သတင်း

တရုတ်အလုပ်သမားများ လုပ်ငန်းခွင်သို့ တဖြည်းဖြည်း ပြန်ဝင်နေ

Want create site? Find Free WordPress Themes and plugins.

အများအားဖြင့် တရုတ်ပြည်မကြီးတွင် ကိုရိုနာဗိုင်းရပ်ကြောင့် သေဆုံးသူဦးရေ ၉၀၀ ကျော်ရှိနေသော်လည်း  လုပ်ငန်းခွင်နှင့် ခရီးသွားလာမှုတွင် တင်းကျပ်မှုအချို့ကို လျှော့ချလိုက်ပြီးနောက် ဖေဖော်ဝါရီ ၁၀ ရက်နေ့ကတရုတ်နိုင်ငံတဝန်း ဝန်ထမ်းများနှင့် အလုပ်သမားများသည် ရုံးများနှင့် စက်ရုံများသို့ အလုပ်ပြန်ဆင်းကြသည်။

ဟူပေပြည်နယ်၏ မြို့တော် ဝူဟန်ရှိ ပင်လယ်စာဈေးတခုတွင် ဒီဇင်ဘာလက ပထမဆုံး စစ်ဆေးတွေ့ရှိခဲ့သည့် ဗိုင်းရပ်ကူးစက်မှု ဖြစ်ပွားပြီးကတည်းက တနေ့တည်းအတွင်း အမြင့်ဆုံးအဖြစ် တနင်္ဂနွေနေ့က ၉၇ ယောက်အထိ သေဆုံးခဲ့သည်။

တရုတ်ပြည်မကြီးတဝန်း အသစ်ကူးစက်ခံရသူ ၃၀၂၆ ဦးရှိနေကြောင်း အတည်ပြုခဲ့ပြီး ယခုအချိန်အထိ ကူးစက်ခံရသူစုစုပေါင်း အရေအတွက်မှာ ၄၀,၁၇၁ ဦးရှိသွားပြီဟု အမျိုးသားရေးကျန်းမာရေးကော်မရှင်က ပြောသည်။

တနင်္ဂနွေနေ့အကုန် ကူးစက်ခံခဲ့ရသူလူနာ ၃,၂၈၁ဦးမှာ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံမှ ဆင်းသွားပြီဖြစ်ကြောင်း တရုတ်ကျန်းမာရေးအာဏာပိုင်များက ပြောသည်။ တနင်္ဂနွေနေ့က ဟူပေမှ ၃၅၆ ဦးအပါအဝင် လူ ၆၃၂ ဦးမှာ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံမှ ဆင်းခဲ့သည်ဟု သိရသည်။

၎င်းကူးစက်ရောဂါကြောင့် တရုတ်နိုင်ငံတွင် ကြီးမားသည့် ထိခိုက်မှုများဖြစ်ပေါ်ခဲ့ပြီး စည်ကားလှသည့် မြို့ကြီးများမှာ လွန်ခဲ့သည့်နှစ်ပတ်အတွင်း ကျီးနှင့်ဖုတ်ဖုတ်ဖြစ်ခဲ့ပြီး ကွန်မြူနစ်ပါတီ၏ အုပ်ချုပ်သူများက သွားလာမှုကို လွန်စွာတင်းကျပ်ခဲ့ကာ လေကြောင်းလိုင်းများ ဖျက်သိမ်းခြင်း၊ စက်ရုံများ၊ ကျောင်းများ ပိတ်ခြင်းတို့ ပြုလုပ်ခဲ့သည်။ ဇန်နဝါရီလကုန်တွင် ပြီးစီးရန် အချိန်စေ့ပြီးဖြစ်သော တရုတ်နှစ်သစ်ကူး ရုံးပိတ်ရက်များကိုလည်း အပို ၁၀ ရက်ဆောင်းပေးရန် စီးပွားရေးလုပ်ငန်းများကို အာဏာပိုင်များက ပြောကြားခဲ့သည်။

တနင်္လာနေ့မှာပင် များပြားလှသည့် လုပ်ငန်းခွင်နေရာများမှာ ပိတ်ထားဆဲဖြစ်ပြီး ကော်လာဖြူလုပ်သားများသာ အိမ်မှ လုပ်ငန်းခွင်ရှိရာသို့ သွားမည်ဖြစ်သည်။

များသောအားဖြင့် အစည်ကားဆုံးဖြစ်သည့် ပေကျင်းရှိ မြေအောက်ရထားလမ်းတခုတွင် အများအားဖြင့် ရထားများပေါ် လူမရှိပေ။ အသွားအလာအများဆုံး မနက်ခင်းအချိန်မှာပင် နည်းပါးလှသည့် အလုပ်သွားသူများသာ မျက်နှာဖုံးများ တပ်ထားသည်ကို မြင်ရသည်။

တရုတ်နိုင်ငံတဝန်း ကွမ်းတုံ၊ အန်ဟွီး၊ ကျယ်ကျန်း၊ ဟေးလုံကျန်၊ ကျန်စု၊ ရှန်းတုံ၊ ဟီပေ၊ ကျန်းရှီးနှင့် အတွင်းမွန်ဂိုလီးယားကဲ့သို့ ပြည်နယ်ဒေသများအပြင် ရှန်ဟဲနှင့် ချုံကင်းတို့ရှိ ကျောင်းများကို ဖေဖော်ဝါရိလကုန်ထိ ပိတ်ထားမည်ဖြစ်သည်။

ဗိုင်းရပ်ကို ထိန်းသိမ်းနိုင်ရန် ထိရောက်သောဆေးဝါးများနှင့် ကာကွယ်ဆေးများ ရှိလာရန် လိုအပ်ကြောင်း တရုတ်ဝန်ကြီးချုပ် လီခယ်ချန်းက အလေးအနက် ပြောကြားခဲ့သည်ကို တရုတ်၏ စီစီတီဗွီက ထုတ်လွှင့်ခဲ့သည်။ တနင်္ဂနွေနေ့က ဆေးသုတေသနဋ္ဌာနတခုသို့ သွားရောက်စဉ် လီက ယခုကဲ့သို့ပြောကြားခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံက ထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။

တရုတ်အမျိုးသား ဇီဝနည်းပညာကော်ပိုရေးရှင်းအပါအဝင် တရုတ် ကာကွယ်ဆေးအသင်း အဖွဲ့ဝင်များသည် ကြောက်မက်ဖွယ် ယင်းဗိုင်းရပ်ကြောင့်ဖြစ်သည့် အဆုတ်ရောင်ခြင်းမှ ပြည်သူများကို အကာအကွယ်ပေးရန် ကာကွယ်ဆေးတခု ထွက်ပေါ်လာရေးကို ဆောင်ရွက်လျက်ရှိသည်ဟု China Securities Journal က အစောပိုင်းက ဖော်ပြခဲ့သည်။

တရုတ်သည် ကိုရိုနာဗိုင်းရပ်သစ် ကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်ရန် ၃၁ ဒသမ ၆ ဘီလျံယွမ် (စင်ကာပူဒေါ်လာ ၆ ဒသမ ၂ ဘီလျံ) အသုံးပြုထားသည်ဟု ဘဏ္ဍာရေးဝန်ကြီး လျို့ကွမ်က ပြောသည်။ ယွမ် ၇၁ ဒသမ ၉ ဘီလျံယွမ်ကို ဆေးဝါးစောင့်ရှောက်မှုနှင့် ကူးစက်ဖြစ်ပွားမှုထိန်းချုပ်ရေး ဆောင်ရွက်ချက်များ စနစ်ကျစေရေးအပါအဝင် ဗိုင်းရပ်ကူးစက်မှုအတွက် ချထားလိုက်ပြီဖြစ်ကြောင်း မစ္စတာလျိုက တနင်္ဂနွေနေ့က ပြောသည်။

ဗိုင်းရပ်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ဗဟိုအစိုးရ၏ ဘဏ္ဍာရေးအာဏာပိုင်များက ဦးစားပေးပေါ်လစီများ ဆက်လက်ချမှတ်သွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဋ္ဌာန၏ ဝက်ဘ်ဆိုက်တွင် တင်ထားသည့် မစ္စတာလျို၏ ပြောကြားချက်တွင် ဖော်ပြထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကျွမ်းကျင်သူများပါဝင်သည့် အဆင့်မြင့်အဖွဲ့တစ်ဖွဲ့သည်လည်း တရုတ်၏ကိုရိုနာဗိုင်းရပ်ကူးစက်ဖြစ်ပွားမှုကို စုံစမ်းစစ်ဆေးရန် ပေကျင်းသို့ ထွက်ခွာသွားပြီဖြစ်ကြောင်း ဂျီနီဗာအခြေစိုက် အေဂျင်စီက တနင်္ဂနွေနေ့က ပြောသည်။

WHO ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus သည် ဇန်နဝါရီလနောက်ပိုင်းက ပေကျင်းသို့ သွားရောက်ခဲ့ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်အပါအဝင် တရုတ်ဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး တရုတ်သို့ နိုင်ငံတကာမစ်ရှင်တခု စေလွှတ်ရန် သဘောတူညီမှုရခဲ့သည်။

သို့သော်လည်း မစ်ရှင်အဖွဲ့ကို ကူးစက်ရောဂါပညာရှင်နှင့် အရေးပေါ်အခြေအနေများ ကျွမ်းကျင်သူ ကနေဒါလူမျိုး ဒေါက်တာဘရုစ်အေးလ်ယာ့ဒ် ဦးဆောင်မည် ဆိုသည်ကလွဲ၍ ကြေညာမှုမရှိခဲ့သည့် မစ်ရှင်ဖွဲ့စည်းမှုနှင့် ပတ်သက်၍ အစိုးရ၏ ခွင့်ပြုချက်ရရန် နှစ်ပတ်ကြာမြင့်ခဲ့သည်။

“ဒေါက်တာအေးလ်ယာ့ဒ်ဦးဆောင်တဲ့ WHO ရဲ့ နိုင်ငံတကာကျွမ်းကျင်သူမစ်ရှင်က အဆင့်မြင့်အဖွဲ့တခုရဲ့အဖွဲ့ဝင်တွေကို လိုက်ပို့ရင်း ကျနော်လေဆိပ်ကို ရောက်ရှိနေပါတယ်” ဟု Tedros က တနင်္ဂနွေနေ့က ဂျီနီဗာမှ တွစ်တာတွင် ရေးသားခဲ့သည်။

“ကျနော်တို့ဟာ ဗိုင်းရပ်နှင့် ပတ်သက်ရင် ရေခဲတောင်ရဲ့ ထိပ်ဖျားလေးပဲ မြင်နိုင်ပါသေးတယ်” ဟု နောက်တွစ်တာတစ်ခုတွင် ၎င်းကပြောကြားခဲ့သည်။

ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ပေါ်ထွက်လာစဉ် ဗိုင်းရပ်ပျံ့နှံ့ရောက်ရှိနိုင်သဖြင့် ကြိုတင်ပြင်ဆင်မှုကို အရှိန်မြင့် လုပ်ဆောင်ကြရန်လည်း နိုင်ငံအားလုံးကို ၎င်းက တောင်းဆိုခဲ့သည်။

ဟူပေပြည်နယ်ရှိ လူသန်း ၆၀ အားခရီးမသွားရန် တရုတ်ဗဟိုအစိုးရက ပြဋ္ဌာန်းပြီး ရက်အတန်ကြာ ဇန်နဝါရီ ၃၀ရက်နေ့က ကမ္ဘာလုံးဆိုင်ရာအရေးပေါ်အခြေအနေအဖြစ် WHO က ကြေညာခဲ့သည်။ တရုတ်ပြည်မကြီးတွင် တရက်တည်းအများဆုံးအဖြစ် ဗိုင်းရပ်ကြောင့် သေဆုံးသူဦးရေမှာ ၉၇ ဦးရှိခဲ့ပြီး တနင်္ဂနွေနေ့အကုန်ထိ သေဆုံးသူစုစုပေါင်းမှာ ၉၀၈ ဦးရှိသွားပြီဖြစ်သည်။

သီတင်းပတ်ကုန်အတွင်း အမေရိကန်တဦး ဝူဟန်မြို့လယ်တွင် ဆေးရုံတင်ခဲ့ရပြီး ယင်းမှာ ဗိုင်းရပ်ကြောင့် တရုတ်မဟုတ်သူတဦးအဖြစ် ပထမဆုံးအတည်ပြုခဲ့သည်။ ဝူဟန်တွင် သေဆုံးခဲ့သည့် ဂျပန်အမျိုးသားတစ်ဦးလည်း ၎င်းဗိုင်းရပ်ကူးစက်ခံရသူဟု နောက်ထပ်သံသယရှိသူဖြစ်ခဲ့သည်။

ကိုရိုနာဗိုင်းရပ်ကူးစက်မှုကြောင့် သေဆုံးမှုမှာ ၂၀၀၂-၂၀၀၃ က ကမ္ဘာတစ်ဝန်းဖြစ်ပွားခဲ့သည့် ဆားစ်ရောဂါကြောင့် သေဆုံးမှုထက် ကျော်လွန်နေပြီဖြစ်သည်။

တရုတ်ပြည်မကြီးပြင်ပတွင် ဗိုင်းရပ်ကြောင့် လူနှစ်ဦးသေဆုံးခဲ့ပြီး ယင်းနှစ်ဦးစလုံးမှာ တရုတ်နိုင်ငံသားများဖြစ်သည်။

တရုတ်န်ိုင်ငံပြင်ပ နောက်ဆုံးလူနာများတွင် အဲလ်ပတောင်တန်းများပေါ် Haute-Savoie ရှိ တောင်ပေါ်ရွာတစ်ရွာတွင် နေနေသော ဗြိတိသျှနိုင်ငံသားအဖွဲ့တခုလည်း ပါဝင်နေသည်ဟု ပြင်သစ်ကျန်းမာရေးအရှိများက ပြောကြားခဲ့ရာ ဥရောပတစ်ဝန်း နောက်ထပ် ကူးစက်မှုများ ဖြစ်လာမည်ကို စိုးရိမ်စရာများဖြစ်ပေါ်လာခဲ့သည်။

ကိုးကား ။         ။ Straits Times

You may also like these stories:

လိမ္မော်ရောင် ကျန်းမာရေးအဆင့် သတ်မှတ်ခြင်းက စင်ကာပူကို ချောက်ချားစေ

ခြေချုပ်မိနေသည့် ဝူဟန်ပြန် ကျောင်းသူအတွက် မန္တလေးမြို့တော်ဝန် မွေးနေ့လက်ဆောင်ပို့

ပြည်သူတွေအနေနဲ့ စိုးရိမ်စိတ် မလွန်ကဲစေချင်ဘူး

Did you find apk for android? You can find new Free Android Games and apps.
Loading