၂၀၁၉ ခုနှစ် အတွင်း လှိုင်သာယာမြို့နယ်တွင် အမှုအခင်းပေါင်း ၁ သောင်းကျော် ဖြစ်ပွားခဲ့ရာ မှုခင်း ဖြစ်ပွားမှုနှုန်း အလွန် များပြားနေသဖြင့် နယ်မြေရဲစခန်း အသစ် ၁ ခု ထပ်မံဖွင့်လှစ်ပေးရန် ယင်းမဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမင်းက ယမန်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် တောင်းဆိုခဲ့သည်။
“ဒုစရိုက်မှုတွေ ရာဇဝတ်မှုတွေက တော်တော်များပြားတယ်။ လူမျိုးပေါင်းစုံလည်း နေကြတယ်။ ဒီအတွက် လိုအပ်တဲ့ နယ်မြေရဲစခန်း ၁ ခု ထပ်မံဖွင့်လှစ်ဖို့ တောင်းဆိုပါတာပါ။ တနှစ်ထဲမှာ ရာဇဝတ်မှုပေါင်း ၁ သောင်းကျော်လောက် ဖြစ် တယ်။ ဒါတောင်မှ တချို့ ပြည်သူတွေက အမှုဖွင့်လိုတဲ့ ဆန္ဒမရှိလို့ မဖွင့်တာတွေလည်း အများကြီး ရှိခဲ့တယ်”ဟု ဦးဝင်းမင်းက လွှတ်တော်အပြီး သတင်းထောက်များကို ပြောသည်။
အဆိုပါမြို့နယ်တွင် ၂၀၁၉ ခုနှစ် အတွင်း လူသတ်မှု ၂၄ မှု၊ မူးယစ်ဆေးဝါးမှု ၃၃၄မှု၊ လက်နက်မှု ၅၅၄ မှုတို့ အပါအဝင် အမှုကြီး ၅၃ မှု၊ အခြားအမှု ၁၅၆၆ မှုနှင့် မှုခင်းကြိုတင်ကာကွယ်မှု ၁၀၁၄၁ မှု စုစုပေါင်း ၁၁၇၆၀ မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“လူဦးရေက သိပ်သည်းပြီး ထူထပ်ပါတယ်။ မြန်မာနိုင်ငံမှာဆို လူဦးရေ အများဆုံးမြို့ပဲ။ ဒုစရိုက်ဖြစ်ပွားမှုကလည်း အများဆုံးဖြစ်ပါတယ်”ဟု ၎င်းက ထောက်ပြသည်။
လူဦးရေ ၁ သန်းကျော် နေထိုင်သည့် လှိုင်သာယာမြို့နယ်တွင် စက်မှုဇုန် ၁၂ ဇုန် ရှိကာ အလုပ်အကိုင် ရရှိရေး အတွက် တိုင်းနှင့်ပြည်နယ်အသီးသီးမှ ရွှေ့ပြောင်း နေထိုင်သူများ၊ စက်ရုံ အလုပ်ရုံ လုပ်ငန်းရှင်များ၊ နိုင်ငံခြားသားများ၊ ကာယ ဉာဏ လုပ်သားများ စသဖြင့် အလွှာပေါင်းစုံမှ လာရောက် နေထိုင်ကြကြောင်း ယင်းလွှတ်တော် ကိုယ်စားလှယ်၏ မေးခွန်းတွင် ပါရှိသည်ကို တွေ့ရသည်။
ထိုလူဦးရေ ၁ သန်း ကို မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့မရဲခစန်း၊ သောင်ကြီးမြေရဲစခန်းတို့မှ အရာရှိနှင့် အခြားအဆင့် ရဲတပ်ဖွဲ့ဝင် ၂၀၀ ခန့်က တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေး ဆောင်ရွက်ရသောကြောင့် လူဦးရေ အချိုးအားဖြင့် မျှတမှု မရှိကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမင်းက ဆိုသည်။
သို့ဖြစ်ရာ လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် ဒီပဲယင်းဝန်ထောက် ဦးမြဲလမ်းနှင့် ကန်ပတ်လမ်းကြား မြေကွက်တွင် နယ်မြေ ရဲခစန်း ၁ ခု တစ်ခုဖွင့်လှစ်နိုင်ရန် လုပ်ထုံးလုပ်နည်းများ နှင့်အညီ ဆောင်ရွက်နေပြီး ဖွင့်လှစ်ခွင့် ရရှိပါက အနီးစပ် ဆုံး ဘဏ္ဍာရေးနှစ်တွင် တင်ပြ တောင်းခံသွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်အောင်သူက လွှတ်တော်တွင် ပြန်လည်ဖြေကြားခဲ့သည်။
“ဒေသအသီးသီးမှ ဝင်ထွက်သွားလာသူများနဲ့ ပြောင်းရွေ့အခြေချလုပ်ကိုင်တဲ့ အလုပ်သမားများ များပြားတဲ့အတွက် မှုခင်းဖြစ်ပွားမှုများ ရှိတဲ့အတွက် တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်နိုင်ရန် နယ်မြေရဲခစန်း ၁ ခုဖွင့်လှစ်ရန် လိုအပ် ပါတယ်”ဟုလည်း ဗိုလ်ချုပ်အောင်သူကပြောသည်။
လှိုင်သာယာမြို့နယ်အတွင်း တရားဥပဒေစိုးမိုးမှု အားနည်းပြီး လမ်းသွားလမ်းလာများကို ဆွဲကြိုးဖြတ်လုခြင်း၊ ဖုန်းလုခြင်း၊ ဓားကိုင်ရမ်းကားခြင်း စသည်တို့ကို နေ့စဉ် ဆိုသလို ကြုံတွေနေရပြီး ယခုကဲ့သို့ ရဲစခန်း အင်အား တိုးမြင့် ဖွင့်မည်ကို ကြိုဆိုကြောင်း လှိုင်သာယာ ဒေသခံများက ပြောဆိုသည်။
“လှိုင်သာယာမြို့နယ်ရဲ့ အခြေအနေကတော့ တရားဥပဒေစိုးမိုးမှု တော်တော်အားနည်းတယ်။ လုံခြုံမှုက မရှိဘူး။ လက်ဖက် ရည်ဆိုင်ထိုင်ရင်တောင် ကျောပေးမထိုင်ရဲတဲ့ အနေအထား ရှိတယ်”လှိုင်သာယာမြို့နယ်နေ ဦးကြည်ရွှင်က ပြောသည်။
လှိုင်သာယာမြို့နယ်သည် မြန်မာနိုင်ငံတွင် လူဦးရေအများဆုံး နေထိုင်သော မြို့နယ်ဖြစ်ပြီး လွန်ခဲ့သော ၆ နှစ်က ကောက် ယူခဲ့သော ၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်း အစီရင်ခံစာအရပင် လူဦးရေ ၇ သိန်း နီးပါးရှိပြီး ၎င်းအရေအတွက်မှာ ချင်းနှင့်ကယားပြည်နယ် ၂ ခုပေါင်း၏ လူဦးရေနှင့် မတိမ်းမယိမ်းဖြစ်သည်။
ရန်ကုန်တိုင်းတွင် မြို့နယ် ၄၅ မြို့နယ်ရှိသည့်အနက် ဧရိယာ ၂၆ စတုရန်းမိုင်ကျော်သာ ကျယ်ဝန်းသော ယင်းမြို့နယ်တွင် ရပ်ကွက် ၂၀၊ ကျေးရွာအုပ်စု ၉ စုရှိသည်။
ထိုမြို့နယ်ကို ဇန်နဝါရီလ ၃၁ ရက်နေ့မှ စတင်ကာ လှိုင်သာယာ(အရှေ့ပိုင်း) နှင့် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်များ အဖြစ် ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုကာ မြို့နယ် ခွဲခြား သတ်မှတ်လိုက်သည်။
You may also like these stories:
ICJ ကြားဖြတ်အမိန့် မြန်မာ လိုက်နာရေး ထုတ်ပြန်ရန် ကုလလုံခြုံရေးကောင်စီ သဘောကွဲ
ဦးစန်းမောင်ဦးနှင့် မိသားစုဝင်များက သတင်းသမားများအား ကိုယ်ထိလက်ရောက် ကျူးလွန်
တရုတ်နယ်စပ်မှ ပြန်လာသောလူနာ ရွာက လက်မခံ၍ လပွတ္တာဆေးရုံတွင် ထားရ