မဇင်သစ်လင်းသည် ပုံမှန်အားဖြင့် သူ၏မွေးနေ့ကို သူ၏မိသားစု၊ သူငယ်ချင်းများနှင့် ကျင်းပလေ့ရှိသည်။ သို့သော် ယခုနှစ်တွင်မူ သူ့တွင် ကိုရိုနာဗိုင်းရပ်ပိုးကူးစက်ခံထားရခြင်း ရှိ မရှိ စောင့်ကြည့်ရန် မန္တလေးမြို့တွင် ရောဂါခြေချုပ်ဖြင့် မွေးနေ့ကို ဖြတ်သန်းခဲ့ရသည်။ ထို့ကြောင့် ယခုနှစ်မွေးနေ့က ခါတိုင်းနှစ်လိုမဟုတ်မည်ကိုတော့ မဇင်သစ်လွင်က သိထားခဲ့သည်။
ရန်ကုန်က သူ၏အိမ်နှင့် အလွန်ဝေးသည့်နေရာ မန္တလေးရှိ သီးသန့်လူနာဆောင်တခုတွင် ထို့နေ့က သူ နေနေရသည်။ အထီးကျန်ခြင်းကလွဲ၍ များများစားစား သူ မမျှော်လင့်ခဲ့ပေ။ သို့သော်လည်း ရုတ်တရက်မမျှော်လင့်ဘဲ အံ့သြစွာ မွေးနေ့ကိတ်၊ ရေခဲမုန့်နှင့် ဖက်ထုပ်ကြော် ထုပ်တခုကို အင်္ဂါနေ့က လက်ခံမရရှိမီကသာဖြစ်သည်။ ယင်းနေ့က သူ၏ ၂၃ နှစ်မြောက်မွေးနေ့ဖြစ်သည်။ ပို၍အံ့သြစရာကောင်းသည်မှာ လက်ဆောင်များက သူ၏မိသားစုနှင့် သူငယ်ချင်းများထံမှ မဟုတ်ပေ။ မန္တလေးမြို့တော်ဝန်ဆီက လာခြင်းဖြစ်သည်။
မွေးနေ့ရှင် မဇင်သစ်လင်းက တရုတ်နိုင်ငံ ဗိုင်းရပ်ကူးစက်ပြန်နှံ့နေသည့် ဝူဟန်မှ ဖေဖော်ဝါရီ ၂ ရက်နေ့က ဘေးလွတ်ရာမြန်မာနိုင်ငံသို့ ကယ်ထုတ်ခံခဲ့ရသည့် ကျောင်းသားများထဲမှ တဦးဖြစ်သည်။ သူသည် လောလာဆယ် မန္တလေးရှိ ကန်တော်နဒီဆေးရုံတွင် ဘဝတူကျောင်းသား ၅၈ ဦးနှင့်အတူ သီးခြားခွဲ၍စောင့်ကြည့်ခံနေရသည်။
မဇင်သစ်လင်းသည် ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မှဖြစ်ပြီး ဝူဟန်တက္ကသိုလ်တွင် နိုင်ငံတကာဆက်ဆံရေးဘာသာရပ်ကို သင်ကြားလျက်ရှိကာ ဝူဟန်သို့ရောက်ရှိနေခဲ့သည်မှာ ၁ နှစ်ခွဲခန့်ရှိပြီဖြစ်သည်။ သူ၏မွေးနေ့ဖြစ်သည့် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် မန္တလေးမြို့တော်ဝန်က ထိုနေ့သည့် သူ၏ မွေးနေ့လားဟု မေးခဲ့ကြောင်း သူ၏ဖေ့စ်ဘွတ်စာမျက်နှာတွင် ရေးသားခဲ့သည်။ ထို့နောက် သူသည် မွေးနေ့ကိတ်၊ ရေခဲမုန့်များနှင့် ဖက်ထုပ်ကြော် တို့ကို လက်ခံရရှိတော့သည်။
“ဒီနေ့ကတော့ ကျမဘဝမှာ လုံးဝ မေ့လို့ မရတဲ့၊ တန်ဖိုးမဖြတ်နိုင်တဲ့ ၂၃ နှစ်ပြည့် မွေးနေ့လေးပါပဲ။ ဒီလောက်ထိ ကိုယ် မထင်ထားလောက်အောင် မန္တလေးက ပိုပြီး ဂရုစိုက်မိတော့ မနေတတ်လာက်အောင် ပျော်ရွှင်မြူးတူးမိတာ ဆိုတာ အကြိမ်ကြိမ်ပဲ။ မန္တလေးမြို့တော်ဝန်ကြီး၊ Myanmar Restaurant Association Mandalay၊ Cafe House တို့ကို လက်ဆယ်ဖြာ ထိပ်မှာ မိုးပြီး ရင်ထဲကနေ ဂါဝရ ပြုလိုက်ပါသည်။ ကျွန်မရဲ့ အရေးပါဆုံး နေ့တစ်နေ့ကို ဒီလို ခြေနေပေါင်းများစွာနဲ့ အလုပ်ရှုပ်နေတဲ့ ကြားထဲက အချိန်ပေး သတိတရနဲ့ လုပ်ပေးလို့ ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားထက် ပိုတာရှိရင် ပြောချင်မိပါတယ်” ဟု မဇင်သစ်လွင်က မွေးနေ့ကိတ်၊ စားစရာများ၏ ဓါတ်ပုံများနှင့်အတူ ရေးတင်ခဲ့သည်။
ရောဂါခြေချုပ်အခန်းထဲတွင် သူ၏မွေးနေ့ကို တယောက်တည်း မည်သို့ဖြတ်သန်းရမည်ကို စဉ်းစားနေခဲ့ကြောင်း၊ သို့သော်လည်း မြို့တော်ဝန်ဆီက အံ့သြစရာလက်ဆောင်များက သူ၏မွေးနေ့ကို ထူးခြားစေခဲ့ကြောင်း မဇင်သစ်လွင်က The Irrawaddy သို့ ဖုန်းဖြင့် ပြောသည်။
“နှစ်တိုင်းတော့ ညီမရဲ့မွေးနေ့တွေကို သူငယ်ချင်းတွေ မိသားစုဝင်တွေနဲ့ပဲ ကျင်းပဖြစ်တာပါ။ ဒီနှစ်တော့ တယောက်တည်းဆိုတော့ အရင်လို မပျော်ရဘူး၊ အထီးကျန်တော့ဖြစ်မယ်လို့ တွေးပြီး ဝမ်းနည်းခဲ့ရတယ်။ အခြေအနေက ဒီလိုဖြစ်လာတော့လည်း ဘယ်တတ်နိုင်မလဲပေါ့ဆိုပြီး ဒီတိုင်းနေတာပေါ့နော်။ ဒါပေမယ့် ဒီနှစ်မွေးနေ့က ညီမဘဝမှာ အခမ်းနား အကြီးကျယ်ဆုံး အကောင်းဆုံးမွေးနေ့ပါ။ ဒီနေ့ကို စီစဉ်ပေးတဲ့သူတွေကိုရော နွေးနွေးထွေးထွေးနဲ့ ဧည့်ဝတ်ကျေတဲ့ မန္တလေးမြို့သူမြို့သားတွေကိုရော အမြဲတမ်းသတိရနေမှာပါ” ဟု သူကပြောသည်။
ရောဂါခြေချုပ်မိနေသည့် မွေးနေ့ရှင်မိန်းကလေးထံမှ ကျေးဇူးတင်ပါသည် ဆိုသည့် စာတိုကလေးသည် ကိုရိုနာဗိုင်းရပ်ကို အကောင်းဆုံးကိုင်တွယ်နိုင်ရန် မြန်မာနိုင်ငံက ရုန်းကန်နေရစဉ် လူပြောများသည့် အကြောင်းအရာဖြစ်လာခဲ့သည်။
သူတို့၏ ရောဂါခြေချုပ်ကာလ ၁၄ ရက်အတွင်း ကျောင်းသားများကို ဂရုစိုက်မှုအား မီးမောင်းထိုးပြသော သူ၏စာက လူမှုမီဒီယာတွင် ကျယ်ပြန့်စွာပြန်နှံ့သွားသည်။ မွေးနေ့ရှင်မိန်းကလေး၏ စာကို မျှဝေခဲ့သူအများအပြားက ရောဂါခြေချုပ်မိသူများကို ပံ့ပိုးကူညီသည့်အတွက် အာဏာပိုင်များနှင့် မန္တလေးပြည်သူများကို ကျေးဇူးတင်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရ၊ မြို့တော်ဝန်နှင့် ၎င်း၏ စောင့်ကြည့်တုံ့ပြန်ရေးအဖွဲ့ (SRT)နှင့် အလှူရှင်များကိုလည်း ချီးကျူးကြောင်း ဖော်ပြခဲ့ကြသည်။
ကျောင်းသားများအတွက် ကြ်ိုတင်ပြင်ဆင်သည့်အနေဖြင့် မြို့တော်ဝန်ဦးဆောင်ဆောင်သော SRT အဖွဲ့သည် နှစ်ရှည်လများ ပိတ်ထားခဲ့သည့် ကန်တော်နဒီဆေးရုံကို ပိုးသတ် သန့်ရှင်းခဲ့ကြသည်။ ရောဂါခြေချုပ်ခန်းတိုင်းကို တက်ိုယ်ရေ သန့်ရှင်းရေးပစ္စည်းများ၊ ရေနွေး၊ သောက်ရေ၊ လက်ဖက်ရည်၊ ကော်ဖီ၊ စားစရာ၊ အဝတ်အထည်နှင့် အမျိုးသမီးသုံးပစ္စည်းများပင် ထားပေးသည် အထိ အသေးစိတ် စီမံခဲ့သည်။
ဒေသခံ အလှူရှင်များ၏ ပံ့ပိုးမှု ဂရုစိုက်မှုကလည်း လူအများ၏ နှလုံးသားကို ထိမှန်စေခဲ့သည်။ ၎င်းတို့က ရောဂါခြေချုပ်ကျောင်းသားများအပြင် တာဝန်ကျ ကျန်းမာရေးဝန်ထမ်းများနှင့် လုံခြုံရေး ဝန်ထမ်းများအတွက် အစားအစာများ ၊အကာအကွယ်ဝတ်စုံများ၊ မျက်နှာဖုံးများ၊ ဆေးဝါးများ၊ သွားရေစာများ အစရှိသည်တို့ကို လိုလေသေးမရှိ ပံ့ပိုးကူညီကြသည်။
ဝူဟန်သို့ ခရီးသွားခဲ့သည့် ဆရာဝန်များအပါအဝင် ကန်တော်နဒီဆေးရုံတွင် ရောဂါခြေချုပ်ဖြင့် ခွဲခြားစောင့်ကြည့်ကုသခဲ့သူ ၅၉ ဦးမှာ ကျန်းမာရေးကောင်းမွန်ပြီး ကိုရိုနာဗိုင်းရပ်ရောဂါလက္ခဏာများ မရှိကြောင်း၊ သို့သော်လည်း ၎င်းတို့အား စောင့်ကြည့်ဆဲသာဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဋ္ဌာနက အင်္ဂါနေ့တွင် ကြေညာခဲ့သည်။
ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခံရသည့် ကျောင်းသားများကလည်း မြို့တော်ဝန်၊ SRT အဖွဲ့နှင့် အစိုးရကို ၎င်းတို့၏ပံ့ပိုးကူညီမှုအတွက် မြို့တော်ဝန်၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် စာတ်ိုလေးများရေးသားခြင်းဖြင့် ကျေးဇူးတင်ကြောင်းဖော်ပြခဲ့ကြသည်။
မြို့တော်ဝန်ဦးရဲလွင်အတွက် ယင်းချီးကျူုးမှုသည် မကြာသေးခင်နှစ်များအတွင်း မြို့အတွက် ၎င်း၏ဆောင်ရွက်ပေးမှုအပေါ် ပြည်သူလူထု၏အကောင်းမြင်သည့် တုံ့ပြန်မှုများစွာထဲက နောက်ဆုံးတခုဖြစ်သည်။
ဦးရဲလွင်သည် မြို့တော်ဝန်အဖြစ် တာဝန်စတင်ထမ်းဆောင်ချိန်မှစ၍ မန္တလေးစည်ပင်ကော်မတီကို ပြုပြင်ပြောင်းလဲခဲ့သည်။ ၎င်း၏ခေါင်းဆောင်မှုအောက်တွင် နန်းမြို့တော်ဟောင်း မန္တလေးသည် ချောမွေ့သည့် လမ်းသစ်များ၊ လမ်းမီးသစ်များရှိလာပြီး အဆင့်မြင့် အချိန်နှင့်တပြေးညီ ယာဉ်ကျောထိန်းချုပ်ရေးစနစ်တခုကိုလည်း အကောင်အထည်ဖော်ခဲ့သည်။ မြို့၏ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုက မြို့ကို ထူးထူုးခြားခြား စတင်တိုးတက်စေခဲ့သည်။
ဦးရဲလွင်သည် မန္တလေးကို စမတ်စီးတီးအဖြစ်သို့ ပြောင်းလဲရန် အဖွဲ့တဖွဲ့ ဖွဲ့စည်းခဲ့ပြီး ၂၀၁၉ တွင် မြန်မာနိုင်ငံ ၏ ပထမဆုံး စမတ်စီးတီးဖြစ်လာခဲ့သည်။ ၎င်းအဖွဲ့သည် လက်ရှိအချိန်တွင် မြို့၏ လျှပ်စစ်၊ ရေနှင့် ယာဉ်အသွားအလာ တိုးတက်စေရန် လုပ်ဆောင်လျက်ရှိပြီး မန္တလေး၏ မြေပုံကိုလည်း ဒစ်ဂျစ်တယ်မြေပုံတခုဖန်တီးရန် စကင်ဖတ်နေသည်။
ဦးရဲလွင်နှင့် ၎င်းဦးဆောင်သည့် SRT အဖွဲ့၏ လုပ်ဆောင်မှုအပေါ် ချီးကျူးမှုများနှင့်အတူ ရန်ကုန်မြို့ ဝေဘာဂီ ဆေးရုံရှိ သံသယ လူနာများ၏ နေထိုင်စားသောက်ရေးအတွက် ပူပန်မေးမြန်းမှုများမှာ လူမှုကွန်ယက်ပေါ်တွင် ပြန့်နှံ့လာသည်။
ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ၊ ဝူဟန်မြို့မှ ကျောင်းသားများကို သွားရောက်ခေါ်ယူခဲ့သည့် လေယာဉ်အမှုထမ်း ၅ ဦးသည် ဝေဘာဂီဆေးရုံတွင် ရှိနေပြီး ကျန်းမာရေးမှာလည်း ကောင်းမွန်လျက်ရှိသည်ဟု သိရသည်။ ထို့အတူ မိမိတို့၏ နေအိမ်မှာတွင် သီးသန့်နေထိုင်နေသော လေယာဉ်မှူးကြီးနှင့် အခြား အမှုထမ်း ၂ ဦးများလည်း ကျန်းမာစွာ ရှိနေသည်ဟု ဆိုသည်။
ထိုင်ပေမှ လာသည့် ၁၅ နှစ်အရွယ်အမျိုးသား၊ ကူမင်းမှ လာသည့် လေယာဉ်ပေါ်မှ ၅၆ နှစ်အရွယ် တရုတ်နိုင်ငံသားတို့မှာလည်း သံသယလူနာအဖြစ် ဝေဘာဂီဆေးရုံတွင် စောင့်ကြည့်ကုသမှု ခံယူနေရာ ၎င်းတို့သည် ကျန်းမာရေးများ ကောင်းမွန်နေကြောင်း၊ ကူမင်းမှ လာသူ တရုတ်နိုင်ငံသားမှာ နေကောင်းသက်သာပြီဖြစ်၍ ဆေးရုံဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
ထို့အတူ အသက် ၃၂ နှစ်အရွယ် ဖျားနာနေသည့် တရုတ်နိုင်ငံသားသည် ဝေဘာဂီ ဆေးရုံတွင် သံသယ လူနာအဖြစ် စောင့်ကြည့်ကုသမှု ခံယူနေသည်ဟု ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
“သံသယ လူနာတွေ ဒီလို အခြေအနေတွေ ရှိနေပါတယ်ဆိုတာ ထုတ်ပြန်ထားတော့ သူတို့ ကျန်းမာရေးအခြေအနေကတော့ သိရတယ်။ ဒါပေမယ့် သူတို့ကို ဘယ်လိုထားသလဲ၊ သူတို့နေရေးစားရေးတွေ ဘယ်လိုစီစဉ်ထားသလဲ ဆ်ိုတာကိုက မန္တလေးမှာလို မသိရဘူး” လို့ ကိုယ်ပိုင်ကျောင်းဖွင့်လှစ်ထားသူ ဦးကျော်ဟိန်းက ပြောပါတယ်။
“အခန်းထဲမှာ ပိတ်ထားခံရ၊ နေမကောင်းလို့လည်း ကုသခံနေရတဲ့သူဆိုတာ စိတ်ခွန်အားတွေ ပေးဖို့ အများကြီးလိုတယ်။ ဒီအတွက် ရန်ကုန်မှာက ဘယ်လိုစီစဉ်ပေးထားသလဲဆိုတာ မသိရဘူးပေါ့။ ဒီလိုပဲ ရောဂါထိန်းချုပ်ရေးအတွက်က ဘယ်နေရာ ဘာကို ဘယ်လိုလုပ်နေတယ်ဆိုတာ ပွင့်ပွင့်လင်းလင်းသိရဖို့ လိုတယ်။ ဒါမှလည်း ဒါကတော့ဖြင့် ဒီလိုစီစဉ်ထားလို့ စိုးရိမ်စရာ မလိုဘူး၊ ဒါမှ သတင်းအမှားတွေကို ချေဖျက်နိုင်မယ်၊ လူထုကလည်း စိုးရိမ်လွန် စိုးရိမ်ကြီးပြီး လျှောက်လုပ်တာတွေ လျော့မယ်။ ခု မန္တလေးမှာက SRT အဖွဲ့က ဘယ်လိုစီစဉ်ထားတယ်ဆိုတာ ပတ်ဝန်းကျင်က သိရတော့ တော်တော့ကို စိတ်အေးရတယ်” လို့ သူကပြောပါတယ်။
( Zarni Mann ၏ Mandalay Mayor Lights the Cake for Quarantined Myanmar Birthday Girlကို ဘာသာပြန်သည်။)
ပြည်သူတွေအနေနဲ့ စိုးရိမ်စိတ် မလွန်ကဲစေချင်ဘူး
ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ရန် အခွင့်အလမ်းရှိဟု WHO ပြော
ဝူဟန်တုတ်ကွေး ဖျားရာက ပြန်ကောင်းလာသူများလည်း တိုးလာနေ