ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာမြို့နယ် တရားရုံးမှ ဘိလစ်စာရေး တဦးမှာ ၎င်းအလုပ်လုပ်သည့် ရုံးခန်းအတွင်း၌ ကြိုး ဆွဲချကာ မိမိကိုယ်ကိုယ် သတ်သေမှု ဖေဖော်ဝါရီလ ၉ ရက် ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။
လပွတ္တာမြို့နယ် တရားရုံးတွင် တာဝန်ထမ်းဆောင်နေသည့် ဘိလစ်စာရေး ဦးတင်ကိုမော်မှာ ဖေဖော်ဝါရီလ ၉ ရက် နေ့ လယ် ၂ နာရီတွင် အလုပ်လုပ်ရန် အတွက် လပွတ္တာမြို့နယ် တရားရုံးသို့ ထွက်သွားခဲ့ပြီး ရုံးချိန်ကျော်သည် အထိ အိမ်ပြန် မလာသဖြင့် ၎င်း၏ ဇနီးဖြစ်သူမှ ည ၈ နာရီအချိန်တွင် ရုံးသို့ လိုက်သွားခဲ့ရာ ဦးတင်ကိုမော်မှာ ဘိလစ်စာရေး ရုံးခန်း အတွင်း ကြိုးဆွဲချ၍ သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက “သေဆုံးသူက လပွတ္တာမြို့နယ် တရား ရုံးက ဘိလစ်စာရေး ဖြစ်ပါတယ်။ သူက ရုံးချိန်ကျော်တဲ့ အထိ အိမ်ပြန်မလာလို့ သူ့ အမျိုးသမီးကရုံးကို လိုက်သွားတော့ ရုံးခန်းထဲမှာပဲ ကြိုးဆွဲချပြီး သေဆုံးနေတာကို တွေ့ရတာပါ” ဟု ဧရာဝတီကို ပြောသည်။
သေဆုံးသူ ဦးတင်ကိုမော်မှာ အသက် ၅၂ နှစ် အရွယ်ရှိပြီး ၎င်းတာဝန်ထမ်းဆောင်နေသည့် ရုံးခန်းအတွင်းရှိ အမြင့် ၉ ပေ ခန့်ရှိသည့် ထုတ်တန်း၌ ၁၅ ပေခန့် ရှည်သည့် ပလပ်စတစ်ကြိုးဖြင့် ကြိုးဆွဲချ အနေအထားဖြင့် သေဆုံးခဲ့ကြောင်း၊ လည် ပင်းတွင် ကြိုးကွင်းရာဖြင့် ပြင်ပဒဏ်ရာ မရှိဘဲ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
လပွတ္တာမြို့ခံ ကိုခင်မောင်ဝင်းက “ဦးတင်ကိုမော်က အရင်က လပွတ္တာ ၃ မိုင်မြို့သစ်မှာရှိတဲ့ လပွတ္တာခရိုင် တရားရုံးမှာ အလုပ်လုပ်တယ်။ လပွတ္တာမြို့ထဲမှာရှိတဲ့ မြို့နယ်တရားရုံးကို ရောက်လာတာ မကြာသေးဘူး။ အခုလိုဖြစ်သွားတော့ စိတ်မကောင်း ဖြစ်ရပါတယ်။ သူ့အလောင်းကိုတော့ နှလုံးသား လပွတ္တာ လူမှုကူညီရေး အဖွဲ့က ကားနဲ့ သယ်ယူပို့ဆောင် ပေးပါ တယ်” ဟု ပြောသည်။
စိတ်ပညာအရ စိတ်ဓာတ်ကျလျှင် ဖြစ်စေ၊ စိတ်ကြွလွန်းလျှင် ဖြစ်စေ မိမိကိုယ်ကို သတ်သေလေ့ ရှိကြောင်း၊ စိတ်ဓာတ်ကျ ချိန်တွင် စိတ်ပညာဆိုင်ရာ ကျွမ်းကျင်သူများနှင့် ဆွေးနွေး တိုင်ပင်ကာ အကြံဉာဏ်များ ရယူသင့်ကြောင်း ထားဝယ် တက္ကသိုလ်၊ စိတ်ပညာ ဌာနမှ ကထိက ဒေါ်သီသီအောင် က ပြောသည်။
“စိတ်ပညာအရက စိတ်ဓာတ်ကျရင်လည်း Suicide (မိမိကိုယ်ကိုယ် သတ်သေမှု) လုပ်လေ့ရှိသလို စိတ်ကြွလွန်းရင်လည်း Suicide လုပ်လေ့ ရှိပါတယ်။ စိတ်ဓာတ်ကျတာတော့ ပုံစံမျိုးစုံရှိတာပေါ့။ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးအရ အဆင် မပြေမှုတွေ အခက်အခဲတွေ ကြုံတဲ့အခါ လူတွေ စိတ်ဓာတ်ကျပြီး Suicide လုပ်တာ များပါတယ်။ အဲဒီလို စိတ်ဓာတ်ကျမှု တွေ ဖြစ်လာပြီဆိုရင် စိတ်ပညာဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးပြီး အကြံဉာဏ်တွေ ရယူဖို့လိုတယ်။ အနီးစပ်ဆုံးက တော့ ကိုယ်တိုင်ပင်လို့ ရမယ့်လူမျိုးတွေကို ရင်ဖွင့်တိုင်ပင်ပြီး အကြံဉာဏ်ရယူတားမျိုးတွေ လုပ်သင့်ပါတယ်” ဟု စိတ်ပညာ ဌာနမှ ကထိက ဒေါ်သီသီအောင်က ပြောသည်။
ဘိလစ် စာရေးကြီး ဦးတင်ကိုမော် သေဆုံးမှုနှင့် ပတ်သတ်၍ လပွတ္တာမြို့မ ရဲစခန်း၌ သေမှုသေခင်း အမှတ်စဉ်
၂/၂၀၂၀ ဖြင့် ရေးဖွင့်ထားပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် မဟုတ် စစ်ဆေး ဆောင်ရွက်နေကြောင်း လပွတ္တာမြို့နယ် ရဲတပ်ဖွဲ့ထံက သိရသည်။
ဆက်စပ်ဖတ်ရှု့ရန်
ပေါင်းတည်တွင် ၉ လအတွင်း လူ၁၀ဦး မိမိကိုယ်မိမိ အဆုံးစီရင် သေဆုံး
အာဆီယံနိုင်ငံတွေထဲ မြန်မာနိုင်ငံဟာ ကိုယ့်ကိုယ်ကို သတ်သေမှု စတုတ္ထအများဆုံး နိုင်ငံဖြစ်လာ