သတင်း

တပ်မတော်နဲ့ ကြံ့ခိုင်ရေး ပါတီက ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဘာတွေ တင်သွင်းထားသလဲ

Want create site? Find Free WordPress Themes and plugins.

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ဒုတိယအကြိမ် ပြုပြင်ရန် ဥပဒေ မူကြမ်းအနေဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် လွှတ်တော် ကိုယ်စားလှယ် အများစု ဦးဆောင်သည့် လွှတ်တော်ပူးပေါင်း ကော်မတီက ကြိုးပမ်းနေချိန် တွင် တပ်မတော်ကလည်း ဥပဒေ မူကြမ်း၂ ခုနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (UDSP) ကလည်း ဥပဒေ မူကြမ်း ၃ ခုတို့အား ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းခဲ့သည်။

တပ်မတော်နှင့် ကြံ့ခိုင်ရေး ပါတီက တင်သွင်းသည့် ဥပဒေ မူကြမ်း ၅ ခုတွင် အဓိကအားဖြင့် ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ၏ လုပ်ပိုင်ခွင့် အာဏာ တိုးမြှင့်ရန်၊ သမ္မတ၏ တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ် ခန့်အပ်ခွင့် ပယ်ဖျက်ကာ သက်ဆိုင် ရာ လွှတ်တော်များထံ အပ်နှင်းရန်၊ ဝန်ကြီးချုပ်များ၏ လုပ်ပိုင်ခွင့် အာဏာ တိုးမြှင့်ရန်နှင့် ၅၉(စ) ကန့်သတ်ချက်အား ပြည် ထောင်စုဝန်ကြီးနှင့် ဝန်ကြီးချုပ်များ ခန့်အပ်ရေး အထိ သက်ရောက်စေရန် စသည့် ပြင်ဆင်ချက်များ ထည့်သွင်းထားကို လည်း တွေ့ရသည်။

၁ ။ ပုဒ်မ ၂၆၁ ပါ အပိုဒ်ခွဲ (ခ)၊ (ဂ)၊ (ဃ)၊ (င) တို့ကို ပြင်ဆင်ရန် တင်သွင်းခြင်း

သမ္မတက တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များအား ခန့်အပ်ပိုင်ခွင့်ကို ပယ်ဖျက်ပြီး သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ် လွှတ် တော်များအား ခန့်အပ်ခွင့် အာဏာပေးရန် ပြင်ဆင်ချက် တင်သွင်းခြင်း ဖြစ်သည်။

ပြင်ဆင်ချက် ဥပဒေမူကြမ်းအား ကျောင်းကုန်းမြို့နယ်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းက တင်သွင်းခြင်း ဖြစ်ပြီး သက်ဆိုင်ရာ လွှတ်တော်များက ဆန္ဒမဲဖြင့် ရွေးချယ်သူအား ဝန်ကြီးချုပ် အရည်အချင်း မပြည့်စုံကြောင်း ခိုင်လုံပါ လျှင် သမ္မတက ငြင်းပယ်ခွင့် ရှိသလို လွှတ်တော်ဘက်ကလည်း အစားထိုး တင်သွင်းခွင့် ရှိကြောင်းလည်း ပြင်ဆင်ချက် ထည့်သွင်းထားသည်။

၂ ။ ပုဒ်မ ၂၆၂(က)(၁)၊ ပုဒ်မ ၂၆၂(က)(၃)၊ ပုဒ်မ ၂၆၂(င) ၊ ပုဒ်မ ၂၆၂(စ)၊ ပုဒ်မ ၂၆၂ (ည)၊ ပုဒ်မ ၂၆၂ (ဋ)၊ ပုဒ်မ ၂၆၂ (ဌ)(၂)၊ ပုဒ်မ ၂၆၄(က)၊ ပုဒ်မ ၂၆၄(ဂ)

တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးများ ခန့်အပ်ရာတွင် ဝန်ကြီးချုပ်များ၏ လုပ်ပိုင်ခွင့်အာဏာ တိုးမြှင့်ရန်အတွက် ပြင်ဆင် ချက်များ တင်ပြထားခြင်း ဖြစ်သည်။

ယင်း ဥပဒေမူကြမ်းအား ဗိုလ်မှူးချုပ် အောင်ဆန်းချစ်က တင်သွင်းခဲ့ခြင်း ဖြစ်ပြီး ပြင်ဆင်ချက်များ အတည်ဖြစ်ပါက တိုင်းနှင့် ပြည်နယ်ဝန်ကြီးများ ခန့်အပ်ရာတွင် သမ္မတထံ တင်ပြရန် မလိုတော့ဘဲ သက်ဆိုင်ရာ လွှတ်တော်၏ သဘောတူညီချက် ဖြင့် ဝန်ကြီးချုပ်က ခန့်အပ်နိုင်မည့် သဘော ဖြစ်သည်။

တိုင်းနှင့် ပြည်နယ် ဝန်ကြီးများသည်လည်း သမ္မတအား တာဝန်မခံရတော့ဘဲ ဝန်ကြီးချုပ်ကိုသာ တာဝန်ခံရမည် ဖြစ်သည်။

၃ ။ ပုဒ်မ ၂၃၂ (က)နှင့် ပုဒ်မ ၂၆၁(က) တွင် အပိုဒ်ခွဲ(၅) အဖြစ် ၅၉(စ) ပြဌာန်းချက် ထပ်မံ ထည့်သွင်းရန်

ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်ရေး ကန့်သတ် ထည့်သွင်းထားခြင်း ဖြစ်ကြောင်း ဝေဖန်မှုများ ရှိသည့် ပုဒ်မ ၅၉(စ) ပါ အချက်များအား ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ ရွေးချယ်ခန့်အပ်ရေးတွင်ပါ ကန့်သတ်ချက်အဖြစ် ထည့်သွင်းရန် တင်သွင်းထားခြင်း ဖြစ်သည်။

ယင်းဥပဒေ မူကြမ်းအား ဗိုလ်မှူးချုပ် မောင်မောင်က တင်သွင်းခဲ့ခြင်း ဖြစ်ပြီး ပြင်ဆင်ဖြစ်ပါက မိဘ၊ ဇနီး/ခင်ပွန်း၊ သားသမီး နှင့် ၎င်းတို့၏ ဇနီး/ခင်ပွန်းများတွင် ပြည်ပနိုင်ငံသား ခံယူထားသူ ရှိနေပါက အဆိုပါ ပုဂ္ဂိုလ်သည် ပြည်ထောင်စု ဝန်ကြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ် ဖြစ်ခွင့်ရှိတော့မည် မဟုတ်ပေ။

ထို့ပြင် ယင်း ကန့်သတ်ချက်သည် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကောက်မရှင် အဖွဲ့ဝင်များ ခန့်အပ်ရေးအထိ သက်ရောက်မည့် အခြေအနေလည်း ဖြစ်နေသည်။

၄ ။ ပုဒ်မ – ၅ ၊ ပုဒ်မ – ၅၉(ဂ)၊ ပုဒ်မ- ၂၀၁ ပြင်ဆင်ချက်

ပုဒ်မ ၅ အရ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတည်ဖြစ်သည့်နေ့တွင် ရှိသည့် နိုင်ငံ၏ နယ်နိမိတ်သည် အတည်ဖြစ်သည် ဆို သည့် မူလ ပြဋ္ဌာန်းချက်တွင် “နောက်ပိုင်း ရရှိသည့် နယ်မြေများ ရှိလာပါကလည်း နိုင်ငံ၏ နယ်နိမိတ်အဖြစ် အတည်ပြု ထည့်သွင်းရန်” ဆိုသည့် စာသား ထည့်သွင်းရန် တင်ပြထားခြင်း ဖြစ်သည်။

ပုဒ်မ ၅၉(ဂ) ပါ သမ္မတများ၏ အသက် ကန့်သက်ဖြစ်သည့် “အနည်းဆုံး အသက် ၄၅ ပြည့်ပြီးသူ” ဆိုသည့် စကား ရပ်ထဲမှ “အနည်းဆုံး” ဆိုသည့် စာသားအား ဖြုတ်ပယ်ရန် တင်ပြခြင်း ဖြစ်သည်။

အဓိက ပြင်ဆင်ချက် အနေဖြင့် ပုဒ်မ ၂၀၁ တွင် ပုဒ်မခွဲ တခုအနေဖြင့် ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ၏ လုပ်ပိုင်ခွင့် အာဏာကို ထပ်မံ တိုးမြှင့်ရန် တင်သွင်းထားခြင်း ဖြစ်သည်။ တနည်းအားဖြင့် လက်ရှိ ကာ/လုံ တည်ရှိမှုအရ အသာရနေ သည့် တပ်မတော် အနေဖြင့် ကာ/လုံမှ တဆင့် အစိုးရအပေါ် ထိန်းချုပ်နိုင်ရန် ကြိုးပမ်းခြင်းဟု အဓိပ္ပါယ် သက်ရောက်နေကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ်ကြသည်။

ယင်း ပြင်ဆင်ချက်များအား ကြံ့ခိုင်ရေးပါတီက ကရင်ပြည်နယ်၊ မဲဆန္ဒနယ် အမှတ် ၅ ၊ အမျိုးသား လွှတ်တော် ကိုယ်စား လှယ် ဦးစိုင်းသန်းနိုင်က တင်သွင်းထားခြင်း ဖြစ်ပြီး ပြင်ဆင်နိုင်ပါက ကာ/လုံ အစည်းအဝေး မဖြစ်မနေ ပုံမှန် ကျင်းပရမည် ဖြစ်သကဲ့သို့ အခြေအနေအရ လွှတ်တော်များ ဖျက်သိမ်းရန်အထိ ပြောဆိုလုပ်ကိုင်ခွင့် ရှိလာမည့် သဘော သက်ရောက် နေသည်။

၅ ။ မိတ္ထီလာမြို့နယ်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မောင်သင်းက တင်သွင်းသည့် ဥပဒေမူကြမ်းတွင် နိုင်ငံတော်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၊ လွှတ်တော်၊ အစိုးရနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ခြင်းဆိုသည့် စကားရပ် များ၏ အဓိပ္ပာယ် ဖွင့်ဆိုချက်များအား တင်သွင်းထားသည့် အပြင် ပုဒ်မ ၄ ခုအား ပြင်ဆင်ရန် အဆိုပြုထားသည်။

ပုဒ်မ – ၂၄၈(ဂ) တွင် သမ္မတသည် တိုင်းနှင့်ပြည်နယ် ဝန်ကြီးဌာနများ သတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်း၊ ဝန်ကြီးဦးရေ တိုးခြင်း လျော့ခြင်း တို့ကို ဝန်ကြီးချုပ်နှင့်ပါ ညှိနှိုင်းပြီးမှ ဆောင်ရွက်ရန်၊

ပုဒ်မ – ၂၆၄(ခ)(၁) တွင် “ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ကာကွယ်စောင့်ရှောက် ထိန်းသိမ်းရန် ပျက်ကွက်သော” ဝန် ကြီးချုပ်အား သမ္မတက ရာထူးမှ ထုတ်ပယ်နိုင်ကြောင်း၊

ပုဒ်မ – ၃၂၂ (ခ) တွင် အခြေခံ ဥပဒေ ခုံရုံးအနေဖြင့် လွှတ်တော်နှင့် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများ၏ လုပ်ဆောင် ချက်များအား ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ညီ/မညီ အနက်အဓိပ္ပာယ် ဖွင့်ဆိုရန်နှင့်

ပုဒ်မ – ၄၀၂ တွင် ရွေးကောက်ပွဲ ကော်မရှင်၏ ဆုံးဖြတ်ချက်များအား အပြီး အပြတ်မဖြစ်စေဘဲ ပြည်ထောင်စု တရားလွှတ် တော် ချုပ်ထဲ အယူခံဝင်နိုင်မည့် ပြင်ဆင်ချက်များအား အဆိုပြုထားခြင်း ဖြစ်သည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ဥပဒေကြမ်း ၇ ခုအား တပေါင်းတည်း စုပေါင်းဆွေးနွေးရန် ဖေဖော်ဝါ ရီ ၁၇ ရက်နောက်ဆုံးထားပြီး အမည်စာရင်းပေးရန် လွှတ်တော်က ယနေ့ ကြေညာလိုက်သည်။

ဆက်စပ်ဖတ်ရှုရန်

သမ္မတ၊ ဝန်ကြီးများ နှင့် တရားရေး ဆိုင်ရာ စသည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဥပဒေမူကြမ်း အဆိုပြုချက်များ

တပ်မတော် အာဏာလျှော့ချရန် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဥပဒေမူကြမ်း အဆိုပြုချက်များ

Did you find apk for android? You can find new Free Android Games and apps.
Loading