိုင်ရန် အဆင်သင့်ဖြစ်နေပြီဟု NLD ပြော