သတင်း

ဝူဟန်ပြန် မြန်မာ ကျောင်းသားများ စိုးရိမ်စရာ အခြေအနေမရှိဟု ကျန်းမာရေးဝန်ကြီးဌာနပြော

ကိုရိုနာ ဗိုင်းရပ်စ် စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန်မြို့မှ ပြန်လည် ရောက်ရှိလာသော မြန်မာပညာသင် များ အားလုံး ကျန်းမာရေး ကောင်းမွန်လျက် ရှိပြီး စိုးရိမ်စရာ အခြေအနေ မရှိကြောင်း ယမန်နေ့ည မန္တလေးမြို့တွင် ပြုုလုပ် သည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

အဆိုပါ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က “ကျနော်တို့ စောင့်ကြပ်ကြည့်ရှု့နေတာ ပထမ အပတ် ပြီးမြောက်တော့မှာ ဖြစ်ပါတယ်၊ ဒီကနေ့ပဲ သွားကြည့်ခဲ့ပါတယ်၊ ၅၉ဦးလုံး ကျန်းကျန်းမာမာ ရှိပါတယ်၊ ကန်တော် နဒီ ဆေးရုံက ကျနော်တို့ ဂျူတီအခန်းကနေ အထဲမှာ ရှိတဲ့သူတွေကို စကားပြောစက်မှ တဆင့် နှုတ်ဆက်အားပေးစကား ပြောခဲ့ပါတယ်”ဟု ဆိုသည်။

အစားအသောက်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း(မန္တလေး)မှ ၁၄ရက် လုံးလုံး တာဝန်ယူ ကျွေးမွေးနေကြောင်း ဆိုသည်။

ထိုကျောင်းသားနှင့် ကျန်းမာရေးဝန်ထမ်းများအား စောင့်ကြပ်ကြည့်ရှု့ခြင်းမှာ လာမည့် ဖေဖေါ်ဝါရီ ၁၆ရက်နေ့ နံနက်တွင် ပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့ စည်ပင်သာယာရေး ဝန်ကြီး၊ မန္တလေး မြို့တော်ဝန် ဒေါက်တာ ရဲလွင်ကလည်း သူ၏ လူမှုကွန်ရက် Facebook မှတဆင့် ကျောင်းသားများ၏ ကျန်းမာရေး အခြအနေ ကောင်းမွန်ကြောင်း၊ ရောဂါကူးစက်မှု ရှိ မရှိ စောင့်ကြပ် ကြည့်ရှုမှု (Quarantine)နှင့် ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) လမ်းညွှန်ချက်တွေ အတိုင်း အပြည့် အဝ ဆောင်ရွက်နေသည့် အတွက် စိုးရိမ်စရာ လုံးဝမရှိကြောင်း ပြောကြားထားသည်။

၎င်းက ဆက်လက်၍ “ကျောင်းသားတွေကို သူတို့ အခန်းထဲမှာပဲ နေခိုင်းထားပြီး တံခါး၊ ပြတင်းပေါက်တွေကို အမြဲ ပိတ် ခိုင်းထားပါတယ်။ အစားအသောက်နဲ့ လိုအပ်မယ့် ပစ္စည်းများထားရာ အခန်းကို အဆင်သင့်ဖြစ်မှ ဘဲလ်တီးပြီး လာယူခွင့် ပေးပါတယ်။ လာယူရင်လည်း N95 နှာခေါင်းစည်းတွေ တပ်ပြီးမှ အခန်းထဲက ထွက်ခွင့် ရှိတာပါ” ဟု ရေးသားထားသည်။

တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ပိတ်မိနေသော မြန်မာပညာသင် ၆၃ ဦး အနက် ၅၉ ဦးသည် ဖေဖော်ဝါရီလ ၂ ရက် နံနက်ပိုင်း က ဝူဟန်မြို့မှ မန္တလေးမြို့သို့ အထူးလေယာဉ်ဖြင့် ပြန်လည် ရောက်ရှိခဲ့ခြင်းဖြစ်ကာ ယနေ့ဆိုလျှင် ၅ ရက်တာခန့် ရှိပြီ ဖြစ် သည်။

ဒေါက်တာ ရဲလွင်က “ကျောင်းသားတွေက ဝူဟန်နေစဉ်ကတည်းက အခန်းအောင်းနေရပြီး မန္တလေးရောက်တော့လည်း Quarantine Guidelines များအရ အကျဉ်းကျသလို နေရတဲ့သူတွေပါ။ မနေ့က လိုအပ်တဲ့ ပစ္စည်းတွေ ကိုယ်တိုင် ဦး ဆောင်ပြီး သွားပေးတုန်းက ပစ္စည်း ထွက်ယူနေတဲ့ ကျောင်းသားတွေရဲ့ မျက်နှာကို အဝေးကနေ တွေ့လိုက်ရတယ်။ ကျ နော် မျှော်လင့်ထားတာက အမိနိုင်ငံ ပြန်ရောက်လို့ ပြုံးပျော်ရွှင်နေတဲ့ မျက်နှာလေးတွေပါ။ ဒါပေမယ့် အားလုံးလိုလို မျက် နှာသေလေးတွေ တွေ့လိုက်ရတော့ ရင်ထဲ အောင့်သွားအောင် ခံစားလိုက်ရတယ်” ဟု ဆက်လက် ပြောဆိုထားသည်။

တရုတ်နိုင်ငံ ဝူဟန်မြို့ရှိ Central China Normal University တွင် Phd ဘွဲ့ သွားရောက် သင်ယူနေသည့် တောင်ငူတက္က သိုလ် ရုက္ခဗေဒဌာနမှ ကထိက ဒေါက်တာ ဖြိုးဖြိုးဇင်ဦး က “ကျောင်းသားတွေ အားလုံးလည်း အခုအချိန်ထိ ကျန်းမာစွာနဲ့ ရှိကြပါတယ်။ လက်ရှိ နေထိုင်ရတဲ့ အခြေအနေက မျှော်လင့်ထားတာထက်တောင် ပိုမိုကောင်းမွန်ပါတယ်” ဟု ပြောသည်။

အဆိုပါ ကျောင်းသားများအား မန္တလေးမြို့ရှိ ကန်တော်နဒီ ဆေးရုံတွင် သီးခြားထားရှိကာ ကျန်းမာရေး စောင့်ရှောက်မှုနှင့် စောင့်ကြည့်မှု လုပ်ငန်းစဉ်များအား ဆက်လက် လုပ်ဆောင်နေလျက် ရှိကြောင်း သိရသည်။

Central China Normal University တွင် PhD ဘွဲ့ သွားရောက်သင်ကြားသူ လယ်ဝေး အထကခွဲမှ ကျောင်းအုပ်ကြီး ဦး ကျော်မင်းလတ် ကလည်း “ကျနော်တို့ကို လာခေါ်မယ် ဆိုတာကို သတင်းကြားလိုက်ရတာနဲ့ ကျနော်တို့ အားလုံး အတော် လေး ပျော်ခဲ့ကြရပါတယ်” ဟု ပြောသည်။

တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ပျံ့နှံလာသော ကိုရိုနာ ဗိုင်းရပ်စ် 2019 Noval Coronavirus (2019-nCoV) ကြောင့် ဇန်န ဝါရီ ၂၃ ရက်က စတင်၍ ဝူဟန်မြို့အား Lockdown ချခဲ့ကာ မြို့အဝင် အထွက်အား ပိတ်ခဲ့သည်။

“ဝူဟန်မြို့ကို Lock Down ချတဲ့နေ့က စပြီး ကျနော်တို့ မြန်မာပညာတော်သင် ကျောင်းသား၊ ကျောင်းသူတွေ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိခဲ့ဘူး။ ကျနော်တို့အားလုံး Depression မဝင်အောင် အမျိုးမျိုး ကြိုးစားနေခဲ့ကြရတာ။ တကယ်တော့ ကျနော်တို့ အားလုံးဟာ ရောဂါဖြစ်ပွားမှု အများဆုံးဖြစ်တဲ့ ပင်လယ်စာဈေးနဲ့ အလွန်ဝေးကွာတဲ့နေရာက အဆောင်ထဲမှာ နေကြသူတွေပါ” ဟု ဦးကျော်မင်းလတ်က ဆက်လက် ပြောသည်။

တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင် ပျံ့နှံလာသော ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် အများပြည်သူ ကျန်းမာရေးအရ ကမ္ဘာလုံး ဆိုင်ရာ အရေးပေါ် အခြေအနေအဖြစ် WHO က ဇန်နဝါရီ ၃၁ ရက်က ကြေညာခဲ့သည်။

ယခုအခါ ဝူဟန်မှ ပြန်လည် ရောက်ရှိလာသည့် ကျောင်းသားများကို သက်ဆိုင်ရာက စည်းကမ်း တင်းကြပ်စွာဖြင့် စောင့် ကြည့်နေပြီး သတ်မှတ် စည်းကမ်းများ လိုက်နာမှု ရှိ၊ မရှိကို CCTV ၅လုံးဖြင့် တာဝန်ခန်းမှ ၂၄ နာရီ စောင့်ကြည့်နေလျက် ရှိကြောင်း သိရသည်။

ကန်တော်နဒီ ဆေးရုံတွင် Quarantine Guidelines များ အရ တနေ့တာ စွန့်ပစ်အမှိုက်များကို PPE ဝတ်စုံအား အပြည့်အစုံ ဝတ်ဆင်ပြီးမှ သိမ်းဆည်းသလို အမှိုက်ပုံးများကို Bleaching powder နှင့် Spray ဖြန်း၍ Medical Waste Van ဖြင့် လမ်းတလျှောက် မရပ်နားစေဘဲ အမှိုက်မီးရှို့စက်ဖြင့် PPE ဝတ်စုံများမကျန် မီးရှို့ဖျက်ဆီးကြောင်း သိရသည်။

ထို့ပြင် ဝူဟန်မြို့အထိ လိုက်သွားကာ ကျန်းမာရေး စောင့်ရှောက်မှုများ ပေးပြီး လိုအပ်သည့် ဆေးစစ်မှုများကို ပြုလုပ်နေ သည့် ကျောင်းသားများနှင့် အတူ Quarantine အလုပ်ခံနေရသော မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသ ရေး ဦးစီးဌာနမှ ဆရာဝန်၂ ဦးကိုလည်းမန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီ အနေဖြင့် သူရဲကောင်းများ အဖြစ် အသိအမှတ် ပြုနိုင်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

ဆက်စပ်ဖတ်ရှုရန်

ခြေချုပ်မိနေသည့် ဝူဟန်ပြန် ကျောင်းသူအတွက် မန္တလေးမြို့တော်ဝန် မွေးနေ့လက်ဆောင်ပို့

Loading