ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) ဗဟိုဌာနချုပ် လွိုင်တိုင်းလျဲန်းတွင် ပြုလုပ်မည့် ရှမ်းပြည်အမျိုးသားနေ့ အခမ်းအနားကို တက်ရောက်ရန် တပ်မတော်စစ်ဆေးရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်း ယနေ့ ရောက်ရှိလာသည်။
RCSS ဌာနချုပ်သို့ ယခုကဲ့သို့ တပ်မတော်ဘက်က အဆင့်မြင့် အရာရှိတဦး တက်ရောက်လာခြင်းသည် ပထမဆုံး ဖြစ်ပြီး ယခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်တို့ နေပြည်တော်တွင် တွေ့ဆုံ အပြီး ဖြစ်တည်လာသော အခြေအနေပင်ဖြစ်သည်။
လွိုင်တိုင်းလျဲန်းဌာနချုပ်သို့ ယခုကဲ့သို့ တက်ရောက် လာနိုင်သော အခြေအနေနှင့် ပတ်သက်ပြီး ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်း က ငြိမ်းချမ်းရေး အလားအလာနှင့် ပတ်သက်၍ “ကောင်းမွန်တဲ့လက္ခဏာပါ” ပါဟု ဧရာဝတီသို့ ပြောသည်။
ရှမ်းပြည်အမျိုးသားနေ့ အခမ်းအနားကို ထိုင်း-မြန်မာ နယ်စပ်ရှိ RCSS ဗဟိုဌာနချုပ်တွင် ဖေဖေါ်ဝါရီ ၇ ရက်နေ့ ကျင်းပမည်ဖြစ်ပြီး ထိုအခမ်းအနားသို့ တက်ရောက်ရန် ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်းနှင့် တပ်မတော် ကိုယ်စားလှယ်များ ယနေ့ ရောက်ရှိလာခြင်း ဖြစ်သည်။
RCSS ဗဟိုဌာနချုပ်သို့ တပ်မတော်ပိုင်းက အဆင့်မြင့်ဆုံး ခေါင်းဆောင်တဦး၏ ပထမဆုံး ခရီးစဉ်လည်း ဖြစ်ပြီး ထိုခရီးစဉ်ကြောင့် တပ်မတော်နှင့် RCSS တို့အကြား နှစ်ဘက်ဆက်ဆံရေး ပိုမိုကောင်းမွန်လာရန် မျှော်လင့် နေမှုများလည်း ရှိသည်။
ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်း က “တိုက်ခိုက်မှုတွေ လျော့လို့ရှိရင် ငြိမ်းချမ်းရေး ပိုရလာမယ်။ ငြိမ်းချမ်းရေး ပိုရလာလို့ရှိရင် ဒေသလည်းပိုပြီးဖွံ့ဖြိုး တိုးတက်လာတာပေါ့” ဟု ပြောသည်။ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း နှင့် အဖွဲ့သည် လွိုင်တိုင်းလျဲန်းဌာနချုပ်ရှိ ဆေးရုံနှင့် နေရာအချို့ကို ယနေ့ မွန်းလွဲပိုင်းက သွားရောက်လေ့လာသည်ကိုတွေ့ရသည်။
ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်းသည် အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆွေးနွေးပွဲတချို့တွင် တပ်ကိုယ်စားလှယ် အနေဖြင့် ပါဝင်လာမှု အချို့တွေ့ရပြီး ယခုခရီးစဉ်တွင် ၎င်းနှင့် အတူ တြိဂံတိုင်း ဒုတိယ တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းမြတ်ရွှေ၊ အရှေ့အလယ်ပိုင်းတိုင်း ဒုတိယ တိုင်းမှူး ဗိုလ်မှူးချုပ် ဇောဇော်နိုင် ကက (ကြည်း) ရုံး ဗိုလ်မှူးကြီး မင်းဟိန်းနှင့် ဗိုလ်ကြီး ကြည်ဇော်ဦးတို့ တက်ရောက်ကြသည်။
ထို့အတူ အစိုးရဘက်ကလည်း လွိုင်တိုင်းလျဲန်းဌာနချုပ်တွင် ပြုလုပ်မည့် ရှမ်းပြည်အမျိုးသာနေ့ အခမ်းအနားကို ယခင်နှစ်များထက် ကိုယ်စာလှယ်များကို အဆင့်မြှင့် စေလွှတ်ခဲ့သည်ကိုတေ့ွရသည်။
ထိုအထဲတွင် ပြည်ထောင်စု ရှေ့နေချုပ် လည်းဖြစ် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ဒုဥက္ကဋ္ဌလည်း ဖြစ်သည့် ဦးထွန်းထွန်းဦး ဦးဆောင်ကာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး လှဦး၊ ရန်ကုန်တိုင်း လူမှုရေးရာဝန်ကြီး ဦးနိုင်ငံလင်း၊ ငြိမ်းချမ်းရေး ကော်မရှင် (Peace Commission) အဖွဲ့ဝင် ဦးမိုးဇော်ဦး တို့ တက်ရောက်သည်ကို တွေ့ရသည်။
ထို့အတူ RCSS ဗဟိုဌာနချုပ်တွင် ကျင်းပမည့် ရှမ်းပြည်အမျိုးသားနေ့ အခမ်းအနားသို့ တက်ရောက်ရန် အတွက် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့မှ အထူးကိုယ်စားလှယ်များလည်း တက်ရောက်နေသည်ကိုတွေ့ရသည်။
ထို့အပြင် အစိုးရနှင့် အပစ်ရပ် လက်မှတ်မရေးထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များဖြစ်ကြသည့် “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ ကချင်လွတ်လပ်ရေး အဖွဲ့ (KIO)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့မှ ကိုယ်စားလှယ်များလည်း တက်ရောက် နေလျှက်ရှိသည်။
ရှမ်းပြည်အမျိုးသားနေ့ကို ရှမ်းလူထုခေါင်းဆောင်များနှင့် စော်ဘွားများ ဦးဆောင်ကာ ရှမ်းပြည်နယ် ပင်လုံမြို့တွင် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့မှ ၁၂ ရက်နေ့ အထိ ၁၀ ရက်ကြာ ပြုလုပ်ခဲ့သော ပင်လုံညီလာခံမှ အစပြုခဲ့ခြင်း ဖြစ်သည်။
ထိုပင်လုံညီလာခံမှ ဆုံးဖြတ်ချက် အရ ဖေဖော်ဝါရီလ ၇ ရက်နေ့ကို ရှမ်းပြည်နယ်နေ့ (သို့) ရှမ်းအမျိုးသားနေ့ အဖြစ် သတ်မှတ်ခဲ့ပြီး ပင်လုံစာချုပ် ရေးထိုးခဲ့ကြသော ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို ပြည်ထောင်စုနေ့ အဖြစ် သတ်မှတ်ခဲ့သည်။
ပင်လုံစာချုပ် လက်မှတ်မရေးထိုးမီ တရက်အလို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ရှမ်းပြည်နယ် ကောင်စီ (SSC) ဥက္ကဋ္ဌ ဝစ်ခွန်ပန်းစိန် က ဖေဖော်ဝါရီလ ၇ ရက်နေ့ကို ရှမ်းပြည်အမျိုးသားနေ့ အဖြစ် သတ်မှတ်ခဲ့သလို ဝါစိမ်းနီနှင့် အဖြူရောင်လဝန်း အလံကို ရှမ်းပြည်အလံတော် အဖြစ်ချမှတ်ခဲ့ပြီး ခေးတိုင်းခေးရာဇာ သီချင်းကို ယာယီ အမျိုးသား သီချင်း အဖြစ် သတ်မှတ်ကြောင်းထုတ်ပြန်ခဲ့သည်။
ထိုနေ့မှစ၍ နှစ်စဉ်နှစ်တိုင်း ရှမ်းပြည်အမျိုးသားနေ့ကို ရှမ်းတိုင်းရင်းသား၊ တိုင်းရင်းသူများက အစဉ်မပြတ် ကျင်းပခဲ့ပြီး နောက်ပိုင်းတွင် ရှမ်းပြည်နယ် နေ့ အဖြစ်လူသိများလာကြသည်။
You may also like these stories:
သူရဦးရွှေမန်းရဲ့ နိုင်ငံရေး မျှော်လင့်ချက်များ
ပထမဆုံး ဖွဲ့စည်းပုံ အခြေခံဥပဒေ စတင်ရာ ဖဆပလညီလာခံကြီး