ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် အရပ်သားများ နင်းမိသည့် မိုင်းများမှာ ၎င်းတို့၏ မိုင်းများ မဟုတ်ကြောင်း တပ်မတော် နှင့် ရက္ခိုင်စစ်တပ် (AA) တို့မှ ငြင်းဆိုနေကြသည်။
၂၀၂၀ ဝင်ရောက်စတွင် ပဋိပက္ခဖြစ်ပွားရာ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် မိုင်းနင်းမိသည့် အရပ်သား ၁၀ ဦး ရှိပြီ ဖြစ်သည်။
ထို ၁၀ ဦးအနက် ၁ ဦးမှာ သေဆုံးသွားပြီး ကျန် ၉ ဦးမှာ ဆေးကုသမှုများ ခံယူနေရဆဲ ဖြစ်သည်။
တိုက်ပွဲကာလအတွင်း မိုင်းအသုံးပြုမှုနှင့် ပတ်သက်၍ ဧရာဝတီမှ တပ်မတော်နှင့် AA ကို မေးမြန်းရာ ၎င်းတို့ နှစ်ဖက် လုံးက ပြည်သူလူထု ထိခိုက်မည့် နေရာများတွင် မိုင်းမထောင်သဖြင့် အရပ်သားများ ထိခိုက်သည့် မိုင်းများမှာ ၎င်းတို့ မိုင်းများ မဟုတ်ပါဟု ငြင်းဆိုကြခြင်း ဖြစ်သည်။
AA၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက “တပ်မတော်က သူတို့စစ်ကြောင်း လုံခြုံရေးအတွက် တပ်စခန်း ချတဲ့ နေရာတိုင်း ပတ်ပြီး မိုင်းထောင်တာ ရှိတယ်။ ရွာမှာ တပ်စခန်းချရင်လည်း ရွာကို ပတ်ပြီး မိုင်းထောင်တယ်။ သွား ခါနီးကျ ပြန်ဖော်တာ မရှိဘူး။ ဒီတိုင်းထားခဲ့တယ်။ ဒီမိုင်းတွေက စွန့်လွှတ်မိုင်းတွေ ဖြစ်သွားတာ။ အခု ပြည်သူတွေထိ နေတဲ့ မိုင်းတွေက မြန်မာစစ်တပ်ဘက်က စည်းမဲ့ကမ်းမဲ့ ထောင်ထားခဲ့တဲ့ မိုင်းတွေက ပြည်သူတွေကို ထိနေတာ” ဟု ပြောသည်။
AA ဘက်မှ မြေမြှုပ်မိုင်း အသုံးပြုခြင်း မရှိပါဟုလည်း ဦးခိုင်သုခက ငြင်းဆိုသည်။
ဦးခိုင်သုခက “မြေမြှုပ်မိုင်းကို မသုံးဘဲနဲ့ နည်းပညာတွေနဲ့ စနစ်တကျ ထိန်းချုပ်ပြီး ပစ်မှတ်ကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်တဲ့ မိုင်းအမျိုးအစားတွေပဲ ကျနော်တို့က သုံးတာ ရှိတယ်” ဟု ဆိုသည်။
ရခိုင်ပြည်နယ် စစ်မြေပြင်တွင် တပ်မတော် စစ်ကြောင်းများနှင့် တပ်မတော်ဘက်မှ အသုံးပြုသည့် ကားများကို မိုင်းခွဲ တိုက်ခိုက်မှုများ ပြုလုပ်သည်ဟု ပြောသော်လည်း AA ဘက်မှ အသုံးပြုသည့် မိုင်းအမျိုးအစားများကို မေးမြန်းရာ အတိ အကျ ထုတ်ပြောရန် ဦးခိုင်သုခက ငြင်းဆိုသည်။
ဦးခိုင်သုခက “အကြောင်း တစုံတခုကြောင့် ခွဲစရာ မလိုဘူးဆိုရင် ကျနော်တို့ အဲဒီမိုင်းကို အချိန်မရွေး ပြန်ယူသွားလို့ ရ တယ်။ ပြည်သူလူထုတွေ နင်းမိရင်လည်း အဲဒီမိုင်းက ဘာမှ မဖြစ်တဲ့ မိုင်းမျိုး။ ကျနော်တို့ ခွဲမှပဲ ကွဲတာ။ အဲဒီလိုမျိုး ဥစ္စာတွေပဲ ကျနော်တို့က သုံးတာ။ ကျနော်တို့ဘက်က အသုံးပြုတဲ့ မိုင်းတွေကတော့ ပြည်သူ ထိခိုက်စရာ အကြောင်း လုံးဝ မရှိဘူးခဗျ” ဟုလည်း ဆိုသည်။
တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တပ်မတော်၊ တပ်ဖွဲ့ဝင်များအနေဖြင့် ရခိုင် ပြည်နယ်၊ စစ်မြေပြင်တွင် တပ်စခန်း လုံခြုံရေးအတွက်သာ မိုင်းထောင်ပြီး တပ်စခန်း ပြန်ရုပ်သိမ်းပါက မိုင်းအားလုံးကို ပြန်ဖော်သွားပါသည်ဟု ဖေဖော်ဝါရီ ၃ရက်က နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆို ထားသည်။
မိုင်းထောင်သည့် နေရာများကိုလည်း စနစ်တကျ မှတ်ပုံတင်ပြီး မှတ်တမ်းဖြင့်ထားကာ မလိုအပ်ပါက ပြန်ဖော်သွားပါ သဖြင့် အရပ်သားများ ထိခိုက်သည့် မိုင်းမှာ တပ်မတော်၏ မိုင်းများ မဟုတ်ပါ ဟုလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ငြင်းဆိုထားသည်။
ရခိုင်ပြည်နယ်တွင်း တပ်မတော် စစ်ကြောင်းများ ကျေးရွာများအနီး သွားလာစဉ် တပ်မတော်သားများ မိုင်းနင်းမိသည့် အဖြစ်များလည်း ရှိပါသည်ဟုလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက သတင်းစာ ရှင်းလင်းပွဲ၌ ပြောသည်။
“ကပစက မိုင်းဆိုပြီး ပြောတာတွေ ရှိပါတယ်။ ကပစက မိုင်းနဲ့ ပတ်သက်လို့ကျတော့ ကပစ က မထုတ်တဲ့ မိုင်းအမျိုး အစားတွေကို ဓာတ်ပုံတွေ ပျံ့နှံ့နေတာ ရှိပါတယ်။ ဒီဓာတ်ပုံတွေက လုပ်ကြံဖန်တီးလို့ ရပါတယ်။ ကျနော်တို့ အနေနဲ့ ကတော့ ဒီဟာနဲ့ ပတ်သက်ပြီး လက်လွှတ်စပယ် မိုင်းထောင်တာ လူသွားလမ်းတွေမှာ မိုင်းထောင်တာ မရှိဘူးလို့ ပြောချင်ပါတယ်” ဟုလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဇန်နဝါရီလ အတွင်း မိုင်းနင်းမိသူ ၈ ဦးမှာ မင်းပြားမြို့နယ်၊ ထိန်ပင်အုပ်စု၊ ရွှေကျန် ကျေးရွာမှ ကလေး ၃ ဦးနှင့် အမျိုးသမီး ၅ ဦး ဖြစ်ပြီး ဇန်နဝါရီ ၁၉ ရက်က ထင်းရှာသွားရင်း မိုင်းနင်းမိကြခြင်း ဖြစ် သည်။
ဇန်နဝါရီ ၁၉ ရက်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ဗုဒ္ဓေါ ကျေးရွာမှ ဦးသန်းထွန်းမှာလည်း ရွာအနီးတောထဲတွင် ထင်းရှာ သွားရင်း မိုင်းနင်းမိကာ ခြေချင်းဝတ် ပြတ်ထွက်ပြီး ခန္ဓာကိုယ်တွင် ဒဏ်ရာများ ရရှိထားသည်။
ဖေဖော်ဝါရီ၂ ရက်က ရသေ့တောင်မြို့နယ်၊ အမျက်တောင်ကျေးရွာ အနီး ကျွဲနွားပျောက်ရှာရင်း အရပ်သား ဦးသိန်းစိုး နိုင် မိုင်းနင်းမိပြီး လာကယ်မည့်သူ မရှိသဖြင့် သွေးထွက်လွန်ပြီး သေဆုံးသွားသည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ် အစောပိုင်းက မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်များမှလွဲ၍ ကျန်မြို့နယ်များတွင် မိုင်းအန္တ ရာယ်မရှိခဲ့ကြောင်း နိုင်ငံတကာ မြေမြှုပ်မိုင်းစောင့်ကြည့် လေ့လာရေး အဖွဲ့များ၏ အစီရင်ခံစာများတွင် ဖော်ပြထား သည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် ကုလသမဂ္ဂကလေးများ ရံပုံငွေ (UNICEF) တို့မှ ပူးပေါင်းထားသည့် မိုင်းအန္တရာယ် အသိပညာပေး လုပ်ငန်းအဖွဲ့၏ စာရင်းပြုစုချက်များ အရလည်း ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ၂၀၁၇ ခုနှစ်အတွင်း အကြမ်းဖက် ARSA အဖွဲ့၏ တိုက်ခိုက်မှုများကြား မိုင်းထိခိုက်မှုများ စတင်ရှိလာ ကာ ၂၀၁၈ ခုနှစ်မှ ယနေ့ထိ တပ်မတော်နှင့် AA ကြား စစ်ရေးတင်းမာမှုများ ရှိလာပြီးနောက်မှသာ မိုင်းအန္တရာယ်များ ရှိလာခြင်း ဖြစ်သည်ဟု သိရသည်။
မိုင်းအန္တရာယ် အသိပညာပေး လုပ်ငန်းအဖွဲ့မှ ဦးကျော်ဝင်းဦးက “ဘယ်သူမှတော့ သူတို့ လုပ်တယ်လို့ မပြောဘူး။ နောက်တခု ကျနော်တို့အနေနဲ့ ဘယ်သူ အသုံးပြုတယ်၊ ဘယ်သူထောင်တယ် ဆိုတာ သိဖို့ ခဲယဉ်းပါတယ် ခင်ဗျ။ အဓိက ကျနော်တို့ လုပ်နိုင်တာကတော့ အရပ်သားတွေကို သူတို့ ရင်ဆိုင် ကြုံတွေ့နေရတဲ့ အန္တရာယ်ကနေ လျော့ကျဖို့ ထိခိုက်မှု လျော့ကျဖို့ မိုင်းအန္တရာယ်အသိပညာပေး လုပ်နိုင်တာ တခုပဲ ရှိပါတယ်” ဟု ပြောသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် မိုင်းနင်းမိကြသည့် အရပ်သားများမှာ ၎င်းတို့ နေ့စဉ် လုပ်ကိုင်နေသည့် ဟင်းရှာခြင်း၊ ထင်းခွေခြင်းများကို ရွာများအနီး တောတောင်များ အနီး သွားရှာဖွေရင်း မိုင်းနင်းမိကြခြင်း ဖြစ်သည်ဟုလည်း ဦးကျော် ဝင်းဦးက ဆိုသည်။
၎င်းက ဆက်လက်၍ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက် တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ပေါက်တောမြို့နယ် အားလုံးတွင် မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်း အန္တရာယ်များရှိ နိုင်သည့် နေရာများ ဖြစ်သည်ဟု ၎င်းတို့အဖွဲ့မှ သတ်မှတ် ထားပါသည်ဟု ပြောဆိုသည်။
မိုင်းအန္တရာယ် အသိပညာပေး လုပ်ငန်းအဖွဲ့၏ စာရင်းပြုစုချက်များ အရ ၂၀၁၉ ခုနှစ်အတွင်း ရခိုင်ပြည်နယ် မြောက် ပိုင်းတွင် မိုင်းနင်းမိသည့် အရပ်သား ၅၈ ဦး ရှိပြီး ထိုအထဲမှ ၁၉ ဦးမှာ အသက်သေဆုံးထားသည်။
ဆက်စပ်ဖတ်ရှုရန်
ရှမ်းနှင့် ရခိုင်တွင် မိုင်းနင်းမိ၍ အရပ်သား၂ ဦး သေ၊ ၁ ဦး ဒဏ်ရာရ
ရခိုင်တိုက်ပွဲကြောင့် မြေမြှုပ်မိုင်း အသုံးပြုမှု စာရင်း၌ ၄မြို့နယ် ထပ်တိုးလာ
ပုဏ္ဏားကျွန်းတွင် အရပ်သား ၁ ဦး မြေမြှုပ်မိုင်း နင်းမိ၍ ခြေပြတ်
ပလက်ဝတွင် အရပ်သား ၃ ဦး ဖမ်းဆီးသတ်ဖြတ်ခံရမှု တပ်နှင့် AA ငြင်းဆို
ဘူးသီးတောင် မိုင်းပေါက်ကွဲ၊ ကလေး ၄ ဦး သေ၊ ၆ ဦး ဒဏ်ရာရ
၂၀၁၉ ခုနှစ် အတွင်း မိုင်းကြောင့် သေဆုံးသူ ၄၀ ကျော်၊ ဒဏ်ရာရရှိသူ ၁၆၀ ကျော်ရှိဟု ဆို