ညဘက် ငါးဖမ်းသွားစဉ် သမီးအရင်းဖြစ်သူကို စက်လှေပေါ်၌ အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့သူ ဧရာဝတီတိုင်းဒေသကြီး ဖျာ ပုံမြို့နယ်မှ ဦးစိန်ဝင်းနိုင် ဆိုသူအား ဖျာပုံမြို့မ ရဲစခန်းက ဖေဖော်ဝါရီလ ၅ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း သတင်း ရရှိသည်။
ဖျာပုံမြို့နယ် မမိုးကျေးရွာနေ ရေလုပ်သား စိန်ဝင်းနိုင်(အသက် ၄၅ နှစ်)မှာ ဖေဖော်ဝါရီ ၄ ရက် ညပိုင်းက အသက် ၂၀ အရွယ်ရှိ သမီးဖြစ်သူနှင့်အတူ ငါးဖမ်းထွက်ချိန်တွင် ည ၉ နာရီအချိန်၌ သမီးဖြစ်သူအား စက်လှေပေါ်၌ ပထမအကြိမ် အဓမ္မပြုကျင့်ခဲ့ပြီး ည ၁၀ နာရီခန့် အချိန်တွင် ထပ်မံအဓမ္မ ပြုကျင့်ခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်းတွင် အဒေါ်ဖြစ်သူအား အဓမ္မပြုကျင့်ခံရသူ မိန်းကလေးက ဖွင့်ပြောပြခဲ့သည့်အတွက် အဒေါ် ဖြစ်သူနှင့်အတူ မိန်းကလေး ကိုယ်တိုင် ရဲစခန်း၌ တိုင်တန်းအမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ ပြောရေးဆိုခွင့် ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက ပြောသည်။
ဒုရဲမှူးကြီး ထွန်းရွှေက “စိန်ဝင်းနိုင်က ညဘက်ငါးဖမ်း ကိုင်းထောက်ချိန်မှာ ကလေးမလေးကို ခေါ်သွားတယ်။ အခင်းဖြစ် ညက ဖျာပုံမြို့နယ် ကျီးနှစ်ပင်ချောင်းထဲမှာ ကိုင်းထောက်ငါးဖမ်းပြီး ထိုင်နေတဲ့အချိန်မှာ စိန်ဝင်းနိုင်က ကလေးမလေးကို စက်လှေပေါ်မှာ ဆွဲလဲှပြီး အဓမ္မပြုကျင့်တာ ဖြစ်တယ်။ အမှုဖွင့် တိုင်တန်းချက်အရ တရားခံကို ကျနော်တို့ နာရီပိုင်းအတွင်း ဖမ်းဆီးခဲ့ပါတယ်” ဟု ဧရာဝတီကို ပြောသည်။
အဓမ္မပြုကျင့်ခံရသူ မိန်းကလေးငယ်၏ ပြောပြချက်အရ ဖခင်ဖြစ်သူ စိန်ဝင်းနိုင်မှာ သူမအား လွန်ခဲ့သည့် ၁ လ ခန့်က ၂ ကြိမ် အဓမ္မပြုကျင့်ခဲ့ကြောင်း၊ ၎င်းတို့ မိသားစု ပြိုကွဲမည်စိုး၍ မည်သူ့ကိုမျှ ဖွင့်မပြောဘဲ နေခဲ့ပြီးနောက် ဖေဖော်ဝါရီ ၄ ရက် ညပိုင်း၌ ထပ်မံ၍ အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
ဖျာပုံခရိုင် အတွင်း အမျိုးသမီးများအရေး ကူညီဆောင်ရွက်ပေးနေသူ ရောင်နီဦးအမျိုးသမီး လူမှုဖွံ့ဖြိုးရေး အဖွဲ့ခေါင်းဆောင် ဒေါ်ခင်အေးမိုးက “ဒီဖြစ်စဉ်က ညအချိန်မတော် ဖြစ်ပေမယ့် ဖခင်နဲ့ အတူသွားတာပဲ ဘာမှမဖြစ်နိုင်လောက်ပါဘူး ဆိုပြီး ထားရှိတဲ့ အနေအထားကနေ မဖြစ်သင့်တာတွေ ဖြစ်သွားတာပေါ့။ မိခင်၊ အုပ်ထိန်းသူတွေအနေနဲ့ ကိုယ့်သားသမီး အရွယ် မရောက်သေးတာ ဖြစ်စေ၊ အရွယ်ရောက်ပြီးသား ဖြစ်စေ ရင်အုပ်မကွာ စောင့်ရှောက်ဖို့ လိုပါတယ်။ ဖခင်ပဲ၊ ဆွေမျိုးပဲ ဆိုပြီး ယောက်ျားသားတွေနဲ့ ထည့်ပေးလိုက်တာ၊ အတူတူ အိမ်မှာ ထားခဲ့တာ၊ စိတ်ချလက်ချ လွှတ်ထားတာမျိုးတွေ မဖြစ်အောင် အထူး သတိထားဖို့ လိုအပ်ပါတယ်” ဟု ပြောသည်။
အဓမ္မပြုကျင့်သည့် ဖခင်ဖြစ်သူ စိန်ဝင်းနိုင် (၄၅ နှစ်) အား အရေးယူပေးပါရန် တိုင်တန်းချက် အရ ဖျာပုံမြို့မရဲစခန်းက ရာ ဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၇၆ (မုဒိန်းမှု) ဖြင့် အမှုဖွင့် ဖမ်းဆီး စစ်ဆေးလျက် ရှိကြောင်း သိရသည်။
ပြီးခဲ့သည့်၂၀၁၆ ခုနှစ်အတွင်းက ဧရာဝတီတိုင်း ဒေသကြီး မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးဒေသမှ ဦးဟံငွေမှာ အသက် ၁၉ နှစ်အရွယ်ရှိ သမီးအရင်းဖြစ်သူအား ညပိုင်း ငါးဖမ်းသွားစဉ် လှေပေါ်၌ သားမယားအဖြစ် အကြိမ်ကြိမ် အဓမ္မ ပြုကျင့်ခဲ့ကြောင်း ပြစ်မှုထင်ရှားသဖြင့် မြောင်းမြခရိုင် တရားရုံးက ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် ဦးဟံငွေကို ထောင်ဒဏ် အနှစ်၂၀ ချမှတ်ခဲ့ကြောင်း သိရသည်။
ပုဒ်မ ၃၇၆ (မုဒိန်းမှု) ကျူးလွန်ကြောင်း ထင်ရှားပါက ထောင်ဒဏ် ၁၀ နှစ်မှ ထောင်ဒဏ် တသက်တကျွန်း အထိ ချမှတ် ရသည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ရာဇသတ်ကြီး ဥပဒေတွင် ပြဋ္ဌာန်းထားသည်။
ဆက်စပ်ဖတ်ရှုရန်
မယားပါ သမီးကို အဓမ္မ ပြုကျင့်သည့် ပထွေး ထောင်၂၃ နှစ် ချမှတ်ခံရ