ကိုရိုနာဗိုင်းရပ်ကူးစက်ခံခဲ့ရသည့် စုစုပေါင်းလူနာ ၁,၁၅၃ ဦးမှာ ပြန်လည်ကျန်းမာလာပြီးနောက် ဗုဒ္ဓဟူးနေ့အကုန်က ဆေးရုံမှဆင်းခွင့်ပေးလိုက်ကြောင်း တရုတ်ကျန်းမာရေးအာဏာပိုင်များက ကြာသပတေးနေ့က ကြေညာခဲ့သည်။
ဗိုင်းရပ်ကူးစက်ခံခဲ့ရသည့် လူ ၂၆၁ ဦးမှာ ပြန်လည်ကျန်းမာလာပြီးနောက် ဗုဒ္ဓဟူးနေ့က ဆေးရုံမှ ဆင်းခွင့်ရခဲ့ကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်က ၎င်း၏နေ့စဉ်အစီရင်ခံမှုတွင် ဖော်ပြခဲ့ ကြောင်း ဆင်ဟွာသတင်းက ဆိုသည်။
ဗိုင်းရပ်ပိုးကူးစက်သောကြောင့် တရုတ်ပြည်မကြီးတွင် သေဆုံးမှုနှုန်းသည် ကြာသပတေးနေ့ကုန်ဆုံးချိန်တွင် ၆၃၆ ဦးရှိပြီး လွန်ခဲ့သော တရက်ကထက် ၇၃ ဦး ပိုမိုများပြားလာသည်။ ဗိုင်းရပ်ပိုးကူးစက်မှုသစ် ၃၁၄၃ ရှိပြီး စုစုပေါင်းကူးစက်မှု ၃၁၁၆၁ အထိ ရှိလာသည်။
တချိန်တည်းတွင် ကိုရိုနာဗိုင်းရပ်ကူးစက်မှုကြောင့် ပထမ သုံးလပတ်အတွင်း စီးပွားရေးထိခိုက်နိုင်သော်လည်း ဗိုင်းရပ်ကို ထိန်းချုပ်နိုင်သောအခါ ပြန်လည် နာလန်ထလာမည်ဟု မျှော်လင့်ရကြောင်း တရုတ်ဗဟိုဘဏ် ဒုတိယ ဥက္ကဌက သောကြာနေ့တွင် ပြောကြားလိုက်သည်။
တရုတ်နိုင်ငံ၏ ဗဟိုဘဏ်ဖြစ်သော တရုတ်ပြည်သူ့ဘဏ်သည် ထိုဗိုင်းရပ်ကူးစက်မှုကြောင့်ဖြစ်သော စီးပွားရေး အပေါ်သက်ရောက်မှုကို အနီးကပ်စောင့်ကြည့်နေပြီး ထိုဖိအားကို ခုခံရန် မူဝါဒများကို ပြင်ဆင်ထားကြောင်း ဒုတိယ ဥက္ကဌ ဖန်ဂေါင်ရှောင်က သောကြာနေ့ကကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။
တရုတ်နိုင်ငံစီးပွားရေးသည် ပထမသုံးလပတ်အတွင်း ၂ ရာခိုင်နှုန်း သို့မဟုတ် နောက်ဆုံး သုံးလပတ်က ၆ ရာခိုင်နှုန်းထက် ပိုမို နှေးကွေးသွားနိုင်ကြောင်း သုတေသီများက ယုံကြည်သော်လည်း ၂၀၀၃ ခုနှစ်က SARS ရောဂါဖြစ်ပွားစဉ်က ပုံစံအတိုင်း ရောဂါကူးစက်မှု အထိဋ်အထိပ်ရောက်ပြီးနောက် အလျှင်အမြန်ပြန်လည် နာလန်ထူလာနိုင်ကြောင်း ပြောကြသည်။
ကျယ်ပြန့်သော ခရီးသွားလာမှုနှင့် ကျန်းမာရေးပိတ်ပင်မှုများ ခရီးသွားလုပ်ငန်း၊ စားသောက်ဆိုင်များနှင့် အခြားဝန်ဆောင်မှုကဏ္ဍများကို ထိခိုက်စေပြီး စက်ရုံအများအပြားသည် နောက်တပါတ် သို့မဟုတ် ထိုထက်ပိုပြီး လုပ်ငန်းများ ဆိုင်းငံ့ထားရသည်။
တရုတ်ပြည်သူ့ဘဏ်သည် ကျယ်ပြန့်သည့် ငွေကြေးဖေါ်ထုတ်နိုင်မှုကို ထိန်းသိမ်းထားမည်ဖြစ်ပြီး အတိုးနှုန်းပြုပြင်ပြောင်းလဲရေးကို ပိုမိုနက်ရှိုင်းစွာ လုပ်ဆောင်မည်ဖြစ်ကြောင်း ဖန်ပြောသည်။ တရုတ်ဗဟို ဘဏ်သည် ယုံကြည်မှုကို ထိန်းသိမ်းနိုင်ရန် တနင်္လာနေ့က ဘဏ္ဍာရေးစနစ်အတွင်း ငွေအများအပြားထည့်သွင်းခဲ့ပြီး အဓိကငွေကြေးဈေးကွက် အတိုးနှုန်းများကို ဖြတ်တောက်ခဲ့သည်။
ဗိုင်းရပ်ပိုးကူးစက်မှုကြောင့် ဘဏ်များတွင် အတိုးပြန်လည်မပေးဆပ်နိုင်သော ချေးငွေအချိုးအစား တစုံတရာမြင့်တက်လာမည်ဟု မျှော်လင့်သော်လည်း ထိုပြဿနာကိုကိုင်တွယ်ရန် တရုတ်နိုင်ငံတွင် ရင်းမြစ်များစွာရှိကြောင်း တရုတ်ဘဏ်လုပ်ငန်းနှင့် အာမခံ လုပ်ထုံးလုပ်နည်းကော်မရှင် ဒုတိယ ဥက္ကဌ ကျိုလျှောင်ပြောသည်။
ကိုးကား ။ ။ Xinhua, Reuters
You may also like these stories:
ဝူဟန်တုတ်ကွေး ဖျားရာက ပြန်ကောင်းလာသူများလည်း တိုးလာနေ
ဝူဟန်ဗိုင်းရပ်စ်အကြောင်း ပထမဆုံး သတိပေးခဲ့တဲ့ တရုတ်ဆရာဝန် ကွယ်လွန်
ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ရန် အခွင့်အလမ်းရှိဟု WHO ပြော