အခြေခံလိုအပ်ချက် မြင့်မားလျက်ရှိသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ပိုမိုလုပ်ဆောင်နိုင်ရန် အတွက် လက်ရှိ ရနေသည့် ပြည်ထောင်စု လွှတ်တော် ရန်ပုံငွေ ကျပ်သိန်း ၁ ထောင်ကို တိုးမြှင့်ချထားပေးရန် လွှတ်တော် ကိုယ်စားလှယ်များက တောင်းဆိုလိုက်သည်။
နှစ်စဉ် ပုံမှန် ချထားပေးလျက် ရှိသည့် ပြည်ထောင်စု လွှတ်တော် ရန်ပုံငွေကို ကျပ်သိန်း ၁၀၀၀ ကို ကျပ်သိန်း၂၀၀၀ သို့ မဟုတ် အခြား ပမာဏ တခုသို့ တိုးမြှင့်သုံးစွဲခွင့် ပေးရန် ရှိမရှိ ကောလင်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဇော်အောင် က ယမန်နေ့ ပြည်သူ့လွှတ်တော်၌ မေးခွန်းထုတ်ခဲ့သည်။
၎င်းက “ကျပ်သိန်း ၂ ထောင် သို့မဟုတ် အဲဒီပတ်ဝန်းကျင် တခုခုကိုသာ တိုးမြှင့်ပေးရင် ကျေးရွာတွေရဲ့ အခြေခံ လိုအပ် ချက်တွေကို ပိုပြီး ဖြည့်ဆည်းနိုင်မယ်လို့ ယူဆတဲ့အတွက် ဒီမေးခွန်းကို မေးမြန်းရတာ” ဟု လွှတ်တော် အစည်းအဝေး၌ ပြောသည်။
အဆိုပါ ငွေမှာ ပြည်သူလူထု ကိုယ်တိုင် ကိုင်တွယ် သုံးစွဲရသည့်အတွက် အလေအလွင့် နည်းခြင်း၊ ပေးအပ်ရသည့် ငွေ ထက် အလုပ်ပြီးမြောက်မှုနှင့် ရလဒ်ထွက်ရှိမှု အချိုးက ပိုမိုမြင့်မားခြင်း၊ ရပ်ရွာများ အတွင်း လမ်း၊ တံတား စသည့် အခြေခံ လိုအပ်ချက် များပြားခြင်း တို့ကြောင့် ပိုမိုတိုးပေးသင့်သည်ဟု မေးခွန်း၌ ပါရှိသည်။
အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ ပါတီဝင်လည်း ဖြစ်သူ ဦးမျိုးဇော်အောင်က “လာဘ် ပေးလာဘ် ယူလည်း မရှိဘူး။ အကျင့်ပျက် ခြစားမှုလည်း လုံးဝမရှိတဲ့အပြင် ရွာက ကိုယ်တိုင်တောင် စိုက်ပြီး ပိုလုပ်တဲ့ အခါကျတော့ လုပ်ငန်း အောင်မြင်မှုက ပိုမြင့်မားတယ်။ ပေးတာနဲ့ ရတာနဲ့က အများကြီး တန်တယ်” ဟု လွှတ်တော်အပြီး သတင်း ထောက်များကို ပြောသည်။
ပြည်ထောင်စု လွှတ်တော် ရန်ပုံငွေဖြင့် လုပ်ဆောင်သော လုပ်ငန်းများတွင် အားနည်းချက်များ အနေဖြင့် လုပ်ငန်း တခုလျှင် ကျပ်သိန်း ၅၀ သာ အများဆုံး သုံးစွဲရ၍ ကျပ်သိန်းရာချီ ကုန်ကျမည့် လုပ်ငန်းများတွင် သတ်မှတ် စံချိန် စံညွှန်းမှီအောင် မလုပ်နိုင်ခြင်း၊ ဒေသခံများ ကိုယ်တိုင် လုပ်ဆောင်ရ၍ နည်းပညာ အခက်အခဲ ရှိနေကြောင်း သိရသည်။
ရခိုင်ပြည်နယ် ဂွမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဝေက “တိုးပေးမယ်ဆိုရင် ပိုကောင်းပါတယ်။ ကိုယ့် မြို့နယ်တင် မဟုတ်ဘူး ကျန်တဲ့မြို့နယ်က ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးလိုက်တိုင်းမှာ မအောင်မြင်ဘူးဆိုတဲ့ မြို့နယ် မရှိဘူး” ဟု ပြောသည်။
ပြည်ထောင်စု လွှတ်တော် ရန်ပုံငွေဖြင့် လုပ်ဆောင်သော လုပ်ငန်းများမှာ အစိုးရ ဌာနဆိုင်ရာက လုပ်ဆောင်သည့် ဖွံ့ဖြိုး ရေး စီမံကိန်း လုပ်ငန်းများထက် ငွေကုန်ကြေးကျမှု သက်သာသလို ထိရောက်မှု အလုပ်ပြီးမြောက်မှု ရလဒ် မြင့်မားကြောင်း ယခု တင်ပြတောင်းဆိုထားသလို ထပ်မံ တိုးချပေးပါက ဖွံဖြိုးရေး လုပ်ငန်းများကို ပိုမို ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း NLD ပါတီဝင်လည်း ဖြစ်သူ ၎င်းက ဆက်ပြောသည်။
ယခု တောင်းခံသည့် ရန်ပုံငွေမှာ ယခင်လွှတ်တော် သက်တမ်းကတည်းက တောင်းဆို ချမှတ်ခဲ့သော ရန်ပုံငွေ ဖြစ်ကြောင်း ပြည်သူများ လိုအပ်သည့် မည်သည့် ဖွံဖြိုးရေး ကိစ္စကိုမဆို နိုင်ငံတော် စီမံကိန်း ဘတ်ဂျက်များတွင်သာ ထည့်သွင်း ဆောင် ရွက်သင့်ကြောင်း ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေက ပြောသည်။
“တချို့ လွှတ်တော် ကိုယ်စားလှယ်များသည် လွှတ်တော် ရန်ပုံငွေနဲ့ ပြည်သူကို မဲဆွယ်သယောင်ယောင် လုပ်ခဲ့တာတွေ ရှိတယ်။ လွှတ်တော် ကိုယ်စားလှယ်ကပဲ လုပ်ပေးတယ် ဆိုတဲ့ ပြည်သူတွေကို ဘတ်ဂျက်သုံးတဲ့ အပေါ်မှာ လွဲမှားပြီး လုပ် တာ ကြုံဖူးတယ်” ဟု ၎င်းက ထောက်ပြ ပြောဆိုသည်။
ယင်း ရန်ပုံငွေကို ကျပ်သိန်း ၁ ထောင်မှ ကျပ်သိန်း ၂ ထောင် သို့မဟုတ် အခြားပမာဏ တခုသို့ တိုးမြှင့်သုံးစွဲ ရန် ကိစ္စမှာ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေ ဥပဒေနှင့် အညီ ဆောင်ရွက်ရမည့် ကိစ္စဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာ ရေးနှင့် စက်မှုဝန်ကြီးဌာန ဒု ဝန်ကြီး ဦးမောင်မောင်ဝင်း က ယနေ့ ပြည်သူ့လွှတ်တော်၌ ပြန်လည် ဖြေကြားသည်။
ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ မူဝါဒ ချမှတ်ခြင်း၊ ဖွံ့ဖြိုးရေး ရန်ပုံငွေကို နှစ်စဉ် လျာ ထားသတ်မှတ်၍ ပြည်ထောင်စု ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတွင် ထည့်သွင်း ရေးဆွဲနိုင်ရန် ဘဏ္ဍာရေး ကော်မရှင်နှင့် ညှိနှိုင်း ဆောင်ရွက်နိုင်ကြောင်း ဒု ဝန်ကြီးက လွှတ်တော် အစည်းအဝေးတွင် ပြောသည်။
ဘဏ္ဍာရေး ကော်မရှင် ဆိုသည်မှာ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ဦးဆောင်သော တနိုင်ငံလုံး၏ ဘဏ္ဍာရေး ကိစ္စရပ်များ ကို စီမံခန့်ခွဲရသည့် အာဏာအရှိဆုံး အဖွဲ့အစည်း တခု ဖြစ်သည်။
ဒေသတွင်း အခြေခံ လိုအပ်ချက်များ ဖြစ်သည့် လမ်း၊ တံတား လုပ်ငန်းများအတွက် အဓိက သုံးစွဲရသော ပြည်ထောင်စု လွှတ်တော် ရန်ပုံငွေကို တမြို့နယ်လျှင် ကျပ်သိန်း ၁ ထောင်စီဖြင့် မြို့နယ် ၃၃၀ အတွက် ကျပ် ၃၃ ဘီလီယံကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ စတင်ကာ နှစ်စဉ် ချထားပေးလျက် ရှိကြောင်း သိရသည်။
You may also like these stories:
ပြည်ထဲရေး ဝန်ကြီးသစ်နှင့် စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး
မန္တလေး ဆန္ဒပြ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် ၃ ဦး ငြိမ်းစုစီဥပဒေဖြင့် အမှုဖွင့်ခံရ
မန္တလေးတိုင်းတွင် ၂၀၁၉ အတွင်း မီးလောင်မှုများကြောင့် ကျပ် သိန်း ၄၃၀၀ ကျော် ဆုံးရှုံးခဲ့