မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြား ဆက်တိုက် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသအတွင်း တည်ငြိမ်မှု ရှိစေရန် အင်တာနက်လိုင်းများ ဖြတ်တောက်ရခြင်း ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦး က ပြောသည်။
ဒုဝန်ကြီး ဦးသာဦးက “ကျနော်တို့က အများပြည်သူ အကျိုးအတွက်ကို တည်ငြိမ်အေးချမ်းမှု မရှိစေတဲ့အတွက် ပိတ်တဲ့ သဘောပဲ” ဟု ယနေ့အမျိုးသားလွှတ်တော် အစည်းအဝေး အပြီးတွင် သတင်းထောက်များကို ပြောသည်။
၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက် ညနေပိုင်းက စပြီး အင်တာနက်သုံးစွဲခွင့် ဖြတ်တောက်လိုက်သည့် မြို့နယ်များမှာ ရခိုင်ပြည်နယ် အတွင်းမှ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်နှင့် မြေပုံ မြို့နယ်နှင့် ချင်းပြည်နယ် အတွင်းမှ ပလက်ဝမြို့ နယ်တို့ ဖြစ်သည်။
အင်တာနက်လိုင်းများ ပိတ်ထားသော်လည်း ဖုန်းခေါ်ဆိုမှုနှင့် စာတိုပေးပို့မှုကို ဖွင့်ပေးထားခြင်း ဖြစ်ကြောင်း၊ ယခု ၁ ကြိမ် ထပ်ပိတ်ခြင်းမှာ ၃ လ ကြာမည်ဖြစ်ပြီး မေလ ၂ ရက်တွင် ပြန်လည် ဖွင့်ပေးမည် ဖြစ်ကြောင်း၊ ယခုလို လုပ်ဆောင် ရခြင်း မှာ တပ်မတော်ဘက်မှ တင်ပြ တောင်းဆိုခြင်း မရှိဘဲ ဝန်ကြီးဌာန၏ ဥပဒေအတိုင်းသာ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ဒုတိယ ဝန်ကြီး ဦးသာဦးက ဆိုသည်။
ရခိုင်ပြည်နယ် အတွင်းရှိ အင်တာနက်လိုင်းများ ဖြတ်တောက်မှုကြောင့် အများပြည်သူများ၏ လုံခြုံရေးကို ပို၍ ထိခိုက် ကြောင်း၊ တိုက်ပွဲကြားတွင် ပြည်သူများ ဒဏ်ရာ ရရှိမှု၊ ကျန်းမာရေး အခြေအနေများကို အချိန်နှင့် တပြေးညီ မသိရတော့ ဘဲ သတင်း အမှောင်ချထားခြင်းသာ ဖြစ်ကြောင်း ဘူးသီးတောင် မြို့ နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင် သောင်းရွှေ က ယနေ့ လွှတ်တော်တွင် ပြောသည်။
ဦးအောင်သောင်းရွှေက “ဒေသခံရဲ့ အသံက အချိန်နဲ့ တပြေးညီ မဖြစ်တော့ဘူး။ ဒါကြောင့် ကျနော်တို့က ပွင့်ပွင့်လင်း လင်း မြင်သာစေချင်တယ်။ ပြည်သူက ရွေးချယ်လိုက်တဲ့ အစိုးရဟာ ပြည်သူအတွက် အကျိုးရှိအောင် လုပ်ဖို့တော့ လိုတာ ပေါ့နော်” ဟုပြောသည်။
အစိုးရ အနေဖြင့် ဥပဒေအတိုင်း ဆောင်ရွက်သည်ဟု ပြောဆိုခြင်း လုံးဝ ဆန့်ကျင်ကြောင်း၊ ပြည်သူ တဦးတယောက် ထဲ အနေဖြင့် သတင်းအချက် ရယူပိုင်ခွင့်ကို ချိုးဖောက်ခြင်းဖြစ်၍ ဒီမိုကရေစီ စံချိန်စံညွှန်းဖြင့် မညီဟု ပြောလိုကြောင်း ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေ က မှတ်ချက်ပြုသည်။
၎င်းက “အင်တာနက်ပိတ်လိုက်လို့ လိုချင်တဲ့ အဖြေနဲ့ လုပ်တဲ့ လုပ်ရပ်က အမှန်တကယ် ရရှိရဲ့လား။ အခုလို အင်တာနက် ဖြတ်တောက်ထားလို့ တိုက်ပွဲမဖြစ်တော့ဘူးလို့ ဘယ်သုတေသနကများ ဒါကို မှတ်ချက်တွေ ပေးတာရှိလို့လဲ” ဟု ထောက်ပြသည်။
အစိုးရသည် လူမျိုးရေး အသွင်ဆောင်သော အမုန်းစကား ပြောဆိုသည် ဆိုသည့် အကြောင်းပြချက်ဖြင့် ရခိုင်ပြည်နယ်တွင် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ စသည့် မြို့နယ် ၈ မြို့ နယ်နှင့် ချင်းပြည်နယ်အတွင်းက ပလက်ဝမြို့နယ်တို့ကို ပြီးခဲ့သော၂၀၁၉ ခုနှစ် ဇွန်လ၂၁ ရက်က ပထမအကြိမ် အင်တာ နက်လိုင်းများကို ဖြတ်တောက်ခဲ့သည်။
ထိုသို့ ၃ လကြာ အင်တာနက်လိုင်းများ ဖြတ်တောက်ခဲ့ပြီးနောက် စက်တင်ဘာလ ၁ ရက် တွင် ချင်းပြည်နယ် ပလက်ဝ မြို့ နယ် အပါအဝင် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နှင့် မြေပုံမြို့နယ်တို့ကို အင်တာနက် လိုင်း ပြန်လည် ဖွင့်ပေးခဲ့သော်လည်း ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ် တို့ကို အင်တာလိုင်းများ ထပ်မံ ပိတ် ထားခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း မြို့နယ်များ၌ အစိုးရက ကာလရှည်စွာ အင်တာနက်လိုင်းများ ဖြတ်တောက်ခြင်းနှင့် ပတ်သက်ပြီး လူ့အခွင့်အရေး ချိုးဖောက်ရာ ရောက်သည့်အတွက် ရခိုင်လွှတ်တော် အမတ်များနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများက အင်တာနက်လိုင်းများ ပြန်ဖွင့်ပေးရန် ပြီးခဲ့သော ဒီဇင်ဘာလ ၂၄ ရက်က ရန်ကုန်မြို့၌ ဆန္ဒ ဖော်ထုတ်ခဲ့ကြသည်။
သို့သော်လည်း အစိုးရက ပိတ်ထားသည့် မြို့နယ်များကို ပြန်လည် ဖွင့်မပေးခဲ့သည့်အပြင် အင်တာနက်လိုင်းများ ပြန်ဖွင့် ပေးခဲ့သည့် ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရခိုင်မြောက်ပိုင်းက ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်နှင့် မြေပုံမြို့နယ် တို့ကို ဖော်ဖော်ဝါရီလ ၃ ရက်မှ ထပ်မံ ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်။
You may also like these stories:
အင်တာနက်ပိတ်ခြင်းက နိုင်ငံသား အခွင့်အရေးမညီမျှမှု ဖြစ်ဟု ရခိုင်လွှတ်တော်ဥက္ကဋ္ဌ ဝေဖန်
ရခိုင်မြောက်ပိုင်း ၄ မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝ မြို့နယ်တို့တွင် အင်တာနက် ပြန်ရ