သတင်း

လက်နက်များဘေးချ၍ တိုင်းပြည်အရေး ပူးပေါင်းဆောင်ရွက်ကြရန် တပ်ချုပ် တိုက်တွန်း

Want create site? Find Free WordPress Themes and plugins.

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် တိုင်းပြည် အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် လက်နက်များ ဘေးချပြီး အတူတကွပူးပေါင်းဆောင်ရွက်ကြရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) ဗဟိုဌာနချုပ် လွိုင်တိုင်းလျဲန်းတွင် ယနေ့ကျင်းပသည့် ရှမ်းပြည်အမျိုးသားနေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာထဲတွင် ယင်းသို့ တိုက်တွန်း ပြောဆိုထားခြင်းဖြစ်သည်။

တပ်ချုပ်၏ သဝဏ်လွှာထဲတွင် “ငြိမ်းချမ်းရေး လမ်းကြောင်းပေါ် လျှောက်လှမ်းနေပါက တိုင်းရင်းသား ပြည်သူလူထု၏ လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ပိုမို၍ လျင်လျင်မြန်မြန် လုပ်ဆောင်နိုင်မည် ဖြစ်သကဲ့သို့ တိုင်းရင်းသားများ လိုလား တောင့်တနေသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ် အခွင့်အရေးများလည်း ရရှိနိုင်မှာ ဖြစ်သည့် အတွက် ကိုင်ဆောင်ထားသည့် လက်နက်များ ဘေးချပြီး အနာဂတ် ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းဆောင်ရွက်နိုင်ကြပါစေ” ဟု တိုက်တွန်းထားသည်။

တိုင်းရင်းသားများ အနေဖြင့် မိမိတို့ လိုလားချက်များကို နိုင်ငံရေးဆွေးနွေးပွဲများတွင် ပွင့်ပွင့်လင်းလင်း ဆွေးနွေး ညှိနှိုင်းပြီး အဖြေရှာနိုင်စေရန် နိုင်ငံတော်က ထာဝရငြိမ်းချမ်းရေး တံခါးကို ဖွင့်ပေးထားပြီး ဖြစ်သည်ဟုလည်း ဆိုထားသည်။

မြန်မာနိုင်ငံတွင် ပြည်သူများ၏ ဆန္ဒနှင့် အညီ ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လှမ်းနေချိန် ဖြစ်ပြီး ယင်းသို့ လျှောက်လှမ်းရာတွင် နိုင်ငံတဝှမ်းလုံး တပြေးညီ ဖွံ့ဖြိုးတိုးတက်နိုင်ရန် အတွက် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းမှု ရရှိရန် လိုအပ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က သဝဏ်လွှာတွင် ထည့်သွင်းပြောကြားထားသည်။

ထို့အပြင် “လက်နက်ကိုင်၍ တောင်းဆိုခြင်းသည် ဒီမိုကရေစီနှင့် မကိုက်ညီဘဲ တိုင်းရင်းသားများ လိုလားနေကြသည့် ဖက်ဒရယ် စံနစ်နှင့် ဒီမိုကရေစီကိုလည်း အပြည့်အဝ ရရှိနိုင်မည် မဟုတ်သကဲ့သို့ လက်နက်ကိုင်၍ တောင်းဆိုမှုများ ပြုလုပ်ခြင်းကို ကမ္ဘာကလည်း လက်သင့်ခံမည်မဟုတ်ပေ” ဟုလည်း ဆိုသည်။

ထိုင်း-မြန်မာ နယ်စပ်ရှိ RCSS ဗဟိုဌာနချုပ်တွင် ယနေ့ ပြုလုပ်သည့် ရှမ်းပြည်အမျိုးသားနေ့ အခမ်းအနားကို တပ်မတော် စစ်ဆေးရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်းနှင့် တပ်မတော် ကိုယ်စားလှယ်များ တပ်မတော်က စေလွှတ်ခဲ့သည်။

RCSS ဗဟိုဌာနချုပ်သို့ တပ်မတော်ပိုင်းက အဆင့်မြင့်ဆုံး ခေါင်းဆောင်တဦး၏ ပထမဆုံး ခရီးစဉ်လည်း ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပေးပို့သော သဝဏ်လွှာကို တပ်ကိုယ်စားလှယ် အဖြစ် တက်ရောက်လာသော ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်းက ဖတ်ကြားခဲ့ခြင်းဖြစ်သည်။

RCSS ဗဟိုဌာနချုပ်သို့ ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်း နှင့် အတူ တြိဂံတိုင်း ဒုတိယ တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းမြတ်ရွှေ၊ အရှေ့အလယ်ပိုင်းတိုင်း ဒုတိယ တိုင်းမှူး ဗိုလ်မှူးချုပ် ဇောဇော်နိုင် ကက (ကြည်း) ရုံး ဗိုလ်မှူးကြီး မင်းဟိန်းနှင့် ဗိုလ်ကြီး ကြည်ဇော်ဦးတို့ တက်ရောက်ကြသည်။

ထို့အတူ အစိုးရဘက်ကလည်း လွိုင်တိုင်းလျဲန်းဌာနချုပ်တွင် ပြုလုပ်မည့် ရှမ်းပြည်အမျိုးသာနေ့ အခမ်းအနားကို ယခင်နှစ်များထက် ကိုယ်စာလှယ်များကို အဆင့်မြှင့် စေလွှတ်ခဲ့သည်ကိုတွေ့ရသည်။

ထိုအထဲတွင် ပြည်ထောင်စု ရှေ့နေချုပ် လည်းဖြစ် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ဒုဥက္ကဋ္ဌလည်း ဖြစ်သည့် ဦးထွန်းထွန်းဦး ဦးဆောင်ကာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး လှဦး၊ ရန်ကုန်တိုင်း လူမှုရေးရာဝန်ကြီး ဦးနိုင်ငံလင်း၊ ငြိမ်းချမ်းရေး ကော်မရှင် (Peace Commission) အဖွဲ့ဝင် ဦးမိုးဇော်ဦး တို့ တက်ရောက်သည်။

ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦးက ရှမ်းပြည် အမျိုးသားနေ့ အတွက် ပေးပို့သော နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၏ သဝဏ်လွှာကို ဖတ်ကြားပေးခဲ့သည်။

ထိုသဝဏ်လွှာထဲတွင် တိုင်းရင်းသား ညီအစ်ကိုမောင်နှစ်မများ အကြားတွင် ၁၉၄၇ ခုနှစ်၌ ပင်လုံမြို့တွင် တည်ဆောက်ခဲ့သော စည်းလုံးညီညွှတ်မှုမျိုး နားလည်ယုံကြည်မှုမျိုး ပြန်လည်ရရှိမည်ဟု ၎င်းအနေဖြင့် အခိုင်အမာ ယုံကြည်ထားကြောင်း ဆိုထားသည်။

လွန်ခဲ့သော ၇၃ ခုနှစ်က ရှမ်းပြည်နယ် ပင်လုံမြို့ကလေးတွင် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ပြသနိုင်သည့် အတွက် တနိုင်ငံလုံး လွတ်လပ်ရေး ရရှိခဲ့သလို ယနေ့ အချိန်အခါတွင်လည်း တိုင်းရင်းသား အားလုံး၏ စည်းလုံး ညီညွတ်မှုအင်အားဖြင့် တနိုင်ငံလုံး ရေရှေတည်တံခိုင်မြဲသော ငြိမ်းချမ်းရေးကို ရရှိမည်ဖြစ်သည်ဟိုဆိုသည်။

ထို့အပြင် “ပြည်ထောင်စု စိတ်ဓာတ် သို့မဟုတ် ပင်လုံစိတ်ဓာတ်ဖြင့် ကျနော်တို့ တိုင်းရင်းသား ခေါင်းဆောင်ကြီးများသည်။ ပြည်ထောင်စု အတွက် အတူတကွ အုတ်မြစ်ချခဲ့ပြီး လွတ်လပ်ရေးကို အရယူပေးခဲ့ပြီး ဖြစ်ပါသည်။ ဤလွတ်လပ်ရေး အဓွန့်ရှည် တည်တံ့ခိုင်မြဲရန် တိုင်းရင်းသားခေါင်းဆောင်ကြီးများ မျှော်မှန်းခဲ့သော ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရန် ကျနော်တို့ ခေတ် ကျနော်တို့ အခါတွင်လည်း ပင်လုံစိတ်ဓာတ်ဖြင့် ဆက်လက်ဆောင်ရွက် သွားကြရန် ဖြစ်ပါသည်” ဟု ပါရှိသည်။

အလားတူ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ အကြား အပြန်အလှန်နားလည်မှု၊ အပြန်အလှန်လေးစားမှု အပြန်အလှန် ယုံကြည်မှုတို့ကို အခြေခံလျှက် သံသယများ ဖယ်ရှားကာ ပြည်ထောင်စု စိတ်ဓာတ်ကို တည်ဆောက်ကြရမည် ဖြစ်ကြောင်းလည်း သမ္မတက တိုက်တွန်းထားသည်။

RCSS ဗဟိုဌာနချုပ်တွင် ကျင်းပမည့် ရှမ်းပြည်အမျိုးသားနေ့ အခမ်းအနားသို့ တက်ရောက်ရန် အတွက် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့မှ အထူးကိုယ်စားလှယ်များလည်း တက်ရောက်နေသည်ကိုတွေ့ရသည်။

ထို့အပြင် အစိုးရနှင့် အပစ်ရပ် လက်မှတ်မရေးထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များဖြစ်ကြသည့် “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ ကချင်လွတ်လပ်ရေး အဖွဲ့ (KIO)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့မှ ကိုယ်စားလှယ်များလည်း တက်ရောက်သည်။

You may also like these stories:

အပစ်ရပ်အဖွဲ့တိုင်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရန်လို

Did you find apk for android? You can find new Free Android Games and apps.
Loading