ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ကျေးရွာများအတွင်း လက်နက်ကြီး ကျည်ဆန်များ အဆက် မပြတ်ကျ ရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ရွာသား ၁ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။
ကျောက်တော်မြို့နယ် တောင်ဘွယ် (သစ်) မွတ်ဆလင်ကျေးရွာအတွင်းသို့ ယနေ့ မနက် ၄ နာရီခန့်က လက်နက်ကြီး ကျည်များ ကျရောက် ပေါက်ကွဲခဲ့သဖြင့် အသက် ၁၅ နှစ်အရွယ် ကလေး ၁ ဦးသေဆုံးပြီး ဆယ်ကျော်သက် အရွယ် ကလေး ၂ ဦး ထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း ၎င်းကျေးရွာမှ ဆွေမျိုးတော်စပ်သူ တဦးဖြစ်သူ ဦးကာလူး က ပြောသည်။
ဦးကာလူး က “ဒီနေ့ မနက် ၄ နာရီလောက်မှာ ကျနော်တို့ ရွာထဲကို လက်နက်ကြီး လာကျလို့ ကလေး ၃ ဦးယောက် ဒဏ်ရာရတယ်။ ခေါင်းမှာ ဒဏ်ရာရတဲ့ ကလေးက အခု စစ်တွေဆေးရုံကို ယူတဲ့အချိန် ဆုံးသွားလို့ ရွာကို ပြန်ယူလာပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
သေဆုံးသူ မောင်ရာဟက်နော်ဂျီမှာ ဦးခေါင်းတွင် ကျည်ထိဒဏ်ရာဖြင့် စစ်တွေဆေးရုံသို့ ပို့ဆောင်စဉ် ကန်စောက် တောင်ခြေအရောက်လမ်းတွင် သေဆုံးခဲ့ပြီး ဒဏ်ရာ ရရှိသူ ကလေး ၂ ဦးကိုတော့ ကျောက်တောဆေးရုံတွင် ကုသမှုခံယူနေရကြောင်း သိရသည်။
တောင်ဘွယ် (သစ်) မွတ်ဆလင်ကျေးရွာခံများ၏ ပြောကြားချက်အရ အဆိုပါ လက်နက်ကြီးမှာ ကုလားတန် မြစ်ကြောင်း အတိုင်း တက်လာသည့် တပ်မတော် ရေယာဉ်ကနေ ပစ်ခတ်ခြင်း ဖြစ်ပြီး ထိုပစ်ခတ်မှုကြောင့် နေအိမ် နေအိမ် ၄ လုံး ပျက်စီးသွားသလို ခြံထဲက နွား ၁ ကောင်လည်း သေဆုံးသွားခဲ့ကြောင်း ပြောသည်။
ဦးကာလူးက “လက်နက်ကြီးက ကျနော် နွားခြံထဲလည်း လာကျတယ်။ လူတွေ အိပ်နေတဲ့အချိန် ဆိုတော့ ဘယ်လို ဖြစ်တယ်ဆိုတာတော့ ကျနော်တို့ လည်း မသိဘူး။ ပစ်တာကတော့ မြစ်ထဲက သွားနေတဲ့ တပ်မတော် သင်္ဘော တွေက ပစ်တာဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အလားတူ ယနေ့ မနက်ပိုင်းက လက်နက်ကြီး ကျည်ဆန် ကျရောက်ပေါက် ကွဲမှုကြောင့် ၎င်းမြို့နယ်အတွင်းက ဟယားမွတ်ဆလင် ကျေးရွာမှ အသက် ၅၂ နှစ်အရွယ် ဒေါ်ခါလေတာနှင့် မျောက်တောင် ရခိုင်တိုင်းရင်းသားကျေးရွာမှ အသက် ၂၅ နှစ်အရွယ် မစန်းစန်းဌေးတို့မှာလည်း ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြောင်း ဒေသခံရွာသားများက ပြောသည်။
မျောက်တောင်ကျေးရွာမှ ဒေါ်အောင်နု က “ဒီနေ့ မနက်ပိုင်းမှာ တပ်မတော် စစ်ရေယာဉ်က အတက်လည်း ပစ်တယ်။ အဆင်းလည်း ပစ်ပါတယ်။ အတက်မှာ ပစ်တုန်းက အိမ်တွေကို လာကျပါတယ်။ ဆင်းတဲ့အခါ ပစ်တဲ့ အခါမှာ ကျမတို့ ရွာက ကလေးမလေး ၁ ဦးမှာ ကျည်ဆန်လာမှန်တယ်။ တခြားရွာက သားတွေလည်း ဒဏ်ရာ ရကြတယ်လို့ ကြားပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိအချိန်တွင် ဒဏ်ရာ ရရှိသူ ရွာသား ၄ ဦးကို ကျောက်တော်ဆေးရုံသို့ ပို့ဆောင်ပြီး ကုသမှုများကို ခံယူနေရကြောင်း ကျေးရွာသားများက ဆိုသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဧရာဝတီမှ တပ်မတော် သတင်းပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောခွင့် ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးတို့ထံ ဆက်သွယ်ခဲ့သော်လည်း မရရှိခဲ့ပါ။
ကျောက်တော် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်က “လက်နက်ကြီး ကျလို့ လူတော်တော်များများ ဒဏ်ရာရကြတယ် လို့တော့ကြားတယ်။ အရေအတွက်တော့ ကျနော်လည်း မသိဘူး။ လက်နက်ကြီး တွေက မနေ့ကဆို ၁ မိနှစ် တကြိမ်ပစ်လောက် တာကနေ စက္ကန့် မခြား တလုံးလောက် အဲလို အဆက်မပြတ် ပစ်တာရှိတယ်။ ဘာကြောင့် ပစ်တယ်ဆိုတာ ကျနော်လည်း မသိဘူး။ အသံပဲကြားရတာ” ဟု ဧရာဝတီသို့ ပြောသည်။
ယခုရက်ပိုင်းအတွင်း အဆိုပါ လက်နက်ကြီးကျရောက်သော ကျေးရွာများနှင့် ၁၀ ခန့်အကွာ အရှေ့မြောက်ဘက် တောင်ရှည်တောင်တန်းများတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွား နေကြောင်းလည်း သိရသည်။
ဖေဖော်ဝါရီလ ၃ ရက်နေ့လည်း ကျောက်တော်မြို့ပေါ် လူနေရပ်ပေါ်သို့ လက်နက်ကြီး ကျည်ဆန်များ ကျရောက် ပေါက်ကွဲ၍ အမျိုးသမီး ၁ ဦး သေဆုံးပြီး အမျိုးသား ၃ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။
ပြီးခဲ့သော ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၈ နေ့ လည်း ကျောက်တော်မြို့အဝင်၌ တပ်မတော်နှင့် ရက္ခိုင့် စစ်တပ် (AA) တို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ မြို့ခံ ၄ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။
အလားတူ ပြီးခဲ့သော ဒီဇင်ဘာလ ၆ ရက်နေ့ကလည်း အဆိုပါ ကျောက် တော်မြို့ပေါ်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ တတိယတန်းကျောင်သားလေး ၁ ဦး သေဆုံးကာ မွတ်ဆလင် အမျိုး သမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အတွက် စစ်တွေဆေးရုံသို့ တက် ရောက် ကုသခဲ့ရသည်။
You may also like these stories:
မြို့သာဆေးခြောက်အမှု စွဲချက်တင်၊ တဦးအား တရားရှင်လွှတ်
အခြေခံ ဥပဒေ ပြင်ဆင်ရေး မူကြမ်းများ ပူးပေါင်း ကော်မတီအောက် ထည့်သွင်းမှု တပ်မတော် မကျေနပ်
ကလေး နည်းပညာတက္ကသိုလ် ကျောင်းသား သေဆုံးမှု လူ ၂ ထောင်ကျော် ဆန္ဒထုတ်ဖော်