၂၀၂၀ ခုနှစ်အတွက် ကျား/မ ရေးရာ တန်းတူညီမျှရေး ချန်ပီယံဆု (Champion for Gender Equality Award) အတွက် အမည်စာရင်း တင်သွင်းပေးရန် ဖိတ်ခေါ်ကြောင်း ကျား/မ ရေးရာ တန်းတူညီမျှရေးကွန်ရက် (GEN)က ယနေ့ သတင်း ထုတ်ပြန် လိုက်သည်။
အဆိုပြုလွှာများကို GEN ၏ တရားဝင် လူမှုကွန်ရက် စာမျက်နှာတွင် အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် လင်ခ့် တင်ပေးထားပြီး ယနေ့မှ စတင်ကာ ဖေဖော်ဝါရီ ၂၇ ရက်နေ့ တွင် နောက်ဆုံးထား ပေးပို့နိုင်ကြောင်း သိရသည်။
ထိုဆုကို ကျား/မ ရေးရာ တန်းတူညီမျှရေးနှင့် အမျိုးသမီးအခွင့်အရေးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင် ရွက်နေသည့် တသီးပုဂ္ဂလ လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများ၏ လုပ်ငန်းများ၊ ဆောင်ရွက်ချက်များနှင့် အောင်မြင်မှုများ ကို အသိအမှတ်ပြု ဂုဏ်ယူသည့်အနေဖြင့် ချီးမြှင့်ခြင်းဖြစ်ကြောင်း GEN ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ကျမတို့ ပြောတဲ့ Gender Equality ဆိုတာ ပရဟိတ အလုပ်ထက် ပိုပါတယ်။ လူမှုစံနှုန်းတွေ ယဉ်ကျေးမှု သတ်မှတ် ချက်တွေကို ဖောက်ထွက်ကျော်လွန်ပြီးတော့ စဉ်းစားတဲ့သူတွေ စိန်ခေါ်နိုင်တဲ့သူတွေကို ရွေးချယ်ပြီးတော့ ဂုဏ်ပြုချင် တာ ဖြစ်ပါတယ်” ဟုလည်း GEN ၏ ဒါရိုက်တာ ဒေါ်မေစပယ်ဖြူက ဧရာဝတီကို ပြောသည်။
မိမိပတ်ဝန်းကျင်ရှိ အထက်ဖော်ပြပါ လုပ်ငန်းများကို လူထုနှင့် ထိစပ်ဆောင်ရွက်နေသည့် အမျိုးသား၊ အမျိုးသမီး၊ မတူ ကွဲပြားစွာ လိင်စိတ်တိမ်းညွတ်မှုနှင့် လိင်ဝိသေသ ခံယူမှုရှိသူများ (LGBTIQ) ကို မြင်အောင်ကြည့်ကာ ထိုသူများ အ တွက် အဆိုပြုလွှာ တင်ပေးရန်လည်း ၎င်းက တိုက်တွန်းသည်။
ဆက်လက်၍ ၎င်းက ကျား၊ မရေးရာ ထည့်သွင်း စဉ်းစားပြီး ဆောင်ရွက်နေသူ၊ အဖွဲ့အစည်းများကို ယခုလို ဖော်ထုတ် ဂုဏ်ပြုခြင်းဖြင့် Gender Equality အတွက် အလုပ်လုပ်ခြင်းသည် သီးခြား ဆန်းသစ်တီထွင် စဉ်းစားပြီး လုပ်ရမည့် အရာ မဟုတ်ဘဲ နိစ္စဓူဝ လုပ်ငန်းစဉ်များထဲတွင် Gender ရှုထောင့်ပါအောင် ထည့်သွင်းစဉ်းစားကာ ဆောင်ရွက်နိုင် သည်ကို သိရှိလာကာ ၎င်းတို့ကိုယ်တိုင်လည်း လိုက်ပါ ဆောင်ရွက်နိုင်သည်ကို ပိုမိုနားလည် လာနိုင်မည်ဟု ရှင်းပြသည်။
လက်ခံရရှိသည့် အဆိုပြုလွှာများအနက် သတ်မှတ်ချက်နှင့် ကိုက်ညီသော အမည်စာရင်း တင်သွင်းခံရသူ/အဖွဲ့အစည်း အမည်များကို အများပြည်သူ သိရှိစေရန် မျှဝေသွားမည်ဖြစ်ပြီး မတ်လ ၁ ရက်မှ ၅ ရက်နေ့အတွင်း အွန်လိုင်းမှ မဲပေးမှု (အီးမေးလ်အကောင့်တခုလျှင် မဲ ၁ ကြိမ်သာပေးနိုင်) ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
အွန်လိုင်းမဲပေးမှုတွင် မဲအများဆုံး ရရှိသူ ၃ ဦး သို့မဟုတ် ၃ ဖွဲ့၏ အမည်ကို GEN မှ ရွေးချယ်ခန့်အပ် တာဝန် ပေးထားသော ဆုရွေးချယ်ရေး ကော်မတီဝင် ဂျူရီလူကြီးများထံ တင်ပြသွားမည်ဖြစ်ပြီး သတ်မှတ်ထားသည့် အချက်အလက်များနှင့် အကိုက်ညီဆုံးဖြစ်သော လူ သို့မဟုတ် အဖွဲ့အစည်းအား ဂျူရီလူကြီးများက ရွေးချယ်ပေးမည်ဟု ဒေါ်မေစပယ်ဖြူက ပြောသည်။
GEN အနေဖြင့် Champion for Gender Equality Award ကို ၂၀၁၉ မှ စတင်၍ ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ယမန်နှစ်၏ဆုကို မွန်အမျိုးသမီးတဦးဖြစ်သူ မိချယ်ရီစိုးက ရရှိသွားခဲ့သည်။
ထိုဆုချီးမြှင့်ခြင်းသည် ကျား၊ မရေးရာ တန်းတူညီမျှရေး ဆောင်ရွက်နေမှုများကို အသိအမှတ် ပြုသည်ဟု ခံစားရ စေပြီး ရှေ့ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအတွက် ပိုမိုကြိုးစားသွားရန် တွန်းအားတခု ဖြစ်စေသည်ဟု ၎င်းက မှတ် ချက်ပြုသည်။
Champion for Gender Equality Award ရွေးချယ်ခြင်းခံရသူအား ဆုငွေ မြန်မာကျပ်ငွေ သိန်း ၂၀ ချီးမြှင့်ပေးမည် ဖြစ်ကြောင်း သိရသည်။
ဆက်စပ်လင့်
ကျား/မ တန်းတူညီမျှရေး စွမ်းစွမ်းတမံ ဆောင်ရွက်သူ ချန်ပီယံဆု မွန်အမျိုးသမီးရရှိ