စစ်ကိုင်းတိုင်း ဒေသကြီး ကလေး နည်းပညာ တက္ကသိုလ်မှ ကျောင်းသား တာန်ဒါလ်းမွန်းမာန် သေဆုံးမှုနှင့် ပတ်သက်ပြီး ကျောင်းသားများနှင့် ပြည်သူများ စုစုပေါင်း၂ ထောင်ကျော် ယနေ့ ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။
သေဆုံးသူ တာန်ဒါလ်မွန်းမာန်သည် ဇန်နဝါရီ ၂၆ ရက် ည ၁၁ နာရီကျော်က ကလေးမြို့မ ဈေးကွေ့အနီး လမ်းပေါ်၌ ဆိုင် ကယ် မတော်တဆ ဖြစ်ကာ ကလေးဆေးရုံသို့ ရောက်ခဲ့သော်လည်း နောက်တနေ့ နေ့လယ်၂ နာရီခန့်တွင် သေဆုံးသွား ခြင်း ဖြစ်သည်။
ကလေးမြို့ ချင်းကျောင်းသား သမဂ္ဂ၏ ဥက္ကဋ္ဌ၊ ဆန္ဒထုတ်ဖော်ရေး ဖြစ်မြောက်ရေး ကော်မတီဝင် ဆလိုင်းဗန်ရိုထန်က “အရင် အပတ်လောက်က ကျောင်းသား ခေါင်းဆောင် တာန်ဒါလ်းမွန်းမာန်က ဆိုင်ကယ် မတော်တဆမှုနဲ့ ညမှာ ဆေးရုံ ရောက်ခဲ့တယ်။ အဲဒီညမှာ တာဝန်ရှိတဲ့ ဆရာဝန်တွေ၊ ဆေးဆရာမတွေက အရေးပေါ် လူနာကို စောင့်ရှောက်မှု အပြည့် အဝ မပေးတဲ့ အတွက် ကျနော်တို့ သူငယ်ချင်း သေဆုံးခဲ့တာကြောင့် ဆန္ဒ ဖော်ထုတ်တာပါ” ဟု ဧရာဝတီသို့ ပြောသည်။
ချင်းကျောင်းသား တာန်ဒါလ်မွန်းမာန် သေဆုံးမှုနှင့် ပတ်သက်၍ ကလေးမြို့ ပြည်သူ့ဆေးရုံ၏ တာဝန်လစ်ဟင်းမှုကြောင့် ဆိုသည့် လူမှုကွန်ရက် သတင်းများကြောင့် ဆေးရုံအုပ်ကြီးနှင့် တာဝန်ကျ ဆရာ၊ ဆရာမတို့က ဇန်နဝါရီ၂၉ ရက် ကလေး မြို့ အထွေထွေရောဂါကု ဆေးရုံကြီး၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြသည်။
ထိုသတင်းစာ ရှင်းလင်းပွဲ၌ ခွဲစိတ်အထူးကု ဆရာဝန်ကြီး ဒေါက်တာ လှကျော်က လူနာမှာ ခေါင်းထိသွားခြင်းဖြစ်ကြောင်း ဦးခေါင်းခွံကွဲသွားပြီး ဦးနှောက်အတွင်း သွေးယိုစီးမှု ဖြစ်ခဲ့ကြောင်း၊ သွေးယိုစီးမှုမှ တဆင့် သွေးများခဲသွားကာ ဦးနှောက်ကို ပြန်ဖိသွားခြင်းကြောင့် အသက် ဆုံးရှုံးရခြင်း ဖြစ်သည်ဟု ရှင်းလင်း သွားသည်။
ဆေးရုံဘက်မှ ယင်းသို့ ရှင်းလင်းသည့် အပေါ် ကလေးမြို့ ချင်းတက္ကသိုလ် ကျောင်းသားအဖွဲ့ ၁၆ ဖွဲ့က စုပေါင်း၍ ဆေးရုံ တာဝန်ရှိသူများကို အရေးယူပေးရန်နှင့် ၅ ရက် အတွင်း အရေးယူမှု မရှိပါက ဆန္ဒထုတ်ဖော်သွားမည်ဟု ဖေဖော်ဝါရီလ ၁ ရက်က ထုတ်ပြန်ထားသည့် အပေါ် တစုံတရာ အရေးယူမှု မရှိခြင်းကြောင့် ယနေ့ ဆန္ဒထုတ်ဖော်ကြခြင်း ဖြစ်သည်။
ကလေးမြို့ ဒေသခံ ကိုသန့်စင်လင်းက ကျောင်းသားများ ခွင့်ပြုချက်ယူ၍ ဆန္ဒပြလိုက ပြခွင့်ရှိသော်လည်း ကျွမ်းကျင် ဆရာဝန်များ လိုအပ်မှုကိုလည်း ထည့်သွင်း စဉ်းစားစေလိုကြောင်း ၎င်း၏ သဘောထားကို ပြောပြသည်။
၎င်းက “ကလေးမြို့လို နယ်မြို့တွေကို ဘယ်ဆရာဝန်မှ မလာချင်ကြဘူး။ မြို့ပေါ်မှာ အေးဆေး သက်သာစွာနဲ့ ပိုက်ဆံ လည်း ရတယ်။ ဒီမှာဆို လစာအပြင် ဘာမှမရဘူး။ တကယ်လို့ ကျောင်းသားတွေ တောင်းဆိုတဲ့အတိုင်း သက်ဆိုင်ရာက ဆရာဝန်ကြီးတွေကို အရေးယူလို့ ရှိရင် ဆရာဝန်တွေက ကလေးမြို့ကို မလာတော့ဘူးဆိုရင် ကလေးမြို့နေ ပြည်သူတွေပဲ ဒုက္ခရောက်မှာ။ ဒါတွေကို ထည့်သွင်း စဉ်းစားစေချင်တယ်” ဟု ဆိုသည်။
ယခင်ကလည်း ထိုနည်းအတူ ပါမောက္ခတဦးကို လူနာရှင် မိသားစုက တောင်းပန်ခိုင်းသည့် ဖြစ်စဉ်မျိုး ဖြစ်ခဲ့ပြီး ၎င်းဆရာ ဝန်ကြီးက မတောင်းပန်ဘဲ နုတ်ထွက်သွားသဖြင့် ကလေးမြို့တွင် ကျွမ်းကျင်ဆရာဝန် မရှိသည့် ပြဿနာမျိုး ဖြစ်ခဲ့သည့် သာဓက ရှိခဲ့သည်ဟု ကိုသန့်စင်လင်း က ရှင်းပြသည်။
၎င်းက “ဆရာဝန် လုံလောက်စွာ မရဘဲနဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဘယ်လိုပေးကြမလဲဆိုတာ ကျနော်တို့ စဉ်းစားရ ခက်တယ်။ လုပ်ငန်းခွင်ကို ဆရာဝန်တွေ မဝင်တာ ဘာကြောင့်လဲ ဆိုတဲ့ ပြင်သင့်တာတွေ ပြင်ဖို့ဆိုတာ၊ ကျန်းမာရေး ဝန် ထမ်းတွေ လုပ်ချင်ကိုင်ချင်စိတ် များလာအောင်၊ လုံလောက်တဲ့ အရေအတွက် ပြည့်မီအောင် ဖြစ်ဖို့အတွက် ဘာတွေ ပြင် ကြမလဲ၊ ဘာတွေ လိုအပ်မလဲ။ ဘာတွေ စီစဉ်မလဲဆိုတာတော့ လွှတ်တော်ပိုင်း ဆိုင်ရာက လိုမယ် ထင်ပါတယ်” ဟု သုံး သပ်သည်။
အဆိုပါ ဆန္ဒဖော်ထုတ်သူ၂၁၀၀ ဦးက ပြည်သူမျာ အနေဖြင့် ပြည်သူ့ဆေးရုံတိုင်းတွင် လူနာများ၏ ကျန်းမာရေးကို မေတ္တာ ရှေ့ထား စောင့်ရှောက်ကုသမှု အပြည့်အဝ ရရှိရေး၊ အကျင့်ပျက် ကျန်းမာရေး ဝန်ထမ်းများအား ထိထိရောက်ရောက် အရေးယူပေးရန်၊ ပြည်သူ့ဆေးရုံများတွင် အရေးပေါ် အသက်ကယ် ဘတ်ဂျက် လုံလောက်စွာ ထားရှိရေး၊ မြန်မာနိုင်ငံ၏ ကျန်းမာရေး ဘတ်ဂျက်ကို နိုင်ငံတော် အစိုးရ အထွေထွေ အသုံးစရိတ်၏ အနည်းဆုံး ၁၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သတ် မှတ်ပေးရန် စာတမ်းများကို ကိုင်ဆောင်ကာ ဆိပ်ကမ်းသာလမ်းမှ ကလေးပြည်သူ့ ဆေးရုံရှေ့သို့ လမ်းလျှောက် ဆန္ဒထုတ် ဖော်ခဲ့ကြသည်။
You may also like these stories:
ပြည်တက္ကသိုလ်တွင် အဝေးသင်ပညာရေး စနစ်သစ် အလိုမရှိကြောင်း လှုပ်ရှားမှုပြုလုပ်
ကျောင်းသားများ ဆန္ဒထုတ်ဖော်ခွင့် ညွှန်ကြားချက် ပြန်လည် ပယ်ဖျက်ပေး