ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ပင်လုံလမ်းနှင့် အဏ္ဍဝါလမ်းထောင့်ရှိ စီဘီဘဏ်တွင် ယနေ့မနက်ပိုင်းဖြစ်ခဲ့သည့် လုယက်မှု ဖြစ်ပွားရာတွင် တရားခံ အသုံးပြုခဲ့သည်ဟု သံသယ ရှိသော အငှားကားနှင့် ယာဉ်မောင်းကို ရှာဖွေတွေ့ရှိခဲ့ထားပြီး စစ်ဆေးနေကြောင်း သာကေတမြို့နယ် ရဲတပ်ဖွဲ့ စခန်းမှူးဖြစ်သူ ဒုရဲမှူး မင်းသိန်းလွင်က ဧရာဝတီသို့ အတည်ပြု ပြောသည်။
ဒုရဲမှူး မင်းသိန်းလွင်က “စစ်နေတုန်းပဲ။ ကားကလည်း အပွားကား(လိုင်စင်မဲ့ကား) လိုဖြစ်နေတာ။ ဒီကားက အမှန် ဟုတ် ချင်မှ ဟုတ်မှာ။ ကားနံပတ်ကတော့ မှန်တယ်။ ဒါပေမယ့် နောက်ကားတစီးနဲ့ ပွားပြီး လုပ်တာလည်း ဖြစ်ချင်ဖြစ်မှာ။ အဲဒါ ကြောင့် ဘာမှပြောလို့ မရသေးလို့ပါ။ ကားသမားကလည်း CCTV မှတ်တမ်းမှာ တွေ့တဲ့သူဟုတ်၊ မဟုတ်လည်း စစ်တုန်းပဲ။ အခု ပြောလို့မရသေးဘူး” ဟု ဆိုသည်။
ဒဂုံမြို့သစ်မြောက်ပိုင်း ရဲစခန်းမှ မြို့နယ်မှူး ရဲမှူးမျိုးနိုင်ဦးနှင့်အတူ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး သိန်းလွင် တို့ကတော့ စစ်ဆေးနေဆဲ ကာလဖြစ်သည့်အတွက် ဖြစ်စဉ် အခြေအနေ အသေးစိတ်ကို ယနေ့ ညနေပိုင်းအထိ ဖြေကြား အတည်ပြုခြင်း မရှိသေးပါ။
ဧရာဝတီမှ ဒုရဲမှူးကြီး သိန်းလွင်၏ ဖုန်းကို ဖြေကြားသူ ရဲတဦးကလည်း “သူအခု အမှုစစ်နေလို့ပါ။ နောက်မှပြန်ဆက်ပါ” ဟု ဆိုသည်။
ဖြစ်စဉ်မှာ ယနေ့မနက် ၉ နာရီကျော် ဘဏ်ဖွင့်ချိန်တွင် ဆိုင်ကယ် ဦးထုပ်ဆောင်းထားပြီး မျက်နှာဖုံး တပ်ထားသည့် အမျိုးသား ၁ ဦးက ဒဂုံမြို့သစ်မြောက်ပိုင်း CB ဘဏ်ခွဲမှ လုံခြုံရေးကို သေနတ်ဖြင့်ထောက်ကာ ဘဏ်အတွင်းတွင်လည်း ဗုံးဟု ယူဆရသည့် အရာဖြင့် ခြိမ်းခြောက် ငွေတောင်းသဖြင့် ငွေကျပ် သိန်း ၆ဝဝ ကျော် ပါသွားကြောင်း ကနဦးသတင်းများ အရ သိရသည်။
သက်ဆိုင်ရာမှ အဆိုပါ ဗုံးဟု ယူဆရသည့်အရာကို လာရောက်ရှင်းလင်းခဲ့ရာတွင် ဗုံးအစစ် မဟုတ်သလို အဆိုပါ ဘဏ်ခွဲကိုလည်း မနက်ပိုင်း စစ်ဆေးဆဲ ကာလတွင် ပိတ်ခဲ့ပြီးနောက် နေ့လည် ၁ နာရီ ၄၅ မိနစ်တွင် ပုံမှန်အတိုင်း ပြန်လည် ဖွင့်လှစ်ခဲ့ကြောင်း CB ဘဏ်မှ တာဝန်ရှိသူတဦးက ပြောသည်။
အဆိုပါ တာဝန်ရှိသူက “အခုလောလောဆယ်တော့ အာဏာပိုင်တွေရဲ့ လမ်းညွှန်ချက်အတိုင်း ကျမတို့ သူတို့ စုံစမ်း စစ်ဆေးနေဆဲကာလမို့ တချို့ဟာတွေတော့ ပြောလို့မရသေးဘူး။ နောက်ပြီး ဒီကိစ္စအတွက် ဘယ်သူ့ကို ပြောရေးဆိုခွင့် ပေးမယ်၊ ဘာတွေ သတင်းထုတ်ပြန်ရမယ် ဆိုတာလည်း ဆွေးနွေးနေဆဲပါ။ အဲ့ဒါကြောင့် လောလောဆယ် ကျမတို့မှာ တချို့ဟာတွေက ပြောလို့မရသေးဘူး” ဟု ဆိုသည်။
ဆက်စပ်လင့်
မြောက်ဒဂုံ CB ဘဏ်တွင် လုယက်မှုဖြစ်ပွား