သတင်း

စင်ကာပူပြန် ဖျားနာနေသောအမျိုးသမီးကို ဝေဘာဂီဆေးရုံတွင် စောင့်ကြည့်စစ်ဆေးနေ

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်ရှိ ၆၅ ရပ်ကွက်နေ စင်ကာပူမှ ပြန်လာသည့် အမျိုးသမီးတဦး ဖျားနာနေသည့် အတွက် ဝေဘာဂီ ဆေးရုံသို့ ပို့ ဆောင်ကာ စောင့်ကြည့် စစ်ဆေးနေကြောင်း ကျန်းမာရေး ဝန်ကြီးဌာနထံမှ သိရသည်။

ဝေဘာဂီ ဆေးရုံတွင် စောင့်ကြည့်လူနာ အဖြစ် ဆေးကုသမှု ခံယူနေရသည့် အမျိုးသမီးသည် စင်ကာပူနိုင်ငံတွင် အလုပ် လုပ်စဉ်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည်ဟု သံသယရှိသူနှင့် အတူ နေထိုင်လာခဲ့ရကြောင်း စင်ကာပူနိုင်ငံ ကျန်းမာရေး ဌာနမှ အကြောင်းကြားလာသည့် အတွက် ယခုလို စောင့်ကြည့်စစ်ဆေးနေခြင်း ဖြစ်သည်ဟု ကျန်းမာရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။

ကျန်းမာရေး ဝန် ကြီးဌာန၊ ကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲ၏ ဒု ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက “ဒီနေ့လည်း အဖျားတော့ နည်းနည်း ရှိလာတယ်။ ဒါပေမယ့် သူက သံသယ လူနာတော့ မဟုတ် သေးပါဘူး။ ဆေးရုံတင် စောင့်ကြည့် အဆင့်ပါပဲ။ သူ့မိသားစုတွေ၊ သူနဲ့ ထိစပ်ခဲ့သူတွေကိုလည်း အိမ်တွင်း ဆက်နွယ်သူ တွေအနေနဲ့ပဲ စောင့်ကြည့်အဆင့်ပါ။ သူတို့က လက်ရှိထိတော့ ရောဂါရှိသူတွေ မဟုတ်ပါဘူး။ အိမ်မှာပဲနေ။ ချောင်းဆိုးလား၊ ဖျားတာနာတာ ရှိ မရှိ စောင့်ကြည့် ဖို့ပါ။ မတော်တဆများ အဲဒီလို ဖြစ်လာရင် ချက်ချင်း ကုသမှု ခံယူဖို့၊ နမူနာယူ စစ် ဆေးဖို့ စောင့်ကြည့်တဲ့ သဘောပါပဲ” ဟု ဆိုသည်။

အဆိုပါ အမျိုးသမီးသည် ယနေ့ (ဖေဖော်ဝါရီ ၁ဝ) တွင် အဖျားနည်းနည်း ရှိလာသည့်အတွက် ဆေးရုံ၌ စောင့်ကြည့်လူနာ အဖြစ် သတ်မှတ်ကာ စောင့်ကြည့်နေပြီး ၎င်းထံမှ ရောဂါရှာဖွေရန် နမူနာများ ယူထားနေပြီ ဖြစ်ကြောင်း သူက ဆက်ပြောသည်။

စောင့်ကြည့်လူနာ အမျိုးသမီး၏ မိသားစုဝင်များကို လတ်တလောတွင် အိမ်ပြင် မထွက်စေဘဲ လူထုနှင့် ကင်းကင်းထားကာ လိုအပ်သည့် စားရေး သောက်ရေးများအတွက် တောင်ဒဂုံမြို့နယ် ၆၅ ရပ်ကွက်အုပ်ချုပ်ရေး အပိုင်းက စီစဉ်ပေးနေကြောင်း သိရသည်။

၎င်းတို့ မိသားစုဝင်များ၏ ထူးခြားမှု တစုံတရာ ရှိလာပါက ဒေသဆိုင်ရာ အုပ်ချုပ်ရေးအနေဖြင့် အဆင်သင့် ပြင်ဆင်ထား ကာ ကုသမှုပေးရန်အတွက် စီစဉ်ထားသည်ဟု ဒဂုံမြို့သစ်တောင်ပိုင်း တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးညီ ညီက ပြောသည်။

ထို့ပြင် ၎င်းကိုယ်တိုင် အဆိုပါ မိသားစုဝင်များထံသို့ သွားရောက် ကြည့်ရှုမှု မရှိသေးသော်လည်း မိမိမြို့နယ်ဖြစ်သည့် အတွက် သတင်း အချက်အလက်များ ပေးပို့ပေးရန် ရပ်ကျေးဆိုင်ရာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် များနှင့် ပူးပေါင်း ဆောင်ရွက်နေသည် ဟု ဆိုသည်။

ဦးညီညီက “ကျနော့်ဆီတော့ သတင်းမပြတ် ပို့ဖို့ မှာထားတယ်။ ထူးခြားတာနဲ့ ဆောင်ရွက်လို့ ရအောင် ဒေသ အာဏာပိုင် တွေနဲ့လည်း ပြောထားပြီးသားပါ။ သူတို့လည်း လုပ်နေပါတယ်။ မြို့နယ် ကျန်းမာရေး အဖွဲ့တွေလည်း စောင့်ကြည့်နေပါ တယ်။ လက်ရှိအထိတော့ အဲဒီအိမ်က မိသားစုဝင်တွေ အားလုံး ပုံမှန်အတိုင်း နေကောင်းကြပါတယ်။ လိုလိုမယ်မယ် သဘောမျိုး သူတို့ကို စောင့်ကြည့်နေတာပါ” ဟုပြောသည်။

တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန်မြို့မှ စတင်ခဲ့သည့် ကိုရိုနာဗိုင်းရပ်ပိုးသည် တလကျော်ကြာ အချိန်ကာလရောက်သည့် အခါ တရုတ်နိုင်ငံထဲတွင် ပြည်နယ်ပေါင်း ၃ဝ ကျော်နှင့် တရုတ်နိုင်ငံပြင်ပ နိုင်ငံပေါင်း၂ဝ ကျော်တု့ိအထိ ကူးစက်ပျံ့နှံ့နေပြီ ဖြစ်သည်။

တချို့ မြန်မာ့ အိမ်နီးချင်းနှင့် တရုတ်နိုင်ငံနှင့် ထိစပ်နေသည့် နယ်စပ်မြို့တချို့တွင်လည်း တရုတ်နိုင်ငံသားများ ဝင်ထွက် သွားလာမှုကို ပိတ်ပင်လိုက်ပြီ ဖြစ်သည်။ သို့ရာတွင် မြန်မာနိုင်ငံအနေဖြင့် သံသယလူနာနှင့် စောင့်ကြည့်လူနာများ ရှိနေ သည့်အတွက် တရုတ်နိုင်ငံနှင့် ကူးသန်းသွားလာနေသည့် လေကြောင်းလိုင်းများကိုမူ ပိတ်ပင်ထားခြင်း မရှိပေ။

ယနေ့ နောက်ဆုံး စာရင်းများအရ တကမ္ဘာလုံးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံသူ ၄ သောင်းကျော် ရှိပြီး သေဆုံးသူ ၉၁ဝ ဦး အထိ ရှိလာပြီ ဖြစ်ကြောင်း၊ အဆိုပါ ကူးစက်ခံရသူနှင့် သေဆုံးသူများ၏ ၉ဝ ရာခိုင်နှုန်းကျော်သည် တရုတ်နိုင်ငံတွင်းက ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း သံသယ လူနာ ၁ ဦးနှင့် စောင့်ကြည့် လူနာ ၁၈ ဦး ရှိနေကြောင်း၊ သံသယ လူနာ၏ ဆေးစစ်မှု နမူနာ များကိုလည်း ထိုင်းနိုင်ငံရှိ ဓာတ်ခွဲခန်းသို့ ပေးပို့ထားသည်မှာ ယနေ့တွင် ထိုင်းနိုင်ငံ၏ ရုံးပိတ်ရက် ဖြစ်နေသည့်အတွက် ယနေ့တွင် အဖြေရနိုင်၊ မရနိုင်ကို မသိရှိရသေးကြောင်း ဒေါက်တာ ခင်ခင်ကြီးက ပြောသည်။

You may also like these stories:

လိမ္မော်ရောင် ကျန်းမာရေးအဆင့် သတ်မှတ်ခြင်းက စင်ကာပူကို ချောက်ချားစေ

ကိုရိုနာဗိုင်းရပ်ကြောင့် သေဆုံးသူ ၇၁၇ ဦးရှိပြီး ဇိမ်ခံသင်္ဘောတစင်းကို ၂ ပတ်ကြာ သီးခြားခွဲထား

ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့် တရုတ်နိုင်ငံသားအား ဝေဘာဂီဆေးရုံမှ ဆင်းခွင့်ပြု

Did you find apk for android? You can find new Free Android Games and apps.
Loading