သတင်း

ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် တရုတ်နယ်စပ် မူဆယ်ကုန်သွယ်ရေး ကျဆင်း

Want create site? Find Free WordPress Themes and plugins.

တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်ကြောင့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၌ ယခင်က တရက်လျှင် အမေရိကန်ဒေါ်လာ ၁၀သန်းခန့် ကုန်သွယ်ရာမှ ယခုအခါ တရက်လျှင် ဒေါ်လာ ၁ သန်း ဝန်းကျင်သာ ပြုလုပ်နိုင်‌ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မူဆယ်နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာနမှ သိရသည်။

မူဆယ် နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနန္ဒက “အခု ဘဏ္ဍာနှစ် အောက်တိုဘာလကနေ ဒီဇင်ဘာလ အထိတော့ ဒေါ်လာသန်း ၅၀၀ လောက် ကုန်သွယ်မှုက ပိုဆောင်ရွက်နိုင်တယ်။ ဒါပေမယ့် ဇန်နဝါရီလမှာ ကျနော်တို့ မမှန်း ထားတဲ့ တရုတ်နှစ်သစ်ကူးအပြင် နောက်ဆက်တွဲ ဗိုင်းရပ်စ်ပါ ရှိလာတော့ ပြန်ပြီးတော့ လျာထားချက်အရ ဆိုရင် ဒေါ်လာ သန်း ၁၀၀ လောက်ကျပြီးတော့ တရက်ဆိုရင် ပုံမှန် ဒေါ်လာ ၈ သန်းလောက် နစ်နာနေတဲ့ သဘော ရှိတယ်” ဟု ဧရာဝတီ သို့ ပြောသည်။

မြန်မာနိုင်ငံ နယ်စပ် ကုန်သွယ်ရေး၏ ၅၀ ရာခိုင်နှုန်းခန့် အရေးပါသော မူဆယ် နယ်စပ် ကုန်သွယ်ရေးမှာ တရုတ်နှင့် တိုက် ရိုက် ထိစပ်နေသဖြင့် ယင်း အကျိုးသက်ရောက်မှုကြောင့် ကုန်သွယ်ရေးမှာ ကျဆင်းနေခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တရုတ်နှစ်ကူး မတိုင်ခင်က မူဆယ်နယ်စပ် ကုန်သွယ်ရေးမှာ တရက်လျှင် ဒေါ်လာ ၉ သန်းမှ ၁၀ သန်းဝန်းကျင်အထိ နှစ် ဖက် ကုန်သွယ်မှု ပြုလုပ်နိုင်ကြောင်း၊ နှစ်သစ်ကူး ကာလဖြစ်သည့် ဇန်နဝါရီလ ၂၄ ရက် နောက်ပိုင်း တဖြည်းဖြည်း ကျဆင်း ခဲ့မှ ယခု အချိန်တွင် ၁ ရက်လျှင် ဒေါ်လာ ၁ သန်း ဝန်းကျင်သာ ရှိနေကြောင်း သိရသည်။

ဦးနန္ဒက “ကုန်သွယ်မှုက ရပ်တာတော့ မဟုတ်ဘူး။ အလိုအလျှောက်ကို တုံ့ဆိုင်းသွားတာ။ ပုပ်သိုးကုန် မဟုတ်တဲ့ ဆန်နဲ့ ပဲတို့ကတော့ ဂိုဒေါင်ကျ အတိုင်းပဲ ကားအစီး ၂၀ လောက်တော့ သွားနေတယ်။ တရုတ်ကို ရောင်းတာတော့ မဟုတ်ဘူး။ သူက မပုပ်တဲ့ ကုန်ဆိုတော့ ဂိုဒေါင်ထဲတော့ သွားနေတာ ရှိတယ်” ဟု ပြောဆိုသည်။

လက်ရှိတွင် ပုပ်သိုးကုန်ဖြစ်သော ဖရဲ၊ သခွား၊ ကဏန်း၊ ငါးရှဉ့် စသည်တို့မှာ အရောင်းအဝယ် နည်း၍ ဈေးလည်း ယခင်က ထက် ထက်ဝက်ခန့် ကျဆင်းနေပြီး ဝမ်တိန် ဂိုဒေါင်ထဲတွင် တရုတ်သို့ ရောင်းရန် ဖရဲ၊ သခွား တန်ချိန် ၁ သောင်းကျော် ရှိ ကြောင်း သိရသည်။

ဦးနန္ဒက “ဖရဲ၊ သခွားက ဆယ်ရက်နဲ့ ၁၄ ရက်အထိ အထားခံတယ်လို့ ပြောတယ်။ လမ်းတွေ ပြန်ဖွင့်ရင် အမီရောင်းချဖို့ ထားရတဲ့ သဘောပေ့ါ။ ဒါပေမယ့် ဒါက စွန့်စားရတာ ဖြစ်တယ်။ ရက်အရမ်း ကြာမယ်ဆိုရင် ရှုံးမယ်ဆိုတဲ့ သဘောပဲ။ ကဏန်းတို့ ငါးရှဉ့်တို့တော့ မရှိဘူး” ဟု ပြောသည်။

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန မူဆယ် နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာနအနေနှင့် ဖေဖော်ဝါရီလ ၆ ရက်က ရွှေလီမြို့ ဒု မြို့တော်ဝန်နှင့် သွားရောက် တွေ့ဆုံစဉ်က တရုတ်နိုင်ငံဘက်မှ အစိုးရရုံးများ အနေနှင့် ယခု ၉ ရက် တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်ဟု ၎င်းက ဆိုသည်။

ဆက်လက်၍ ဦးနန္ဒက “ဒါကြောင့် အခုလ ၁၀ ရက်လောက် ပြန်ဖွင့်မယ် ဆိုရင်တော့ ဒီဘက်က ဂိုဒေါင်ထဲ ရှိနေတဲ့ ကုန် ပစ္စည်းတွေလည်း ထုတ်မယ်လို့ မျှော်လင့်ရတယ်။ ဒါပေမယ့် ကုန်သွယ်မှု ပုံမှန်ဖွင့်မယ်ဆိုရင် အရှိန်နည်းပေါ့။ ကုန်တင် ကုန်ချရက်လေး ပေးရဦးမယ် ထင်တယ်။ ဒါကြောင့် ဒီလ ၁၅ ရက် နောက်ပိုင်းဆိုရင် အရှိန် ပြန်ရလာမယ်လို့ ယူဆမိ တယ်။ ထူးခြားရင်တော့ ပြောမရဘူးပေါ့နော်” ဟု ပြောသည်။

မြန်မာဘက်သို့ သွင်းကုန် အနေနှင့်လည်း တရုတ်နိုင်ငံ ကျယ်ဂေါင်တွင် ရှိသော ဓာတ်မြေသြဇာ၊ ယာဉ်၊ ယန္တရား၊ စက် ပစ္စည်းများသာ အနည်းငယ် ဝင်ရောက်မှု ရှိပြီး မူဆယ် ကုန်သွယ်ရေးဇုန်တွင် ကား အတက်အဆင်း အစီးရေ ၁၀၀ နှင့် ၂၀၀ ဝန်းကျင်သာ လည်ပတ်နေကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ နှစ်သစ်ကူး အစိုးရ ရုံးပိတ်ရက်မှ ဇန်နဝါရီလ၂၄ ရက်မှ ၃၁ ရက်အထိ ဖြစ်သော်လည်း ကိုရိုနာဗိုင်းရပ်စ် ဖြစ် ပွားမှုကြောင့် ဖေဖော်ဝါရီလ ၉ ရက် အထိ ရက်တိုး၍ ပိတ်ထားခြင်း ဖြစ်သည်။

ထိုသို့ ပြောင်းလဲတတ်သော အခြေအနေများကြောင့်လည်း စီးပွား/ကူးသန်း အနေနှင့် နယ်စပ်ကုန်သွယ်ရေး အပြင် ပင် လယ်ရေကြောင်း၊ လေကြောင်း ကုန်သွယ်ရေးများကိုပါ တိုးချဲ့ ဆောင်ရွက်သွားရန် စီစဉ်နေကြောင်းလည်း ယခုလ အတွင်း ဒု ဝန်ကြီး ဦးအောင်ထူးက ပြောကြားထားသည်။

လတ်တလော ဖရဲ၊ သခွားကုန်သည်များ အဆင်ပြေစေရန် အတွက်လည်း စီးပွား/ကူးသန်းနှင့် ရန်ကုန်တိုင်း အစိုးရတို့မှ ပူး ပေါင်း၍ ရန်ကုန်မြို့ အတွင်း ကားများဖြင့် လှည့်လည် ရောင်းချခြင်း၊ ကန်တော်ကြီး မြေပဒေသာကျွန်း အနီးရှိ ဆင်ဖြူတော် ရှေ့နေရာတွင် ရက်သတ္တပတ်ခန့် ဈေးကွက် ဖော်ဆောင်ခြင်း၊ ပုဇွန်တောင်မြို့နယ် စက်ဆန်းရှိ စီးပွား/ကူးသန်းဌာနပိုင် ဆန် ဂိုဒေါင် လေးလုံးတွဲ တခု၊ ကြက်ဘဲဈေး အနီး စီးပွား/ကူးသန်း ပိုင် မြေ ၁ ဧကခွဲနှင့် တညင်းကုန်း ဈေးတို့တွင် ဖရဲသီး ရောင်းချနိုင်ရန် မြေနေရာများ ပေးထားကြောင်း အသင်း ဥက္ကဋ္ဌ ဦးနိုင်ဝင်း ပြောသည်။

မူဆယ်ဆန် ကုန်စည်ဒိုင် ဒု ဥက္ကဋ္ဌ ဦးမင်းသိန်းက “ပထမ ၁၀ ရက်ဖွင့်မယ်လို့ ကြေညာထားတယ်။ ဒီနေ့ တရုတ်ပြည် အစိုး ရ ၁၇ ရက်မှ သူတို့နိုင်ငံရဲ့ အစိုးရရုံးတွေ ကျောင်းတွေ၊ ကျောက်ဝိုင်းတွေ ပြန်ဖွင့်မယ် ကြားတယ်။ ဒါက အတည်တော့ မပြုရသေးဘူး။ ဒါပေမယ့် ၈၀ ရာခိုင်နှုန်းလောက်တော့ သေချာတယ်”ဟု ဧရာဝတီသို့ ပြောဆိုသည်။

ဆက်လက်၍ ၎င်းက “ကုန်သွယ်ရေးက ခါတိုင်းရက်တွေ ထက် ပိုဆိုးတယ်။ သွားလို့ရတယ် ဆိုတာ မရှိတော့ဘူး။ ဖရဲ၊ သခွားမွှေး၊ ရေထွက်ပစ္စည်းတွေက မလာရဲလို့ မလာတော့ဘူး။ လာတဲ့ ပစ္စည်းတွေကလည်း ရွှေလီမြို့လောက်ပဲ သွားလို့ ရတယ်။ အဲဒီထက် ကျော်သွားလို့ မရဘူး။ ကန့်သတ်ထားတယ်။ မူဆယ် အခြေအနေကတော့ ပုံမှန်ပဲ။ ဒီဘက်ကို လာမယ့် တရုတ်က သွင်းကုန်ကလည်း ပြည်မကြီးက ပိတ်တော့ ရွှေလီမှာ လက်ကျန် နည်းနေပြီ” ဟု ရှင်းပြသည်။

တရုတ်ဘက်တွင် ကုန်တိုက်တခုသာ ဖွင့်ပေးထားပြီး အစိုးရ ရုံးများ၊ ဈေးများ၊ ဘဏ်များ ပိတ်ထားပြီး လတ်တလောတွင် ကိုရိုနာဗိုင်းရပ်စ်မှာ သေဆုံးသူနှင့် ကူးစပ်သူ တိုးလာသဖြင့် ရက်သတ္တ ၁ ပတ်ခန့် ထပ်တိုးပိတ်မည်ဟုလည်း ကြားထား ကြောင်း ၎င်းက ပြောသည်။

ဆက်စပ်ဖတ်ရှုရန်

ကိုရိုနာကြောင့် မြန်မာ-တရုတ် နယ်စပ် ကန်ပိုက်တည်ဂိတ်ကို ယာယီပိတ်

ဖရဲသခွား ကုန်သည်များ တရုတ်ဘက် အခြေအနေ စောင့်ဆိုင်းရန် နှိုးဆော်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာ့ ဖရဲသီးဈေးကွက် ပျောက်နေ

ကိုရိုနာဗိုင်းရပ်စ် အရိပ်မိုးနေတဲ့ တရုတ်-မြန်မာနယ်စပ် သစ်သီးဝလံဈေးကွက်

Did you find apk for android? You can find new Free Android Games and apps.
Loading