သတင်း

ဖုန်းဘေလ်များ ဖြတ်တောက်ခံရမှု အော်ပရေတာများကို လွှတ်တော်နှင့် ညှိနှိုင်း၍ တရားစွဲမည်ဟု ဆို

Want create site? Find Free WordPress Themes and plugins.

ဖုန်းဘေလ်များ မမှန်မကန် ဖြတ်တောက်နေသည့် ဆက်သွယ်ရေး အော်ပရေတာများကို အမျိုးသား လွှတ်တော် ရှိ ဆက်သွယ်ရေးဆိုင်ရာ ကော်မတီတခုနှင့် ညှိနှိုင်းပြီး တရားစွဲသည်အထိ ဆောင်ရွက်သွားမည်ဟု မန္တလေးတိုင်း၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဦးက ပြောသည်။

ဦးထွန်းထွန်းဦးက“ကွန်ရက်တခုကို အသုံးပြုပြီးတော့ ညာယူတယ်ဆို ဒါသူခိုးပဲ။ ထောင်ချလို့ရတယ်။ ပြည်သူပြည် သား မျက်နှာကို ကြည့်ရင် ဒီကုမ္ပဏီကြီးတွေကို ဘာမှငဲ့နေစရာ အကြောင်းမရှိဘူး။ ဆက်သွယ်ရေးကော်မတီနဲ့ တိုင် ပင်ပြီး တရားစွဲဖို့ အထိလုပ်မယ်။ တရားစွဲမှ ထိရောက်မယ်ဆိုလည်း တရားစွဲရုံပဲရှိတာပဲ”ဟု နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။

ဖေဖော်ဝါရီ ၇ ရက်နေ့က ကျင်းပသည့် အမျိုးသား လွှတ်တော်တွင် တယ်လီဖုန်းအော်ပရေတာ ကုမ္ပဏီများ သည် မိုဘိုင်း တယ်လီဖုန်း အသုံးပြုသူများ၏ ဖုန်းဘေလ်များထဲမှ အခြားသော ဝန်ဆောင်မှု အမျိုးအစားများ အတွက်ဟုဆိုကာ ကာယကံရှင်၏ သဘောတူခွင့်ပြုချက် မပါဘဲ ငွေကြေး ဖြတ်တောက်မှုများ များပြားလာ၍ သုံးစွဲသူပြည်သူများ နစ်နာ ဆုံးရှုံးနေရပါသဖြင့် ထိရောက်စွာတားဆီးဆောင်ရွက်ပေးရန် ၎င်းက တောင်းဆိုခဲ့သည်။

အစိုးရ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဦးသာဦးကမူ သုံးစွဲသူပြည်သူများအတွက် ဈေးနှုန်း သင့်တင့်မျှတစွာဖြင့် ကြိုက်နှစ်သက်ရာ ဝန်ဆောင်မှုအစီအစဉ်များကို ရွေးချယ် အသုံးပြုနိုင်စေရန် စီစဉ် ဆောင်ရွက်ပေးသကဲ့သို့ ယင်းဝန်ဆောင်မှု အစီအစဉ်များနှင့် ပတ်သတ်၍လည်း သုံးစွဲသူပြည်သူများ နစ်နာ ဆုံးရှုံးမှုမရှိစေရေးအတွက် ဆက်သွယ်ရေးအော်ပရေတာများအား ကြီးကြပ် ဆောင်ရွက်နေသည်ဟု လွှတ်တော်တွင် ပြန်လည်ဖြေကြားခဲ့သည်။

ထို့ပြင် ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများနှင့် ပတ်သတ်ပြီး သုံးစွဲသူများအား ထိခိုက်နစ်နာအောင် ဆောင်ရွက်မှု များ၊ ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက် နာဆောင်ရွက်ခြင်းမရှိပါက တိုင်ကြားနိုင်ပြီး ဥပဒေ၊နည်းဥပဒေများနှင့်အညီအရေးယူသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထိုသို့ ဒုတိယ ဝန်ကြီး၏ လွှတ်တော်အတွင်းပြန်လည်ဖြေကြားမှု ထိရောက်သည့် အဖြေမျိုးမဟုတ်သဖြင့် လွှတ်တော်တွင် ဆက်စပ်မေးခွန်း ဆက်လက် မေးမြန်းခဲ့သော်လည်း လိုချင်သည့် အဖြေမျိုး မရရှိကြောင်း ဦးထွန်းထွန်းဦးက သတင်းထောက်များကို ပြောသည်။

ဦးထွန်းထွန်းဦးက“အရေးယူတယ်ဆိုတာသာမန်ဒဏ်ငွေရိုက်ရုံမကဘဲနဲ့ တရားစွဲပြီးထောင်ချပြစ်တာမျိုး၊ အမည်ပျက် စာရင်း သွင်းတာမျိုး လိုင်စင်သိမ်းလိုက်တာမျိုးတွေ အထိ အရေးယူပေးဖို့ လိုချင်တာ”ဟု ဆိုသည်။

ပြီးခဲ့နှစ် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းကလည်း ယခုကဲ့သို့ မေးခွန်းမေးမြန်းခဲ့ဖူးကြောင်း၊ ဝန်ကြီး ဌာန အနေဖြင့် ရောက်သည့် အရေးယူမှုများ မပြုလုပ်ပေးကြောင်း ၊ လွှတ်တော်အစည်းအဝေးအပြီးတွင် ဒုတိယဝန်ကြီး ဦးသာဦးနှင့် တွေ့ဆုံ၍ ညှိနှိုင်းရာတွင် ထိုသို့ မမှန်မကန် ဖြတ်တောက်ပါက အမျိုးသားလွှတ်တော်ရှိ ဆက်သွယ်ရေးကော်မတီ နှင့်ညှိနှိုင်းပြီး တရားစွဲဆိုရန် သဘောတူညီချက် ရရှိခဲ့ကြောင်း ဦးထွန်းထွန်းဦးက ဆိုသည်။

တန်ဖိုးနည်း ၁၅၀၀ တန်ဆင်းမ်ကတ်များပေါ်လာပြီးနောက် မိုဘိုင်းဖုန်း သုံးစွဲနိုင်သူဦးရေ များပြားလာသလို အင်တာ နက် အသုံးပြုသူလည်း အလွန်များပြားလာပြီးနောက် လူမှုကွန်ရက် စာမျက်နှာများတွင် ဖုန်းလ်များ အလွန်အကျွံ ဖြတ်တောက်မှုများ ရှိနေကြောင်းကို ရေးသားဖော်နေကြသည်ကိုလည်း တွေ့ရသည်။

MPT ဆင်းမ်ကတ် အသုံးပြုသူ နေပြည်တော်မှ ကိုနေမျိုးသူက“ အင်တာနက်လိုင်းကို မဖွင့်ရဲတာ။ Facebook လေး ဖွင့်လိုက်တာနဲ့ ရှိတဲ့ ဘေလ်ကုန်တာပဲ။ ပုံမှန်ထက် ပိုဖြတ်လို့ ဖုန်းဆိုင်သွားတယ်။ သူ က ဆင်းကတ်က ဖြစ် တာဆိုတော့ အော်ပရေတာကို ဆက်တယ်။ သုံးလို့ ကုန်တာပါလို့ ပြန်ဖြေတယ်။ တကယ်တမ်း နစ်နာသူက ပြည်သူတွေပါ” ဟု ပြောသည်။

ထိုသို့ ဖုန်းဆင်းမ်ကတ်ထဲမှ မမှန်မကန် ဖြတ်တောက်နေသည့် အော်ပရေတာများကို ထိုက်တန်သည့် အရေးယူမှု များ ပြု လုပ်ပေးမည်ဆိုပါက ကောင်းမွန်သည့် လုပ်ဆောင်ချက်ဖြစ်ကြောင်း၊ မလျော်မကန် ဖြတ်တောက် ခံရမှုမှာ တဦး တယောက်ထဲ ခံနေခြင်းမဟုတ်ဘဲ ပြည်သူများ အားလုံး ခံနေရသဖြင့် ထိရောက်စွာ အရေးယူသင့်ကြောင်း ပျဉ်းမနားမြို့မှ စီးပွားရေး လုပ်ငန်းရှင် ဦးကျော်ကျော်ထွန်းက ပြောသည်။

မလျော်မကန် ဖြတ်တောက်မှုများရှိပါက တိုင်ကြားလိုပါက သက်သေပြရန်အတွက် ဗီဒီယိုဖိုင်၊ ဓာတ်ပုံ၊ အင်တာနက် အသုံး ပြုထားသည့် အချက်အလက်များနှင့် ဖြတ်တောက်သွားသည့် အချက်အလက်များကိုသက်သေပြ၍ အားလုံး စုပေါင်း ပြီး သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်နှင့်ချိတ်ဆက်ပြီး အမျိုးသား လွှတ်တော်ရှိ ဆက်သွယ်ရေးကော်မတီထံသို့ တိုင်ကြား၍ ရကြောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဦးက ပြောသည်။

ယခုကဲ့သို့ ဖုန်းအသုံးပြုသူများ၏ ဖုန်းဘေလ်များထဲမှ အခြားဝန်ဆောင်မှုများအတွက်ဟုဆိုကာ အခကြေးငွေများ မမှန်မကန်ဖြတ်တောက်ယူငင်နေခြင်းမှာ စားသုံးသူကာကွယ်ရေးဥပဒေကို ဖောက်ဖျက်ကျူးလွန်နေခြင်းဖြစ်သကဲ့သို့ မြန်မာနိုင် ငံဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဂ)နှင့်လည်း ငြိစွန်းနေကြောင်း ဦးထွန်းထွန်းဦးက လွှတ်တော်တွင် ထောက်ပြသည်။

ပြီးခဲ့သည့် ၂၀၁၉ခုနှစ်အတွင်းကစားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ (CICC) သို့ တိုင်ကြားသည့် အမှုပေါင်း ၁၁၁၆ မှုတွင် ဆက်သွယ်ရေးကဏ္ဍနှင့်ပတ်သတ်သည့် တိုင်ကြားမှု ၆၅၆ မှု ရှိကြောင်း စား သုံးသူရေးရာဦးစီးဌာန ရရှိသည့် အချက်အလက်များအရ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading