ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်း ယမန်နေ့ ညနေ ၆ နာရီကျော် အချိန်က ကျေးရွာများသို့ လက်နက်ကြီး ကျ ရောက် ပေါက်ကွဲသည့်အတွက် အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ် ရာရှိခဲ့ကြောင်း သတင်း ရရှိသည်။
လက်နက်ကြီးကျ၍ ဒဏ်ရာရရှိသူများမှာ ရသေ့တောင်မြို့နယ် ဆောက်ခတ်ကျေးရွာမှ အသက် ၇၀ အရွယ် ဒေါ်ဘုံမကြီး၊ ရေဘုတ်ရွာမှ ၄၆ နှစ် အရွယ် ဒေါ်ယဉ်ကျော့နုနှင့် ၁၈ နှစ်အရွယ် မစောတင်မာတို့ ဖြစ်သည်။
ဒဏ်ရာရရှိခဲ့သူ မစောတင်မာက “မနေ့က ညနေ ၆ နာရီလောက် ရှိပါမယ်။ ညီမတို့အိမ်မှာ ထိုင်နေကြတဲ့အချိန် အိမ်ရှေ့ သစ်ပင်ပေါ်ကို လက်နက်ကြီး လာကျပါတယ်။ အဲဒီကနေ အစအနတွေ လာမှန်တာပါ။ အသံတွေ ဂျိမ်းဂျိမ်းဆိုပြီး အဆက် မပြတ် ကြားပါတယ်။ လက်နက်ကြီးကတော့ ဘယ်က ပစ်မှန်းမသိဘူး။ မြစ်ထဲက ဘက်ကလာတယ်လို့တော့ ထင်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဒေသခံ ကျေးရွာသားများ၏ အဆိုအရ ယမန်နေ့ ညနေပိုင်းက တိုက်ပွဲ ဖြစ်ပွားမှုမရှိဘဲ ယင်းမြို့နယ် ထီးစွဲကျေးရွာအနီးမှ မေယုမြစ်ကြောင်း အတိုင်း ဆန်တက်လာသော တပ်မတော် ရေတပ်ကနေ မြစ်အရှေ့ဘက်ကမ်းနှင့် အနောက်ဘက် ကမ်း များကို လှမ်းပစ်ရာကနေ ထိမှန်ခဲ့ခြင်း ဖြစ်ကြောင်း ပြောဆိုသည်။
ထိုသို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲမှုကြောင့် အိမ်ခြေ ၂၀၀ ကျော်ရှိသည့် ရေဘုတ်ကျေးရွာသားများမှာလည်း ဗုံး ခိုကျင်းထဲသို့ ဝင်ရောက် ပုန်းခိုခဲ့ရကြောင်း သိရသည်။
ရသေ့တောင် မဲဆန္ဒနယ်မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က “ကျနော်တို့ သိရသလောက်က တော့ မေယုမြစ်ကြောင်းအတိုင်း တက်လာတဲ့ တပ်မတော် နေဗီကနေ မြစ်ကြောင်း ဝဲ ယာကို ပစ်ခတ်တယ်။ မြစ်ရဲ့ အရှေ့ ဘက်ကို ပိုပြီး ပစ်တယ်လို့ ပြောတယ်။ မိုးရွာသလို ရွာတယ်လို့ ပြောတယ်။ အဲဒီကနေ ပစ်တဲ့ လက်နက်ကြီး ကျည်တွေက ရွာတွေကို လာပြီး ကျတာ” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိ အချိန်တွင် လက်မောင်းတွင် ဒဏ်ရာရရှိသူ ဒေါ်ဘုံမကြီးကို ရသေ့တောင် ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုခံ ယူနေရသလို ရေဘုတ်ရွာမှ ခြေထောက်နှင့် တင်ပါးတွင် ဒဏ်ရာရရှိခဲ့သူ အမျိုးသမီး၂ ဦးကိုတော့ စစ်တွေ ဆေးရုံသို့ ပို့ ဆောင်ထားပြီး ဆေးကုသမှုကို ခံယူလျက်ရှိသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဧရာဝတီမှ တပ်မတော် သတင်းပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း၊ အနောက် ပိုင်း စစ်ဌာနချုပ်မှ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းတို့ထံ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရှိခဲ့ပေ။
ယခု ဖေဖော်ဝါရီလ ၃ ရက်ကလည်း ရသေ့တောင်မြို့နယ် ပြိန်းတောအုပ်စု ကုန်တန်းကျေးရွာမှ အသက် ၂၈ နှစ်အရွယ် မူလတန်းပြ ဆရာမ ဒေါ်ခင်ဌေးဝင်းသည် နေအိမ်အတွင်း လက်နက်ကြီးကျပေါက်ကွဲကာ ရင်ဘတ်ကို ကျည်ဆန်ထိမှန်ခဲ့ သည့်အတွက် လက်ရှိ အချိန်အထိ စစ်တွေ ဆေးရုံကြီး၌ တက်ရောက်ကုသနေလျက် ရှိသည်။
အလားတူ ဖော်ဖော်ဝါရီလ ၃ ရက် မနက်ပိုင်းကလည်း ကျောက်တော်မြို့ပေါ်သို့ လက်နက်ကြီးကျည်ဆန် ကျရောက် ပေါက်ကွဲသည့်အတွက် အသက် ၂၄ နှစ် အရွယ် ကလေး မိခင် ၁ ဦး သေဆုံးကာ အမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ သည်။
ဖေဖော်ဝါရီလ ၂ ရက်ကလည်း ရသေ့တောင်မြို့နယ်ထဲက ပြိန်းတော ကျေးရွာထဲသို့ လက်နက်ကြီး ကျည်ဆန်ကျရောက် ပေါက်ကွဲသည့်အတွက် အသက် ၄၆ နှစ်အရွယ် ဒေါ်မဲခိုင်တို့ မိသားစုဝင် ၃ ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
လက်ရှိအချိန်တွင် ဒေါ်မဲခိုင်နှင့်အတူ သား ၁ ဦးမှာ ဒဏ်ရာပြင်းထန်သည့်အတွက် စစ်တွေဆေးရုံ၌ အတွင်းလူနာအဖြစ် တက်ရောက်ပြီး ကုသမှုကို ခံယူနေရသည်။
ရခိုင်ပြည်နယ် အတွင်း ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြေပုံမြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို ဖေဖော်ဝါရီလ ၃ ရက် ညနေ ၁၀ ရီအချိန်ခန့်က အစိုးရကနေ အင်တာနက်လိုင်းများ ထပ်မံ ဖြတ်တောက်ခဲ့သည်။
ထိုသို့ အင်တာနက် ဖြတ်တောက်ပြီး နောက်တနေ့ ဖေဖော်ဝါရီလ ၄ ရက်၌ ရသေ့တောင်မြို့နယ် အတွင်း နှစ်ဖက်တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြကာ တပ်မတော်ကနေ ကြည်း ၊ ရေ၊ လေ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ နှစ်ဖက် တိုက်ပွဲအတွင်း AA အဖွဲ့မှ ထိခိုက်ကျဆုံးမှု များပြားခဲ့ကြောင်းလည်း တပ်မတော်က ထုတ်ဖော် ပြောကြား ထားသည်။
နှစ်ဖက်တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့မှုကြောင့် ယင်းမြို့နယ် အတွင်းမှ မုံညှင်းတောင်၊ ညောင်ပင်လှ၊ ပြိန်းတော၊ ကုန်တန်း၊ သမီးလှ စသည့် ကျေးရွာများမှ ဒေသခံ ပြည်သူ ၅၀၀၀ ကျော်မှာလည်း ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရ ကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန်
စစ်ရှောင်စခန်းများသို့ ပညာရေး မူဝါဒကော်မရှင် ကွင်းဆင်းရန် ရခိုင်အမတ်ပြော
ပလက်ဝမြို့နယ်မှ ရဲဝန်ထမ်း လစာငွေ ကျပ်သိန်း ၄၀ ကျော် အလုခံရ
ရသေ့တောင်တွင် မူလတန်းပြ ဆရာမ ၁ ဦး လက်နက်ကြီး ထိမှန်
အင်တာနက်ပိတ်ခြင်းက နိုင်ငံသား အခွင့်အရေးမညီမျှမှု ဖြစ်ဟု ရခိုင်လွှတ်တော်ဥက္ကဋ္ဌ ဝေဖန်
ရခိုင်စစ်ပွဲကြောင့် စစ်ဘေးရှောင် ၁သိန်း ၆သောင်းကျော်ရှိလာဟု REC ထုတ်ပြန်