လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများကို တပ်မတော်၊ တပ်စခန်းများ အတွင်းသို့ ဝင်ရောက် မဲ ဆွယ် စည်းရုံးခွင့်ပြုမည် မဟုတ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(UEC)မှ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောသည်။
နေပြည်တော်ရှိ UEC ရုံးတွင် ယနေ့ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ဧရာဝတီ သတင်းဌာန၏ မေးခွန်းကို အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်ပြီး ခွင့်မပြုရသည့်အကြောင်းမှာ လုံခြုံရေးကြောင့် ဖြစ်သည်ဟု ၎င်းက ဆိုသည်။
“တပ်ထဲမှာ ဝင်ပြီးတော့ မဲဆွယ်စည်းရုံးဖို့ကတော့ မဖြစ်နိုင်သေးပါဘူး”ဟု UEC ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောသည်။
ထိုသို့ တပ်တွင်း ဝင်ရောက်မဲဆွယ်ခွင့် မရှိသော်လည်း တပ်တွင်းမဲရုံများကို တပ်ပြင်ပ နေရာတွင်သာ ချထား ပေးမည် ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က အတည်ပြု ပြောကြားသည်။
တပ်တွင်း မဲရုံများကို ပြင်ပ သင့်လျော်သည့် နေရာတွင် ထားရှိရမည့် ဆိုသည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ၏ လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ ပြင်ဆင်ချက်များကို ၂၀၁၉ ခုနှစ် အောက်တိုဘာလက လွှတ်တော်သို့ ပေးပို့ထားပြီး ဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဝန်ထမ်းများသည် ပါတီနိုင်ငံရေး ကင်းရှင်းရမည် ဆိုသည့် အချက်ကြောင့် တပ်တွင်း၌ မဲဆွယ်ခွင့်ပြုမည် မဟုတ်ကြောင်း တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
“တပ်မတော်သားတိုင်းက လွတ်လပ်စွာ မဲပေးပိုင်ခွင့် ရှိပါတယ်။ တပ်ထဲကို မဲဆွယ်စည်းရုံးတာ ဘယ်ပါတီမှ လက်ခံမှာ မဟုတ်ပါဘူး။ အစဉ်အလာလည်း မရှိခဲ့ပါဘူး”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲ ကျင်းပစဉ် ကာလကလည်း တပ်တွင်းသို့ ဝင်ရောက် မဲဆွယ်ခွင့်မရှိခဲ့ကြောင်း၊ တပ် အဝန်း အဝိုင်းသို့ ဝင်ရောက်ခွင့်ရန် ကြိုတင်အသိပေးရခြင်း၊ စောင့်ဆိုင်းရခြင်း၊ လုံခြုံရေးအဆင့်ဆင့် စစ်ဆေးခံရခြင်းများ ကို ကြုံတွေ့ခဲ့ရကြောင်း လှိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက ပြောသည်။
“မဲဆွယ်ခွင့်ရရင်တော့ ပါတီတွေရဲ့ မူဝါဒတွေပြောခွင့်ရမယ်။ တပ်သားတွေ အရာရှိတွေကလည်း သူတို့ သိချင် တာတွေကို ပါတီတွေကို မေးခွင့်ရမှာပေါ့။ အခုကတော့ အဲဒီအခွင့်အရေး မရတော့ဘူးပေါ့”ဟု NLD ပါတီဝင် လည်းဖြစ်သူ ဦးအောင်ကျော်ကျော်ဦးက ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲ ကာလက ရန်ကုန်မြို့ ရှိ တပ်စခန်းတခုအတွင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေး ပါတီ ၏ ဟောပြောပွဲဆိုင်းဘုတ်ထောင်ထားပြီး ရွေးကောက်ပွဲမကျင်းပမီ ညပိုင်းမှ ပြန်ဖြုတ်သွားသည်ကို မြင်တွေ့ခဲရဖူး ကြောင်း၊ မဲဆွယ်စည်းရုံးခွင့်မပေးပါကလည်း ပါတီတိုင်းကို တန်းတူညီမျှ ဖြစ်စေလိုကြောင်း ဦးအောင်ကျော်ကျော် ဦးက ထောက်ပြပြောဆိုသည်။
လက်ရှိတွင် မှတ်ပုံတင်ထားသည့် ပါတီ ၉၉ ခု၊ တည်ထောင်ခွင့် စိစစ်ဆဲပါတီ ၃ ခု၊ မှတ်ပုံတင်ခွင့် စိစစ်ဆဲပါတီ ၂ ခုနှင့် ယာယီရပ်ဆိုင်းထားသည့် ပါတီ ၃ ခု ရှိသောကြောင့် လာမည့်ရွေးကောက်ပွဲတွင် ပါတီ ၁၀၀ ဝန်းကျင်ခန့် ဝင်ရောက်ယှဉ်ပြိုင်ဖွယ်ရှိသည်ဟု ပြည်ထောင်စုရွေးကော်ပွဲကော်မရှင်မှ သိရသည်။
လာမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် မဲပေးနိုင်မည့် လူဦးရေ အခြေခံ မဲစာရင်း ကောက်ယူပြီး ဖြစ်ကာ မဲပေးခွင့်ရှိသူ လူဦးရေ ၃၇ သန်းကျော် ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) မှ သိရသည်။
ထိုမဲစာရင်းတွင် တပ်မဲရုံစာရင်းများ ပါဝင်ခြင်းမရှိသလို “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့် ဒေသရှိ မြို့နယ် ၅ ခုကို စာရင်း မပါဝင်သေးပဲ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ကျင်းပစဉ်ကလည်း ယင်းမြို့နယ်များတွင် မကျင်းပနိုင်ခဲ့ခြင်း မရှိခဲ့ပေ။
လာမည့် ၂၀၂၀ ရွေးကောက်ပွဲကိုမူ မဲဆန္ဒနယ်တိုင်းတွင် ကျင်းပနိုင်ရေး မျှော်မှန်း လုပ်ဆောင်နေကြောင်း သိရသည်။
သို့သော် ၂၀၂၀ အထွေထွေရွေး ကောက်ပွဲကျင်းပမည့်ရက်ကို ကော်မရှင်အနေဖြင့် အတိအကျ ထုတ်ပြန် ပြောဆိုနိုင်ခြင်း မရှိသေးပေ။
You may also like these stories:
သမ္မတနှင့် အတိုင်ပင်ခံတို့ လက်ရှိ နိုင်ငံရေး ရာထူးဖြင့် ပါတီ စည်းရုံးရေး လုပ်နိုင်ဟု ကော်မရှင် ပြော
တပ်တွင်း မဲရုံများ ပြင်ပတွင် ထားရှိမည့် အစီအစဉ် အမြင်ကွဲလွဲမှုများ ရှိနေ
၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရေး နိုင်ငံရေး ပါတီငယ်များ ပါဝင်သည့် မဟာမိတ် ဖွဲ့စည်း