သတင်း

ကိုရိုနာဗိုင်းရပ်စ်ကောလာဟလကြောင့် ယန်စီကြေးနီစီမံကိန်းလုပ်သားများ လုပ်ငန်းခွင် ရပ်ဆိုင်း

Want create site? Find Free WordPress Themes and plugins.

စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ မြန်မာ – ယန်စီကြေးနီစီမံကိန်း လုပ်ငန်းခွင်တွင် တရုတ်နိုင်ငံသား အချို့ ရိုနာဗိုင်းရပ်စ် ကူးစက် ခံရသည်ဆိုသည့် ကောလာဟလများကြောင့် မြန်မာလုပ်သား အများစုက လုပ်ငန်းခွင် ဝင်ရောက်မှုမှာ ယနေ့မှ စကာ ခေတ္တရပ်ဆိုင်း ထားကြောင်း သိရသည်။

ယမန်နေ့ ညက လူမှုကွန်ရက်စာမျက်နှာထက်တွင် မြန်မာ- ယန်စီ ကြေးနီစီမံကိန်း Camp – 3 တွင် တရုတ်နိုင်ငံသား ၁ ဦး သေဆုံးကြောင်း ကောလာဟလများ ပျံ့နှံလာရာမှ စီမံကိန်း အဝင်ဂိတ်တွင် လူစုလူဝေးဖြင့် ပြဿနာ အနည်းငယ် ဖြစ်ခဲ့ ကြောင်း ဒေသခံအလုပ်သမားများက ဧရာဝတီသို့ပြောသည်။

ဒေသခံ အလုပ်သမား ကိုသီဟကျော်က “ကျနော်တို့ မြန်မာဝန်ထမ်းတွေက တရုတ်တွေကို သတ်မှတ်ထားတဲ့ စောင့်ကြည့် အဆင့် ၁၄ ရက်ပြည့်အောင် စဖြစ်တဲ့နေ့ကစပြီး ဒီနေ့နဲ့ဆိုရင် နောက်ထပ် ၆ ရက် စောင့်ကြည့်ဖို့ တောင်းဆိုတယ်။ ဒါမှ မဟုတ်လည်း အဲဒီ တရုတ်နိုင်ငံသားတွေကို ကျနော်တို့ လုပ်ငန်းခွင်နဲ့ သီးခြား လွတ်လပ်တဲ့ နေရာ တနေရာရာကို ပို့ပေးဖို့ တောင်းဆိုတယ်။ ကျနော်တို့က ဒီစီမံကိန်းက အလုပ်သမား ဆိုပေမယ့် ဒေသခံတွေပဲလေ။ သူတို့(အုပ်ချုပ်ရေး)ကတော့ တိုင်းကျန်းမာရေးနဲ့ ဆွေးနွေးမယ် ပြောတယ်။ အခုထိတော့ အကြောင်းပြန်မကြားသေးဘူး” ဟု ပြောသည်။

လက်ရှိတွင် အဆိုပါ လုပ်ငန်းခွင်တွင် လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ၉၀ ရာခိုင်နှုန်းကျော်မှာ အလုပ်မဆင်းသေးဘဲ အခြေအနေကို စောင့်ကြည့်နေဆဲ ဖြစ်ကြောင်း သိရသည်။

စီမံကိန်းတွင် လာရောက်လုပ်ကိုင်နေသည့် တရုတ်အလုပ်သမားများ နေထိုင်နေသည့် Camp – 3 တွင် မူလက အဖျားရောဂါ စောင့်ကြပ်ကြည့်ရှု့ခြင်း လုပ်ငန်းစဉ်အရ သီးခြား ခွဲထားသည့် တရုတ်နိုင်ငံသား ၂၅ ဦး ရှိနေရာမှ ၃၄ ဦးအထိ တိုးမြင့်လာကြောင်း၊ ယမန်နေ့ညက လူစုလူဝေးဖြစ်စဉ်ကြောင့့်် တိုင်းဒေသကြီး အထူးရောဂါနှိမ်နင်းရေး အဖွဲ့ခွဲမှ တာဝန်ရှိ သူများနှင့် ဆားလင်းကြီး မြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့ ညတွင်းချင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် သေဆုံးသူ လူနာ ဆိုသည်မှာလည်း မရှိသလို ကိုရိုနာဗိုင်းရပ်စ်ပိုး သံသယရောဂါ လက္ခဏာ မတွေ့ရှိကြောင်း စစ်တိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

ကွင်းဆင်းစစ်ဆေးသော အဖွဲ့သည် သီးခြား ခွဲထားသည့် တရုတ်နိုင်ငံသား ၃၄ ဦးကို အဖျားရောဂါ စောင့်ကြည့်ရေး အစီအစဉ် အတိုင်း စမ်းသပ်ရာတွင် ဖျားခြင်း(အပူချိန် ၃၈ ဒီဂရီ စင်တီဂရိတ်အထက်ရှိခြင်း) ချောင်းဆိုးခြင်း၊ နှာစေးခြင်း၊ အသက်ရှုရခက်ခြင်း၊ မောပန်းခြင်းများ မတွေ့ရှိသလို ခရီးသွား ရာဇဝင်များအရ လွန်ခဲ့သော ၁၄ ရက်အတွင်း တရုတ်နိုင်ငံ၊ ဝူဟန်မြို့သို့ ခရီးသွားခဲ့သူများ၊ ပြန်လာသူများ မတွေ့ရှိခဲ့ဟု ထုတ်ပြန်သည်။
ထို့အပြင် ၎င်းဝန်ထမ်းများနှင့် မိသားစုဝင်များသည် လွန်ခဲ့သော ၁၄ ရက်က ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားသည်ဟု အတည်ပြု ခံရသူများနှင့် အတူနေထိုင်ခဲ့ခြင်း မရှိကြောင်း၊ ၎င်းတရုတ်နိုင်ငံသားများနှင့် မိသားစုဝင်များကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO ၏ ချမှတ်ထားသော လုပ်ငန်းစဉ်အတိုင်း ၁၄ ရက် ပြည်သည်အထိ ရောဂါစောင့်ကြပ် ကြည့်ရှု့ရေး လုပ်ငန်း ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ သတင်းထုတ်ပြန်ချက်ကိုလည်း မြန်မာ – ယန်စီ ကြေးနီစီမံကိန်း လုပ်ငန်းခွင်ရှိ ဝန်ထမ်းများကို ဝေငှခဲ့သလို စီမံကိန်း၏ ကြော်ငြာသင်ပုန်းတွင်လည်း ကပ်ထားသည်ဟု အဆိုပါ စီမံကိန်းရှိ မြန်မာလုပ်သားတချို့က အတည်ပြုသည်။

ယနေ့တွင် ထိုကိစ္စနှင့် ပတ်သက်ပြီး တိုင်းကျန်းမာရေး၊ လုပ်ငန်းခွင်မှ အလုပ်သမားများနှင့် တာဝန်ရှိသူများအပြင် အုပ်ချုပ် ရေး ဌာနများနှင့် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း၊ အလုပ်သမားများနှင့် ဒေသခံများ၏ စိုးရိမ်စိတ်များ လျော့ချနိုင်ရေးကို လည်း ဆောင်ရွက်နေကြောင်း အဆိုပါ မြန်မာ – ယန်စီ ကြေးနီစီမံကိန်းမှ မြန်မာလုပ်သား ဝန်ထမ်းများအဖွဲ့၏ ဥက္ကဋ္ဌ ဖြစ်သူ ဦးသောင်းညွန့်က ပြောသည်။

ဦးသောင်းညွှန့်က “တရုတ်နိုင်ငံသား ၁ ယောက်သေတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး အလုပ်သမား ၈ဝဝ ကျော်အထိ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ တယောက်မှ တိတိကျကျ မျက်မြင်သက်သေ တွေ့ရှိတာမျိုး၊ အချက်အလက် ပြောနိုင်တာမျိုး မရှိပါဘူး။ ဒါကြောင့် အခုလည်း စိတ်ချတဲ့ လုပ်ငန်းခွင်ဖြစ်အောင် သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးနဲ့ တနေကုန် ဆွေး နွေးနေပါတယ်” ဟု ဆိုသည်။

မြန်မာ – ယန်စီ ကုမ္ပဏီသည် ၂ဝ၁၁ ခုနှစ်မှ စတင်ပြီး ၂၅ နှစ်သက်တမ်းရှိ ကြေးနီးထုတ်လုပ်ခွင့် လိုင်စင်ကို မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်နှင့် တရုတ်နိုင်ငံ ယန်စီကုမ္ပဏီတို့ ပူးပေါင်းကာ ကြေးနီ စတင်တူးဖော်ခဲ့သည်။ လက်ရှိအနေဖြင့် သတ္ထုတွင်း ဧရိယာ ဧက ၆ ထောင်ကျော် တူးဖော်နေပြီး ၁ စတုရန်းကီလိုမီတာ(ဧက ၂ဝဝ ကျော်) ကို နိုင်ငံတော်သို့ မြေငှားရမ်းခ ၁ နှစ်လျှင် ကျပ်သိန်း ၃ဝ ပေးသွင်းနေပြီး လာမည့် ၂ဝ၂၇ ခုနှစ်အထိ ငှားရမ်းခွင့် ရရှိထားသည်။

အဆိုပါ စီမံကိန်းမှ မြန်မာနိုင်ငံအစိုးရ သတ္ထုတွင်း ဝန်ကြီးဌာနအနေဖြင့် ထွက်ရှိလာသည့် ကြေးနီသတ္ထုများထဲမှ ၅ ရာခိုင်နှုန်းသာ ရရှိပြီး ကုန်သွယ်လုပ်ငန်းခွန်အဖြစ် ၅ ရာခိုင်နှုန်းကိုသာ ရရှိနေကြောင်း သဘာဝသယံဇာတ အရင်းအမြစ် တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး (EITI) ကို ဦးပိုင်လီမိတက်မှ ပေးပို့ခဲ့သည့် ၂ဝ၁၄ – ၂ဝ၁၅ နှင့် ၂ဝ၁၅ – ၂ဝ၁၆ တို့၏ အစီရင်ခံစာများအရ သိရသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် ဦးသိန်းစိန် အစိုးရလက်ထက်က ဒေသခံများနှင့် ပဋိပက္ခဖြစ်ခဲ့သည့်အတွက် ယခု နိုင်ငံတော် အတိုင်ပင်ခံဖြစ်နေသူ ဒေါ်အောင်ဆန်းစုကြည်မှ ဦးဆောင်ပြီး ဆွေးနွေးဖြေရှင်းခဲ့သည့်အတွက် နိုင်ငံတော် အနေဖြင့် ထွက်ရှိလာသည့် ကြေးနီသတ္ထုများထဲမှ ၅၁ ရာခိုင်နှုန်းကို နိုင်ငံတော်မှ ရရှိအောင် စာချုပ်များ ပြန်လည် ပြင်ဆင် နိုင်ခဲ့သည်။

You may also like these stories:

တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်အတွက် ယူနန်ပြည်နယ်နှင့် MOU ထိုးရန်စီစဉ်

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုဒုတိယအများဆုံးနိုင်ငံ ဖြစ်လာတဲ့ ထိုင်းနိုင်ငံ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မခံရအောင် ကြိုတင်ကာကွယ်ရမယ့် နည်းလမ်းများ

Did you find apk for android? You can find new Free Android Games and apps.
Loading