သတင်း

အနည်းဆုံးအခကြေးငွေ ဥပဒေကြမ်း အလုပ်သမားသမဂ္ဂများ ကန့်ကွက်

အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီသို့ ပေးပို့ထားသည့် အနည်းဆုံးအခကြေးငွေ ဥပဒေကြမ်းသည် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီတွင် အလုပ်သမားကိုယ်စားလှယ်များအဖြစ် ပါဝင်နေသော အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်များနှင့် အလုပ်သမား ကိုယ်စားပြု အဖွဲ့အစည်းများ၏ သဘောထားတခုမျှ မပါဝင်ကြောင်း အဆိုပါအဖွဲ့အစည်းများက ပြောဆိုကြသည်။

၂၀၁၃ ခုနှစ်က အတည်ပြုပြဌာန်းထားသော ဥပဒေပါ ၂ နှစ်လျှင် တကြိမ် အနည်းဆုံးအခကြေးငွေ ပြင်ဆင်သတ်မှတ်ရမည့်ဆိုသည့် ပုဒ်မ ၅(ဇ) အပါအဝင် ၆၃ ချက်ကို ပြင်ဆင်မည့် ဥပဒေကြမ်း ၁ ခုကို ဆွေးနွေးရန် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီသို့ ပေးပို့ထားပြီး ဖြစ်သည်။

အဆိုပါ ဥပဒေကြမ်းကို လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်တွင်းပြည်ပ အလုပ်သမားများဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွေးက ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ကျင်းပသော အမျိုးသား လွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။

အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်များနှင့် အလုပ်သမား အဖွဲ့အစည်းများကမူ ယခုလို အချိန်ကာလ အကန့်အသတ် မရှိပြောင်းလဲရန် ပြင်ဆင်ဆောင်ရွက်ခြင်းသည်သာ အလုပ်ရှင်၊ အလုပ်သမားကြား ပဋိပက္ခများကို ပိုမိုဖြစ်ပွားစေပြီး မတည်မငြိမ်မှုများ ပိုဖြစ်လာနိုင်မည်ဖြစ်ကြောင်း တညီတညွတ်တည်း ပြောဆိုကြသည်။

“မူလဥပဒေ ပြဌာန်းရခြင်းရဲ့ ရည်ရွယ်ချက်ကိုက အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုတွေကို လျှော့ချနိုင်အောင် ပေါ်ထွက်လာတဲ့ ဥပဒေဖြစ်ပါတယ်။ ဒါကိုအခု NLD အစိုးရအနေနဲ့ ဒီ ဥပဒေရှိလို့သာ အလုပ်သမားတွေသည် ၂ နှစ်တကြိမ် ဆန္ဒပြတာလို့ ပြောင်းပြန်ကြီး စဉ်းစားပြီးတော့ ဒီဟာကို အခါအားလျော်စွာ သတ်မှတ်မယ်ဆိုတာကြီးက လုံးဝလက်ခံလို့ မရဘူး” ဟု မြန်မာနိုင်ငံ စက်မှု၊ လက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (MICS) အထွေထွေအတွင်းရေးမှူး ကိုသက်နှင်းအောင်က ပြောဆိုသည်။

အနည်းဆုံးအခကြေးငွေ သတ်မှတ်ခြင်းကို ၂ နှစ်လျှင် ၁ ကြိမ်ပြင်ဆင်ရမည်ဟု သတ်မှတ်ထားခြင်းကြောင့် ထို ၂ နှစ်ပြည့်ကာနီး အချိန်တိုင်းတွင် အလုပ်သမားတို့၏ လုပ်ခလစာ တိုးမြှင့်ရလိုမှုကြောင့် လုပ်ငန်းခွင် တည်ငြိမ်မှုကို ပျက်ပြားစေခြင်းနှင့် အလုပ်ရှင်အပြင် အစိုးရအတွက်ပါ ဖိအားဖြစ်စေနိုင်သည့်အတွက် ပြင်ဆင်ရခြင်း ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွေးက မီဒီယာများကို ပြောကြားထားသည်။

အနည်းဆုံးအခကြေးငွေ နှုန်းထားကို မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ်အဖြစ် ၂၀၁၅ ခုနှစ်တွင် ၈ နာရီလုပ်ရမည့် တနေ့လုပ်ခ ကျပ် ၃၆၀၀ ဟုသတ်မှတ်ချိန်တွင် ယင်းနှုန်းထားကို မကျေနပ်ခြင်းကြောင့် အလုပ်သမားအများအပြားက ဆန္ဒပြထုတ်ဖော်ခဲ့ကြခြင်းပြီး ၂၀၁၈ ခုနှစ်တွင် အစိုးရက ကျပ် ၄၈၀၀ အဖြစ် ဒုတိယအကြိမ် သတ်မှတ်ခဲ့သည်။

ထိုအချိန်တွင် အလုပ်သမားများဘက်က အနည်းဆုံးလုပ်ခလစာအဖြစ် တနေ့ ကျပ် ၅၆၀၀ တောင်းဆိုခဲ့ကြသည်။

ယခုပြင်ဆင်မည့် ဥပဒေကြမ်းတွင် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ သက်တမ်းကို ပြည်ထောင်စုအစိုးရအဖွဲ့ သက်တမ်းနှင့် အညီပြောင်းလဲပြီး ကော်မတီ၏ လုပ်ဆောင်ချက်များနှင့် အနည်းဆုံး အခကြေးငွေအခြေအနေများကို ၁ နှစ်လျှင် ၁ ကြိမ် ပြည်ထောင်စုလွှတ်တော်ကို တင်ပြရမည်ဟုသော ကောင်းမွန်သည့် ပြင်ဆင်ချက်များပါရှိကြောင်း အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်များက ဆိုသည်။

မူလ ပြဌာန်းချက်တွင် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီသည် သက်တမ်းသည် ၃ နှစ် ဖြစ်သည်။

သို့သော်လည်း ကျန်အချက်အများစုမှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)၏ ပြဌာန်း ထားသော အနည်းဆုံး အခကြေးငွေဆိုင်ရာ သတ်မှတ်ချက်များနှင့်လည်း ကိုက်ညီမှု မရှိကြောင်း ကိုသက်နှင်းအောင်က ပြောသည်။

လက်ရှိဥပဒေ၏ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရာတွင် အခြေခံရမည့် အချက်များတွင် အခန်း (၅) ပုဒ်မ ၇ (က)ဖြစ်သည့် “အလုပ်သမားများနှင့် ယင်းတို့၏ မိသားစုလိုအပ်ချက်များ”ဟူသည့် အချက်ကို ပယ်ဖျက်ထားခြင်းကြောင့် တကိုယ်ရေ ဖူလုံသော အနည်းဆုံးအခကြေးငွေအဖြစ်သာ သတ်မှတ်ပါက အလုပ်သမားများ၏ မိသားစုများ ဘဝ ပိုမိုကျပ်တည်းလာပြီး ကလေးအလုပ်သမား ပိုပေါများ လာနိုင်ကြောင်း ၎င်းက ထောက်ပြသည်။

ယင်းအပြင် ပုဒ်မ ၂၇ တွင် ဖော်ပြထားသော အနည်းဆုံးအခကြေးဥပဒေ၏ နည်းဥပဒေများနှင့် အမိန်တို့ပါ တားမြစ်ချက်တရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်သူကို ပြစ်ဒဏ်ချမည့် ထောင်ဒဏ်နှင့် ငွေဒဏ်များ ချမှတ်မည့် အချက်ကို ပယ်ဖျက်ထားခြင်းကြောင့် အနည်းဆုံးအခကြေးငွေ သတ်မှတ်ထားသော်လည်း ယင်းနှုန်းထားကို လိုက်နာခြင်း မရှိသူကို အရေးယူ၍ မရနိုင်တော့သည့် အခြေအနေများ ဖြစ်ပေါ်လာနိုင်မည် ဖြစ်ကြောင်း သိရသည်။

“ အချိန်ကာလ ကန့်သတ်ချက်မရှိတာသာ ရွှေ့လိုက်မယ်ဆိုရင် ကျနော်တို့ အလုပ်သမားတွေ အခြေအနေ ပိုဆိုးသွားနိုင်တယ်။ ဘယ်အချိန်မှ လုပ်ခလစာတိုးမယ်မှန်း မသိရင် ကုန်ဈေးနှုန်း တခါတက်တိုင်း လုပ်ခလစာ တခါတိုးတောင်း အဲဒီလိုဆိုရင် စက်ရုံတွေမှာ ဝုန်းဒိုင်းဆိုပြီး ပြဿနာတွေတက် ပိုပြီးရှုပ်ထွေးသွားလိမ့်မယ်” ဟု MICS ၏ လက်ထောက်အတွင်းရေးမှုး ကိုနေလင်းအောင်က ပြောဆိုသည်။

လက်ရှိ အနည်းဆုံးအခကြေးငွေ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအတွက် အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်များနှင့် အလုပ်အဖွဲ့အစည်းများက ရေးဆွဲထားသော မူကြမ်းကို အမျိုးသားလွှတ်တော် နှင့် ပြည်သူ့လွှတ်တော် စာတင်ထားခဲ့သော်လည်း လွှတ်တော်ဘက်မှ လျစ်လျူထားခဲ့ကြောင်း ၎င်းက ဆိုသည်။

အနည်းဆုံးအခကြေးငွေ ဥပဒေကို ပြင်ဆင်ရန် ဆောင်ရွက်နေသည့် ဥပဒေကြမ်းသည် အလုပ်သမားများကို နစ်နာစေလိုသည့် ရည်ရွယ်ချက် ပါဝင်ပြီး အလုပ်ရှင်များဘက်ကို တဖက်သတ် ရပ်တည်ပေးထားသည့် ဥပဒေကြမ်းသာ ဖြစ်ကြောင်း အလုပ်သမားအဖွဲ့အစည်းများက ပြောဆိုသည်။

“ အစိုးရ-အလုပ်ရှင်-အလုပ်သမား သုံးပွင့်ဆိုင် ဆွေးနွေးပွဲတွေမှာ အလုပ်သမားတဦး၏ အခြေခံကုန်ကျစရိတ်တွေကို စစ်တမ်းတွေကောက်ပြီး တွက်ချက်တဲ့အခါမှာ ဒီအခကြေးငွေနှုန်းထားက ဒီလောက် ဒီလောက် ဖြစ်သင့်ပါတယ်လို့ ကျမတို့ အဖွဲ့ချုပ်တွေက စစ်တမ်းတွေတင်ပြရင် အစိုးရရော အလုပ်ရှင်ရော မငြင်းနိုင်ဘူး” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) လက်ထောက် အထွေထွေအတွင်းရေးမှုး မဖြိုးစန္ဒာစိုးက ပြောသည်။

၂၀၁၉ ခုနှစ်အတွင်း CTUM မှ လူ ၁ ဦးလျှင် တနေ့တာ လိုအပ်ချက် ဖြစ်သည့် စားဝတ်နေရေး၊ ကျန်းမာရေးနှင့် ပညာရေး အပေါ်တွင် အဓိကထား တွက်ချက်ကောက်ခံထားသည့် စစ်တမ်းအရ အလုပ်သမား ၁ ဦးသည် တနေ့လျှင် ကျပ် ၇ ထောင်ကျော်မှ ၉ ထောင်ကြား ရရှိရန် လိုအပ်ကြောင်း သိရသည်။

သို့သော် အလုပ်သမားဘက်မှ တင်ပြသလို အလုပ်ရှင်ဘက်မှ တင်ပြရန် တာဝန်ရှိသည့် မည်မျှ လုပ်ခလစာ တိုးပေးနိုင်စွမ်း စစ်တမ်းကောက်ယူရာတွင်မူ ပွင့်လင်းမြင်သာမှု မရှိသည့်အပြင် အစိုးရဘက်ကလည်း ယင်းအပေါ် တိုက်တိုက်တွန်းတွန်း မလုပ်ကြောင်း မဖြိုးစန္ဒာစိုးက ပြောသည်။

“အလုပ်ရှင်ရဲ့ တတ်နိုင်လား မတတ်နိုင်လား မြေပြင်အခြေအနေမှာ သုံးပွင့်ဆိုင်ကနေ စစ်တမ်း ဝင်ကောက်ယူမယ်ဆိုတဲ့ အခြေအနေမျိုးမှာ လွှတ်တော်ကိုယ်စားလှယ်တွေရော အစိုးရတွေရော တွန်းတွန်း တိုက်တိုက်လုပ်မနေဘူး” ဟု သူက ဆိုသည်။

ထို့ သို့ တဖက်သက် လုပ်ဆောင်ပြီး ဥပဒေကြမ်းကို အတည်ပြုခဲ့မည်ဆိုလျှင် တနိုင်ငံလုံးတွင် ရှိသော အလုပ်သမားများသည် လမ်းပေါ်ရောက်ပြီး အလုပ်သမား သပိတ်ကြီး ဖြစ်ပေါ်လာနိုင်ကြောင်း ဖေဖော်ဝါရီ ၄ ရက်နေ့၌ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) အပါအဝင် အလုပ်သမားအဖွဲ့ အစည်း ၁၀ ဖွဲ့ခန့်က ပူးပေါင်းလုပ်ဆောင်သော ပြင်ဆင်သည့် ဥပဒေကြမ်းကို ကန့်ကွက်သည့် သတင်းစာရှင်း လင်းပွဲတွင် မီဒီယာများကို ပြောကြားထားသည်။

အနည်းဆုံး အခကြေးငွေ ဥပဒေအရ အနည်းဆုံး အခကြေးငွေ နှုန်းထားကို ၂ နှစ် တကြိမ် သုံးသပ် ပြင်ဆင် ပြင်ဆင်ရမည်ဟု ပြဋ္ဌာန်းထားသဖြင့် တတိယအကြိမ် နှုန်းထား ပြင်ဆင်မှုကို၂၀၂၀ မေလတွင် ပြင်ဆင် သတ်မှတ်ရမည် ဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလလယ်အတွင်းတွင် ရန်ကုန်မြို့ လှိုင်သာယာအခြေစိုက် စက်ရုံအလုပ်ရုံများမှ အလုပ်သမား ၅ ထောင်ကျော်သည် ခေတ်ကာလနှင့် လျော်ညီပြီး ဖူလုံသော လုပ်ခလစာရရှိရေး နှင့် ဥပဒေအတိုင်း ၂၀၂၀ မေလတွင် အနည်းဆုံးလုပ်ခနှုန်းထားသစ် ၁ ခုကို အချိန်တိတိကျကျ သတ်မှတ်ပေးရန် ဆန္ဒထုတ်ဖော်ခဲ့ ကြသည်။

You may also like these stories:

အနည်းဆုံး အခကြေးငွေ သတ်မှတ်ကာလ ပြောင်းရန် စီစဉ်မှု အလုပ်သမား အဖွဲ့များ ကန့်ကွက်

ဖိနှိပ်မှုတွေ ကြုံတွေ့နေရဆဲ စက်ရုံအလုပ်သမများ

စီးပွားရေး တည်ငြိမ်မှုမရှိဘဲ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်မှု စောလွန်းဟု ဆို

အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေး နိုင်ငံတကာလုပ်ငန်းရှင်များကို ဖိတ်ခေါ် ဆွေးနွေးမည်

Loading