မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ် မြို့သာစက်မှုဥယျာဉ်မြို့တော်အတွင်း ဆေးခြောက်စိုက်ပျိုး သည် ဆိုကာ တရားစွဲဆိုခံထားရသူများအနက် ကိုရှိန်းလတ်အား မူးယစ်ဆေးဝါးဥပဒေပုဒ်မ ၃ခုဖြင့် စွဲချက်တင်ခဲ့ပြီး၊ မရွှန်း လဲ့မြတ်နိုးကို တရားရှင် လွှတ်ပေးကြောင်း မြင်းခြံခရိုင်တရားရုံးက အမိန့်ချမှတ်လိုက်သည်။
“ဒီနေ့ဆောင်ရွက်ချက်တွေကတော့ စွပ်စွဲခံရသူ မရွှန်းလဲ့မြတ်နိုးကို ရာဇဝတ်ကျင့်ထုံးပုဒ်မ ၂၅၃(၁)အရ စွဲချက်တင်ရန် အကြောင်းတစုံတရာမပေါ်ပေါက်တာကြောင့် စွဲချက်မတင်မီ တရားရှင်လွှတ်ခဲ့ပါတယ်” ဟု မြင်းခြံခရိုင် တရားရုံး ပြန်ကြားရေးအရာရှိ ဒေါ်တင်သန်းက ပြောသည်။
အဆိုပါအမှုကို ဖေဖော်ဝါရီ ၃ ရက်နေ့က အမှုအား စွဲချက်တင်သင့်၊ မတင်သင့်ကို နှစ်ဘက်ကြားနာလျှောက်လဲခဲ့ကြပြီး ယနေ့ရုံးချိန်းတွင် ခရိုင်တရားသူကြီး ဦးဟန်သိန်းက ထိုကဲ့သို့ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
“စွပ်စွဲခံရသူ ကိုရှိန်းလတ်ကိုတော့ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆(က)၊ ၂၀(က)၊ ၁၆(ခ) တို့နဲ့ ဒီနေ့ပဲ စွဲချက်တင်လိုက်ပါတယ်၊ နောက်လာမယ့်ရုံးချိန်းမှာတော့ ကိုရှိန်းလတ်ကို စစ်ဆေးသွားမှာ ဖြစ်ပါတယ်”ဟု မြင်းခြံခရိုင် တရားရုံးပြန်ကြားရေးအရာရှိ ဒေါ်တင်သန်းက ဆက်လက်ပြောသည်။
မြို့သာစက်မှုဥယျာဉ်အတွင်း ဆေးခြောက်စိုက်ပျိုးသည်ဟုဆိုကာ စိုက်ပျိုးသူ အမေရိကန်နိုင်ငံသား Mr. John Fredric Todoroki (၆၃) နှစ်၊ စိုက်ခင်း တာဝန်ခံ ရှိန်းလတ် (၃၇)နှစ်၊ မရွှန်းလဲ့မြတ်နိုး (၂၃)နှစ် တို့ကို ၂၀၁၉ခုနှစ် ဧပြီ၂၃ ရက်ရက်နေ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
သို့သော် အမေရိကန်နိုင်ငံသား Mr. John Fredric Todoroki ကိုမူ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၂(၁) ခြွင်းချက် အရ မြင်းခြံခရိုင်တရားရုံးက ကျပ်သိန်း ၃၀၀၀ တန် အာမခံပေးခဲ့သော်လည်း ၎င်းမှာ ယနေ့တိုင် အမှုလာရောက် ရင်ဆိုင်ခြင်း မရှိတော့ပေ။
ကျန်ရှိသည့် ကိုရှိန်းလတ်၊ မရွှန်းလဲ့မြတ်နိုးတို့အား နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်ချနိုင်သည့် ပုဒ်မများ၊ သေဒဏ် ကျခံရမည့် ပုဒ်မများဖြစ်သည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဥပဒေ ပုဒ်မ ၁၆(က)၊ ၁၉(က) (ခ)၊ ၂၀(က)(ခ) ၊ ၂၁ စသည့် ပုဒ်များဖြင့် မူးယစ်ရဲတပ်ဖွဲ့မှ တရားလိုလုပ်၍ မြင်းခြံခရိုင်တရားရုံး ကရာဇဝတ်ကြီး အမှုအမှတ် ၁၄/ ၂၀၁၉ ဖြင့် စစ်ဆေးနေခြင်းဖြစ်သည်။
ထိုသို့သော ပုဒ်မများဖြင့် အမှုဖွင့်လှစ်ခဲ့သော်လည်း မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆(က)၊ ၂၀(က)၊ ၁၆(ခ)တို့ဖြင့် စွဲချက်တင် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
စွဲချက်တင် အမိန့်ချမှတ်ခဲ့သည့်အပေါ် စွပ်စွဲခံရသူ ကိုရှိန်းလတ်က “ကျနော့်အနေနဲ့ ဘာမှ ပြောစရာမရှိပါဘူး၊ ကျနော် ကျုးလွန်ထားတဲ့အမှုတွေ မဟုတ်တဲ့အတွက် အပြစ်မရှိဘူးလို့ တရားခွင်မှ ငြင်းဆိုထားပါတယ်၊ စိုက်ခင်း တာဝန်ခံဖြစ် နေတာကြောင့်ဆိုပြီး စွဲချက်တင်ခဲ့တယ်လို့တော့ ပြောတယ်”ဟု ပြောသည်။
အမှုလာရောက် ရင်ဆိုင်ခြင်း မရှိသည့် အမေရိကန်နိုင်ငံသား Mr. John Fredric Todoroki အား မြင်းခြံခရိုင် တရားရုံး က တရားခံပြေးအမှုဖွင့်လှစ်ထားပြီး သက်ဆိုင်ရာရဲတပ်ဖွဲ့က ဖမ်းဝရမ်းအတည်ပြုနိုင်ခြင်းမရှိသဖြင့် ရုံးချိန်းကိုသာ ပြန်လည် ချိန်းဆိုထားကြောင်း သိရသည်။
“မစ္စတာဂျွန်နဲ့ပတ်သက်ပြီးတော့ ကျမတို့ တရားရုံးကနေ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ အရ တရားခံပြေး ဖွင့်လှစ် ထားပြီးတော့ ဖမ်းဝရမ်း ပြန်သွင်းဖို့အတွက် ဒီနေ့ ချိန်းဆိုထားတာမှာ ဖမ်းဝရမ်းပြန်သွင်းမယ့် ရဲအရာရှိက စာမေးပွဲသွား ဖြေလို့ ဖမ်းဝရမ်း ပြန်မသွင်းနိုင်တဲ့အတွက် ဖေဖော်ဝါရီ ၂၄ ရက်နေ့ကို ပြန်လည် ချိန်းဆိုထားပါတယ်”ဟု မြင်းခြံခရိုင် တရားရုံးပြန်ကြားရေးအရာရှိ ဒေါ်တင်သန်းက ဆက်လက်ပြောသည်။
ယခင်က အချုပ်ဖြင့် အမှုရင်ဆိုင်နေရသော အမေရိကန်နိုင်ငံသား Mr. John Fredric Todoroki ကို ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့က ကျန်းမာရေးကောင်းမွန်ခြင်းမရှိမှုကြောင့် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၂(၁)ခြွင်းချက်အရ မြင်းခြံခရိုင်တရားရုံးက ကျပ်သိန်း ၃၀၀၀ တန် အာမခံပေးခဲ့ရာတွင်၊ ၎င်းအား အာမခံခဲ့သူ ဒေါက်တာခင်မောင်ဝင်းအား ရာဇဝတ်ကျင့်ထုံး ၅၁၄ အရ ရာဇဝတ်အထွေထွေအမှုဖြင့် မြင်းခြံခရိုင်တရားရုံးက အမှုဖွင့်ထားသည်။
“ဒေါက်တာခင်မောင်ဝင်းကတော့ ပြီးခဲ့တဲ့ရုံးချိန်းကတည်းက တလအချိန်တောင်းထားတာဖြစ်တဲ့အတွက် သူ့ရဲ့ ခံဝန်ချုပ်ကို မည်သည့်အတွက် ဒဏ်ကြေးငွေမပေးဆောင်သင့်ကြောင်း အကြောင်းပြထုချေဖို့ ဆင့်ဆိုထားတာမှာ သူကနေ ရုံးကို တင်ပြထားတာရှိပါတယ်၊ အဲဒါနဲ့ပတ်သက်ပြီးတော့လည်း အမိန့်ချဖို့အတွက် ဖေဖော်ဝါရီ ၂၄ ရက်နေ့ ကို ပြန်လည် ချိန်းဆိုထားပါတယ်”ဟု မြင်းခြံခရိုင် တရားရုံးပြန်ကြားရေးအရာရှိ ဒေါ်တင်သန်းက ဆက်လက်ပြော သည်။
အဆိုပါအမှုအား လာမည့် ဖေဖော်ဝါရီ ၂၄ ရက်နေ့သို့ ရုံးချိန်း ပြန်လည်ချိန်းဆိုထားပြီး ကိုရှိန်းလတ်အား စစ်ဆေး မေးမြန်းမှုများ ပြုလုပ်သွားမည်ဖြစ်ကာ ကိုရှိန်လတ်အနေဖြင့် သက်သေ ၃ ဦးတင်ပြထားသည်။
မြို့သာစက်မှုဥယျာဉ်အတွင်း ဆေးခြောက်စိုက်ပျိုးသည်ဟုဆိုကာ မစ္စတာဂျွန်အပါအဝင် အမေရိကန် အခြေစိုက် IIIM ကုမ္ပဏီတာဝန်ရှိသူ အခြားအမေရိကန်နိုင်ငံသား (၅)ဦးကိုလည်း အမူဖွင့်ထားပြီး သူတို့၏ မျက်ကွယ်တွင် အမှုကို စစ်ဆေးနေခြင်း ဖြစ်သည်။
လူမှုကွန်ရက် စာမျက်နှာတွင် ဆေးခြောက် စိုက်ခင်းဟုနာမည်ကြီးခဲ့သည့် မြို့သာ စက်မှုဇုန် အတွင်း စက်မှုကုန်ကြမ်း ချဉ်ပေါင် လျှော်နွယ်ဝင် စိုက်ခင်းပြုလုပ်ရန် ၂၀၁၈ ခုနှစ် မေလခန့် က စိုက်ခင်း ဧက ၆၀ ခန့်အား အမေရိကန် နိုင်ငံ သား John Fredric ၊ Thomas နှင့် Alexandra Skemp တို့ ၃ ဦးက သဘာဝ ဆေးဘက်ဝင် လျှော်ပင် စိုက်ပျိုးရန် အတွက် တိုင်းအစိုးရအဖွဲ့၏ တရားဝင်ခွင့်ပြုချက်ဖြင့် Mandalay Myotha Industrial Development Public Co,Ltd (MMID) ထံမှ ငှားရမ်း လုပ်ကိုင်ခဲ့ခြင်း သိရသည်။
ဆက်စပ်ဖတ်ရှု့ရန်
မြို့သာဆေးခြောက်စိုက်ခင်း အမှု လာမည့်ရုံးချိန်းတွင် စွဲချက်တင်ရန် သင့်မသင့် အမိန့်ချမည်
ဆေးခြောက်လျှော်အမှု တရားခံ အမေရိကန်နိုင်ငံသားအား အာမခံသူကို တရားရုံး အမှုဖွင့်
မြို့သာဆေးခြောက်စိုက်ခင်းအမှု ချေဖျက်ပေးရန် လျှောက်ထားချက် တိုင်းတရားလွှတ်တော်လက်ခံ
ဆေးခြောက်လျှော် စိုက်ခင်းအမှုမှ အမေရိကန်နိုင်ငံသား အာမခံရ