သတင်း

အခြေခံ ဥပဒေ ပြင်ဆင်ရေး မူကြမ်းများ ပူးပေါင်း ကော်မတီအောက် ထည့်သွင်းမှု တပ်မတော် မကျေနပ်

တပ်မတော်နှင့် ကြံ့ခိုင်ရေးပါတီ တင်သွင်းထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေမူကြမ်း ၅ ခု အား အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီအောက်သို့ ထည့်သွင်းလိုက်ခြင်းကို မကျေနပ်ကြောင်း တပ်မတော် က လွှတ်တော်တွင် ထုတ်ဖော် ပြောဆိုသည်။

ယနေ့ နေပြည်တော် ပြည်ထောင်စုလွှတ်တော်တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယ အကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ တင်သွင်းပြီးချိန်တွင် တပ်မတော် ကိုယ်စားလှယ်တချို့က မတ်တတ်ရပ်၍ ကန့်ကွက် ဆွေးနွေးကြသည်။

တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်၊ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် အောင်ဆန်း ချစ် တို့က မတ်တတ်ရပ် ကန့်ကွက်ဆွေးနွေးစဉ် ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ်က ဗိုလ်မှူးချုပ် မောင်မောင်ကို မိုက်ဖွင့်ပေးခဲ့သည်။

သို့သော် အခြေခံ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်း ကော်မတီ၏ လေ့ လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာအတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဟု ဦးတီခွန်မြတ်က ပြည်ထောင်စု လွှတ်တော်တွင် ပြောသည်။

ယခု ပူးပေါင်းကော်မတီ၏ ဆုံးဖြတ်ချက်အရ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်၊ ဗိုလ်မှူးချုပ် အောင်ဆန်းချစ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေး ပါတီ) မှ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်း၊ ဒေါက်တာ မောင်သင်းနှင့် ဦးစိုင်းသန်းနိုင်တို့ အားလုံး၏ ဥပဒေကြမ်းများသည် သီးခြားဆွေးနွေးခွင့် ရရှိ တော့မည် မဟုတ်ဘဲ လွှတ်တော်က ဖွဲ့စည်းပေးထားသည့် ပူးပေါင်း ကော်မတီ၏ ဥပဒေကြမ်းများနှင့်အတူ ဆွေးနွေး ခွင့် ရရှိမည် ဖြစ်သည်ဟု ဆိုသည်။

တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် မောင်မောင်က ယနေ့ အစီရင်ခံစာအရ နဂိုမူလက သီးခြားစီ တင်သွင်းမည်ဟု ပြောဆိုထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းများကို ယခုအခါ သီးခြားထည့်သွင်း ဆွေးနွေးရန် မရှိဟု ပြောဆိုလိုက်ခြင်းသည် ယခင် ပြောဆိုချက်များနှင့် ကွဲလွဲနေကြောင်း ပြောဆိုသည်။

၎င်းက“ကျနော်တို့ တပ်မတော်သားရော၊ ပြည်ခိုင်ဖြိုး ပါတီကလည်း တင်ထားတာ ရှိတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ပြင်ဆင်တဲ့ ဥပဒေကြမ်းတွေဟာ သူတို့ရဲ့ ၄၅ ဦး ကော်မတီရဲ့ အောက်မှာ ထည့်သွင်းပြီးတော့ ပျောက်သွားအောင် လုပ်တဲ့ သဘော ဖြစ်နေပါတယ်”ဟု လွှတ်တော်တွင် သတင်းထောက်များကို ပြောသည်။

ဗိုလ်မှူးချုပ် မောင်မောင်က“ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ဖွဲ့ စည်းပုံ ပြင်ဆင်ဖို့အတွက် NLD ပါတီရဲ့ သူတို့ရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ ပါတဲ့အတွက် ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ လုပ်တယ်ဆိုတဲ့ Image ကိုယူတာ ဖြစ်ပါတယ်။ မှားယွင်းနေတယ်။ ကွဲလွဲနေတယ်။ ရှေ့နောက် မညီညွှတ်ဘူးဆိုတာကို ထောက်ပြခြင်း ဖြစ်ပါတယ်”ဟု ပြောသည်။

အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးက မူ ယခင်က ဥပဒေကြမ်းများကို သီးခြားစီ အပြိုင် ဆောင်ရွက်မည်ဟု ပြောဆိုခြင်းမှာ လွှတ်တော်တွင်း တင်သွင်းရန်၊ ဆွေးနွေးရန် ရည်ရွယ်ပြောဆိုခြင်း မဟုတ်ဘဲ စိစစ်ရန် ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း၊ အခြေခံ ဥပဒေ တခုတည်းကို အကြိမ်ကြိမ် ခွဲပြင်မည်ဆိုပါက ရှုပ်ထွေးမှုများစွာ ကြုံတွေ့ရနိုင်ကြောင်း ပြောဆိုသည်။

ယခု အခြေခံ ဥပဒေ ပြင်ဆင်ရေး စိစစ်ရေး ပူးပေါင်းကော်မတီ အတွင်းရေးမှူးလည်း ဖြစ်သူ ၎င်းက“အဲဒီတော့ အနက် အဓိပ္ပာယ်ကို အကောက်ယူလွဲနေတာ။ ဥပဒေအသုံးအနှုန်းဆိုတာ အင်မတန်မှ တိကျတယ်။ အဲဒါကို အချို့ အချို့ သော ကိုယ်စားလှယ်တော်ကြီးများ အချို့အချို့သော အစုအဖွဲ့များကျတော့ လိုရာအနက်ကို ဆွဲကောက်နေတာပေါ့ နော်”ဟု လည်း ပြောသည်။

လက်ရှိ အခြေခံ ဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်ကို ရှေ့ဆက်နိုင်ရန် လွှတ်တော်က အခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေ မူကြမ်းအား ဆွေးနွေးလိုသော ကိုယ်စားလှယ်များကို ယခုလ ၁၇ ရက်နေ့ နောက်ဆုံးထား၍ အမည်စာရင်းပေးရမည် ဟု ယနေ့ ကြေညာသည်။

“ဆွေးနွေးတဲ့ လုပ်ငန်းစဉ်တွေသွားတော့မှာပေါ့။ ကိုယ့်အမြင်သူ့အမြင် ဆွေးနွေးမယ်။ ဆွေးနွေးပြီးသွားရင်တော့ အဆုံး အဖြတ်ယူရတော့မယ်။ ယူရင်တော့ အချက် တချက်ချင်းစီအပေါ်မှာ လွှတ်တော်ရဲ့ အဆုံးအဖြတ်ယူရမယ်။ ၇၅ ရာခိုင် နှုန်း ကျော်မလား မကျော်ဘူးလား ဆိုတာကို တချက်ချင်းစီအလိုက်မှာ မဲပေးသွားရမှာပေါ့”ဟု ဒေါက်တာ မြတ်ဉာဏ စိုး က ရှင်းပြသည်။

မဲပေးရာတွင်လည်း ပထမကြိမ် လွှတ်တော် သက်တမ်းကကဲ့သို့ စက်ခလုပ်နှိပ်ပြီး မဲပေးသည့် နည်းလမ်းကို အသုံးပြု မည် မဟုတ်ဘဲ အများထင်သာမြင်သာ ရှိစေရန်နှင့် ပြည်သူများ စောင့်ကြည့်နိုင်ရန် အမှတ်ခြစ်၍ ဆန္ဒပြုသည့် နည်းလမ်း ကိုသာ အသုံးပြုမည် ဖြစ်ကြောင်း သိရသည်။

ဒေါက်တာ မြတ်ဉာဏစိုးက“ရေတွက်တဲ့အခါကျရင်လည်း အများပြည်သူရှေ့မှာပဲ အားလုံးသေချာကို ရေမယ်။ ရေပြီး တဲ့ အခါကျရင် ၇၅ ရာခိုင်နှုန်း ကျော်တယ်၊ မကျော်ဘူး ၆၉ ရာခိုင်နှုန်းပဲ ရသလား။ ၇၈ ရာခိုင်နှုန်း ရသလား ဆိုတာကို လည်း သေသေချာချာကို ပြန်တွက်ရမှာ။ တွက်ပြီးသွားရင်လည်း အချိန်နဲ့တပြေးညီ ကြေညာပေးသွားမှာ။ ဒီလုပ်ငန်း စဉ်တွေ လာတော့မှာပါ”ဟု ပြောသည်။

တပ်မတော်ကမူ ယခု ဆွေးနွေးရမည့် အခြေခံ ဥပဒေ ပြင်ဆင်ရေး မူကြမ်းသည် NLD ပါတီက အဆိုပြုထားသည့် ဖွဲ့ စည်းပုံ ပြင်ဆင်ရေး အချက်များသာ ဖြစ်ကြောင်း၊ NLD က အားလုံးပါဝင်ရေး ဆိုသော်လည်း ၎င်းတို့ ကြီးစိုးထားသည့် ၄၅ ဦး ကော်မတီတွင် မဲခွဲဆုံးဖြတ်ပြီး ရရှိလာသည့် အချက်များဖြစ်၍ ယခုပြင်ဆင်ချက်များသည် NLD ပါတီ၏ ပြင်ဆင် ချက်များဟု ပြောနိုင်ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်က ပြောဆိုသည်။

“မဲခွဲလိုက်တော့ စဉ်းစားကြည့်၊ ၄၅ ဦးကော်မတီမှာ NLD က များတော့ NLD ချည်းပဲ နိုင်တာပဲ။ ၄၅ ဦး ကော်မတီက တက်လာတာလဲ NLD ရဲ့ ပြင်ဆင်ချက်ပဲ ဖြစ်ပါတယ်။ ကျန်တဲ့လူတွေ ကျန်တဲ့ပါတီတွေ တင်တဲ့ဟာတွေကိုတော့ ၂၀ ရာခိုင်နှုန်း လက်မှတ်ထိုးပြီးတော့ တင်ထားတဲ့ဟာတွေကို အကုန်လုံး ပျောက်သွားအောင် လုပ်လိုက်တဲ့သဘော ဖြစ်ပြီး တော့ ဖွဲ့စည်းပုံ ပြင်ဆင်တာကို သူတို့ ပါတီကပဲ လုပ်တယ်ဆိုတဲ့ သဘောယူထားတာ ဖြစ်ပါတယ်”ဟုလည်း ၎င်းက ထောက်ပြသည်။

ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းအေးက ယနေ့ ပြည်ထောင်စုလွှတ်တော် အခင်းအကျင်းအရ တပ်မတော်က ဖွဲ့စည်းပုံပြင်ဆင်ရေး ဖြစ်မြောက်မှုထက် ၎င်းတို့ တင်သွင်း သည့် ဥပဒေကြမ်းများကို ဆွေးနွေးစေလိုပြီး ပူးပေါင်းကော်မတီအောက်သို့ မထည့်လိုကြောင်း၊ လွှတ်တော် နာယက၏ စဉ်းစားချက်များ ဥပဒေကြမ်း အားလုံးကို ထည့်သွင်း ဆွေးနွေးနေမည် ဆိုပါက အချိန် ၃ နှစ်ခန့် အချိန်ပေး ရနိုင်၍ လက်မခံခြင်း ဖြစ်ကြောင်း ပြောသည်။

“ကျနော်တို့ကတော့ တိုက်တိုက်တွန်းတွန်းနဲ့ ပြင်နိုင်တဲ့ အင်အားရှိတဲ့သူတွေကို ညီညီညွှတ်ညွှတ်နဲ့ တိုင်းပြည်ကောင်း ကျိုး အတွက် နိုင်ငံတော်ရဲ့ အကျိုးစီးပွားအတွက် ပြင်စေချင်တာပေါ့”ဟုလည်း ၎င်းက ပြောဆိုသည်။

SNLD သည် ဖွဲ့စည်းပုံ ပြင်ဆင်ရေးတွင် ပြင်ဆင်လိုသည့် အချက် ၁၁၁၂ ချက်အထိ အများဆုံး တင်သွင်းထားသည့် ပါတီ တခု ဖြစ်သည်။
ဒုတိယ အများဆုံး ပြင်ဆင်သည့် ပါတီမှာ ANP ဖြစ်ပြီး အချက်ပေါင်း ၈၅၈ ချက်၊ မွန်အမျိုးသား ပါတီက ၆၄၁ ချက်၊ အမျိုးသား ညီညွှတ်သော ဒီမိုကရက်တစ် ပါတီက ၄၆၂ ချက်၊ ပလောင် (တအာင်း) အမျိုးသား ပါတီက ၁၇၈ ချက်၊ ပအို့ဝ် အမျိုးသား အဖွဲ့ချုပ်က ၁၃၇ ချက်၊ NLD ပါတီက ၁၁၄ ချက် ဖြစ်ပြီး အခြားပါတီများကလည်း ပြင်ဆင်ချက်များ အသီးသီး တင်သွင်းထားကြသည်။

လက်ရှိ ပြည်ထောင်စု လွှတ်တော်တွင် NLD ပါတီမှ ကိုယ်စားလှယ် ၅၉ ရာခိုင်နှုန်း၊ တိုင်းရင်းသား ပါတီ အသီးသီးမှ ကိုယ်စားလှယ် ၁၁ ရာခိုင်နှုန်း၊ ကြံ့ခိုင်ရေး ပါတီမှ ကိုယ်စားလှယ် ၅ ရာခိုင်နှုန်းနှင့် တပ်မတော်မှ ၂၅ ရာခိုင်နှုန်း အသီးသီး ပါဝင်ပြီး ကိုယ်စားလှယ် စုစုပေါင်း ၆၅၄ ဦး ရှိကြောင်း သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်လိုပါက လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းနှင့် အထက် ထောက်ခံမှု ရရှိရန် လိုအပ်သည်။

ဆက်စပ်ဖတ်ရှု့ရန်

တပ်မတော်နဲ့ ကြံ့ခိုင်ရေး ပါတီက ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဘာတွေ တင်သွင်းထားသလဲ

ဖွဲ့စည်းပုံပြင်ဆင်ရေး ဖြစ်နိုင်ချေ သော့ချက် ၂ ချက်

အခြေခံ ဥပဒေ ပြင်ဆင်ရေးနဲ့ ကချင်တွေရဲ့ မျှော်လင့်ချက်

Loading