ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD )ပါတီမှ မြို့နယ် အလုပ်အမှုဆောင် ကော်မတီ ဝင်လည်းဖြစ် ၊ ဘဏ္ဍာရေးမှူးလည်းဖြစ်သူ ဦးဇေယျာမင်းကို ဖေဖော်ဝါရီလ ၈ ရက် နေ့ ညနေပိုင်း က လက်နက်ကိုင် အဖွဲ့တခုက လာရောက်ဖမ်းဆီးသွားကြောင်း သတင်း ရရှိသည်။
ရမ်းဗြဲမြို့နယ်နှင့် ၁၀ ခန့် ဝေးကွာသော ကျောက်ဆောက်ရွာနှင့် ကုလားပုန်းရွာအကြားတွင် သစ်စက်လုပ်ငန်း လုပ် ကိုင်နေသော ဦးဇေယျာမင်းမှာ ညီအစ်ကို ဝမ်းကွဲ တဦးနှင့်အတူ ယမန်နေ့ ညနေ ၆ နာရီဝန်းကျင်အချိန်က အိမ်ပြန် ရန် သစ်စက်မှ ထွက်လာစဉ် လက်နက်ကိုင် အဖွဲ့ဝင်၈ ဦးမှနေ၍ လာရောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ် ကြောင်း ၎င်းမြို့နယ် ပါတီအတွင်းရေးမှူး ဦးခင်ရီက ပြောသည်။
ဦးခင်ရီက “ကျောက်ဆောက်နဲ့ ကုလားပုန်းရွာကြားမှာ သူမှာ သစ်စက်ရှိတယ်။ အဲဒီ သစ်စက်ကနေ မနေ့က ညနေ ၆ နာရီဝန်းကျင်လောက်မှာ အိမ်ပြန်မယ်ဆိုပြီး ညီအစ်ကို ဝမ်းကွဲတော်စပ်သူ တဦးနဲ့ ဆိုင်ကယ်နဲ့ အထွက်မှာ လက်နက် ကိုင် လူ ၈ ဦးက လာပြီးတော့ ဖမ်းခေါ်သွားတယ်။ သူနဲ့ ညီကိုတော်စပ်သူတော့ ပြန်လွတ်ပေးလိုက်တယ်၊ ဒီနယ်မြေ မှာ လက်ကိုင် ထားတယ်ဆိုတော့ အစိုးရတပ် မဟုတ်ရင် AA ပဲရှိပါတယ် ။ AA အဖွဲ့က ဖမ်းသွား တယ်လို့ပဲ ကျနော် တို့က ယူဆတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ရမ်းဗြဲမြို့ပေါ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီဝင်များ ဦးဆောင်ကာ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ) တွင် သွားရောက်ဖြေရှင်းမည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ပြီးခဲ့သော ဒီဇင်ဘာလ ၄ ရက်နေ့က ကြိုဆိုထောက်ခံပြီး ပြုလုပ်ခြင်းနှင့် ပတ်သက်ပြီးလည်း မြို့နယ် ပါတီခေါင်းဆောင်များမှာ ဖုန်း ဆက်၍ ခြိမ်း ခြောက်ခံရသလို၊ Facebook တွင် ရေးသားကာ ခြိမ်းခြောက်ခံရမှု တချို့ ရှိကြောင်းလည်း ဦးခိုင်ရီက ပြောသည်။
AA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကတော့ ရမ်းဗြဲ မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ပါတီမှ ဦးဇေယျာ မင်း ကို ၎င်းတို့ တပ်ဖွဲ့ဝင်များအနေဖြင့် ဖမ်းဆီးခဲ့ခြင်း မရှိကြောင်း ပြောသည်။
ခိုင်သုခက “ ကိုဇေယျာမင်းကို ကျနော်တို့ဘက်က ဖမ်းဆီးထားတာ မရှိဘူး။ ကျနော်တို့လည်း အောက်ခြေကို မေး ထားပြီးပြီ။ မြန်မာစစ်တပ်ဘက်က ဖမ်းတာလား ၊ တခြားအချင်းချင်း လူမှုရေး ကိစ္စတွေကြောင်း ဖမ်းဆီးသွားတာ လားဆိုတာ ကျနော်တို့လည်း မသိဘူး” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ရမ်းဗြဲမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ မြို့နယ် အလုပ်အမှုဆောင်ကော်မတီ ဦးဇေယျာမင်း ထိုသို့ ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး မီသားစုဝင်များက ရဲစခန်းတွင် တိုင်ချက်လာဖွင့်သည့်အတွက် ရမ်းဗြဲမြို့မ ရဲစခန်းမှ ပ/ ၂၁၊ ၂၀၂၀ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (က ) (ခ) ၊ ၅၄ တို့ဖြင့် အမှုဖွင့်လှစ်ကာ အခင်းဖြစ်နေရာကို သွားရောက် စစ်ဆေးနေကြောင်း ၎င်းရဲစခန်းမှ စာရေးဖြစ်သူ တပ်ကြပ်ကြီး စိုးနိုင်က ပြောသည်။
တပ်ကြပ်ကြီး စိုးနိုင်က “ကျနော်တို့ ရမ်းဗြဲမြို့မ စခန်းမှူး ကိုယ်တိုင် ဦးစီးပြီးတော့ အခင်းဖြစ်ပွားခဲ့တဲ့ နေရာတွေကို ကွင်းဆင်းပြီးတော့ စုံစမ်းစစ်ဆေးမှုတွေကို လုပ်နေပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ရက္ခိုင့်စစ်တပ် (AA )အဖွဲ့သည် ဒီဇင်ဘာလ ၁၁ ရက်နေ့က NLD ပါတီမှ ဘူးသီးတောင်မြို့နယ် ဥက္ကဌ ဦးရဲသိန်းကို ဖမ်းဆီးထိန်းသိမ်းခဲ့ရာ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် အဆိုပါ ဖမ်းဆီးခံ ဦးရဲသိန်းမှာ တပ်မတော်က ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်ထိမှန်သည့်အတွက် သေဆုံးခဲ့ကြောင်း AA က ထုတ်ပြန်ခဲ့သည်။
ဘူးသီးတောင်မြို့နယ်တွင် NLD ပါတီဝင်များ ဦးဆောင်ကာ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ ) တွင် သွားရောက် ဖြေရှင်းနေသော ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံကြိုဆိုပွဲ လုပ်မည့်ဆဲဆဲတွင် မြို့နယ်ပါတီဥက္ကဌ ဦးရဲသိန်း ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
တပ်မတော်ကတော့ ထိုနေ့က ဘူသီးတောင်မြို့နယ်အတွင်း တိုက်ပွဲမရှိသည့်အတွက် AA ထုတ်ပြန် ချက်အပေါ် လက်မခံ နိုင်ကြောင်း ဧရာဝတီသို့ ပြောဆိုထားသည်။
AA ၏ ထုတ်ပြန်ချက်ထဲတွင် ဒီဇင်ဘာလ ၂၅ ရက်နေ့ မနက် ၉ နာရီအချိန်ကတည်းက ဘူးသီးတောင် အခြေစိုက် စကခ(၁၅) ဌာနချုပ်မှာ AA ထိန်းချုပ်ထားသော တောင်ကုန်းများသို့ လှမ်း၍ ပစ်ခတ်ခဲ့ ကြောင်း ၊ ထိုပစ်ခတ်မှု ကြောင့် သေဆုံးသူ တချို့နှင့် ဒဏ်ရာ ရရှိသူတချို့ရှိခဲ့ရာ သေဆုံးထဲတွင် NLD ပါတီ ဘူးသီးတောင်မြို့နယ် ဥက္ကဌ ဦးရဲသိန်း ပါသွားခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။