တတိယ အကြိမ်မြောက် အရှေ့တောင် အာရှ အနာဂတ် အမျိုးသမီးများဆု ၂၀၂၀ (Women of the Future Awards Southeast Asia 2020) အတွက် ရွေးချယ်ထားသည့် ဆန်ခါတင်စာရင်း (Shortlist)တွင် မြန်မာနိုင်ငံမှ အမျိုးသမီး ၄ ဦး ပါဝင်ကြောင်း သိရှိရသည်။
Women of the Future Awards Southeast Asia ဆုသည် အရှေ့တောင်အာရှရှိ အသက် ၃၅ နှစ်အောက် လူငယ် အမျိုးသမီး ခေါင်းဆောင်များကို အားပေးရန်၊ ကဏ္ဍအသီးသီးရှိ ၎င်းတို့၏ လုပ်ဆောင်ချက်များကို အသိအမှတ်ပြု ဂုဏ် ပြုရန်အတွက် ရည်ရွယ်ပြီး ရွေးချယ်ပေးအပ်သည့်ဆု ဖြစ်သည်။
ဆုအမျိုးအစားပေါင်း ၁၀ မျိုး ပါဝင်ပြီး မြန်မာနိုင်ငံမှ စီးပွားရေး(Business) ကဏ္ဍ၌ Forever Travel & Tours ၏ မန်နေဂျင်း ဒါရိုက်တာ မခင်သန္တာနှင်း၊ စီးပွားရေး စွမ်းဆောင်ရှင်(Entrepreneur) ကဏ္ဍ၌ Lcarus Media, Ganda Win Magazine & GandaWin Telly ၏ ပူးတွဲ တည်ထောင်သူနှင့် စီအီးအို Lachmi Baniya၊ Media & Communications ကဏ္ဍ၌ Oxfam မြန်မာ၏ Advocacy and Campaign Coordinator မရည်မွန်ဦးနှင့် Social Entrepreneur ကဏ္ဍ၌ CCEducare Myanmar တည်ထောင်သူနှင့် မန်နေဂျင်း ဒါရိုက်တာ မချစ်အိမ်သူတို့ ၄ ဦး ပါ ဝင်ခြင်း ဖြစ်သည်။
ဆန်ခါတင် စာရင်းထဲတွင် ပါဝင်သူ မရည်မွန်ဦးက “ဆန်ခါတင် အနေနဲ့ ပါတဲ့အတွက် ဝမ်းသာတယ်။ ဒီလို ဆုတွေ ပေးခြင်းအားဖြင့် အမျိုးသမီးတွေ အနေနဲ့ ကိုယ့်ရဲ့ လုပ်ငန်း ဆောင်တာတွေမှာ ကိုယ်လုပ်နေတဲ့ အလုပ်တွေကို အသိ အမှတ်ပြုတဲ့ သူတွေ ရှိပါလား။ ဂုဏ်ယူတဲ့သူတွေ ရှိပါလားဆိုတဲ့ ခံစားချက်ဖြစ်ပြီး တက်တက်ကြွကြွနဲ့ အလုပ်တွေ ပိုလုပ်နိုင်မယ်။ ရှေ့ဆက်သွားရမယ့် အလုပ်တွေ ဆက် လုပ်ဖို့အတွက် အားတွေ ဖြစ်စေမယ်လို့ ယူဆပါတယ်” ဟု ဆို သည်။
သူ့အနေဖြင့် Communications and Media Coordinator အနေဖြင့် တာဝန်ယူ လုပ်ဆောင်ခဲ့စဉ် ကတည်းက လူမှု အသိုင်းအဝိုင်းဆီမှ သတင်း စကားများယူကာ ၎င်းတို့၏ လိုအပ်ချက် အသံများကို ဖော်ထုတ် ရေးသားခြင်း၊ ပညာရှင် များနှင့် ပူးပေါင်းကာ ဗီဒီယို ပညာပေးဆောင်ရွက်ခြင်း၊ မီဒီယာနှင့် ချိတ်ဆက်ကာ မြန်မာနိုင်ငံ အတွင်း ပြုပြင်ပြောင်းလဲ ရန် လိုအပ်နေသည့် အကြောင်းကိစ္စများအား ဆွေးနွေး ပြောဆိုခြင်း စသည့် ဆောင်ရွက်ချက်များကြောင့် ယခုလို ရွေး ချယ်ခံရခြင်း ဖြစ်မည်ဟု ၎င်းက မှတ်ချက်ပြုသည်။
“Media & Communication ဆိုတာ အခုခေတ်မှာ အရမ်းအရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရောက်လာပြီ။ လူထု အသိ ပညာပေး လှုပ်ရှားမှုတွေ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ဖို့ဆိုတာ Media & Communication ကို မသုံးလို့မှ မရတာ။ ဒါ တွေကို သုံးမှသာ လူထုဆီကို တကယ် ထိထိရောက်ရောက်နဲ့ သတင်းစကားတွေကို ဖြန့်ချီနိုင်မှာ ဖြစ်တယ်။ ဒါတွေကို အသုံးပြုပြီး အစ်မရဲ့လုပ်ငန်းတွေ လုပ်ဆောင်တဲ့ အခါမှာ အသိအမှတ်ပြုခံရတဲ့အတွက်လည်း ဝမ်းသာသလို ရှေ့ဆက် ပြီးတော့လည်း Media & Communication ချန်နယ်တွေကို အသုံးပြုပြီး လူထု အသိပညာပေးမှုတွေ၊ မူဝါဒတွေ ပြောင်းလဲလာဖို့ တိုက်တွန်း နှိုးဆော်သွားနိုင်မယ်လို့ ထင်ပါတယ်” ဟုလည်း မရည်မွန်ဦးက ပြောသည်။
ဆက်လက်၍ ၎င်းက တခြားသော ဆန်ခါတင် ရွေးချယ်ခံရသူများ အတွက်လည်း ဝမ်းသာကြောင်း၊ မြန်မာနိုင်ငံမှ အမျိုးသမီးများသည် အမှန်တကယ် ဦးဆောင်သည့် ကဏ္ဍတွင် ရှိပြီး တော်ကြသော်လည်း ၎င်းတို့အား အသိအမှတ်ပြု မှုအပိုင်းတွင် အားနည်းနေသေးကြောင်း၊ တကယ် အလုပ်လုပ်သည့်နေရာ၌ အမျိုးသမီးများ၏ စွမ်းဆောင်ရည်ကို ဖော် ထုတ်ပြသနိုင်သည့်တိုင် ထိပ်ဆုံး ခေါင်းဆောင်မှုကဏ္ဍ ရောက်ရှိရန် အတားအဆီးများစွာ ရှိနေသေးကြောင်း ရှင်းပြ သည်။
စွမ်းဆောင်ရည်ချင်း အတူတူတွင် အမျိုးသားများထက် အမျိုးသမီးများ၌ အတားအဆီး ပိုများနေရာ ထိုအရာများကို ကျော်လွှားနိုင်ရန် အမျိုးသမီးများအား ပိုမို အားပေးထောက်ခံရန် လိုသလို အမျိုးသမီးတို့ လိုအပ်သည့် အကူညီ အထောက်အပံ့များကိုလည်း အမြဲသတိပြုကာ ပေးနေရန် လိုအပ်သည်ဟုလည်း ၎င်းက အကြံပြုပြောဆိုသည်။
Women of the Future Awards Southeast Asia 2020 ဆုရရှိသူများကို လာမည့် မတ်လ ၁၈ ရက် စင်ကာပူ၌ ပြုလုပ်မည့် အခမ်းအနားတွင် ဂုဏ်ပြုချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။
လူငယ် အမျိုးသမီးများ၏ စွမ်းရည်ကို မြှင့်တင်ရန်နှင့် ၎င်းတို့၏ အောင်မြင်မှုများကို ထောက်ခံ အားပေးရန် ရည်ရွယ် သည့် WOF အစီအစဉ်ကို ယူကေတွင် Pinky Lilani CBE DL မှ ၂၀၀၆ တွင် စတင် တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး Women of the Future Awards Southeast Asia ဆုများကို ၂၀၁၈ မှ စတင်ကာ ရွေးချယ်ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။
ဆုချီးမြှင့်သည့် ပထမဆုံးနှစ် (၂၀၁၈)တွင် Community and Public Service ကဏ္ဍအတွက် မြန်မာနိုင်ငံမှ မဖြူနှင်း ငြိမ်း ရရှိခဲ့ပြီး ၂၀၁၉ တွင် Business ကဏ္ဍ၌ ဒေါက်တာသိင်္ဂီဝင်း၊ Community Spirits and Public Service ကဏ္ဍ၌ မအေးသီရိကျော်နှင့် Media and Communications ကဏ္ဍ၌ မသဉ္ဇာရွှန်းလဲ့ရည်တို့က အသီးသီး ရရှိခဲ့သည်။
You may also like these stories:
ကျောက်တော်တွင် လက်နက်ကြီးကျည် ဆက်တိုက်ကျ ၁ ဦးသေပြီး ၄ ဦးဒဏ်ရာရ
မြို့သာဆေးခြောက်အမှု စွဲချက်တင်၊ တဦးအား တရားရှင်လွှတ်
အခြေခံ ဥပဒေ ပြင်ဆင်ရေး မူကြမ်းများ ပူးပေါင်း ကော်မတီအောက် ထည့်သွင်းမှု တပ်မတော် မကျေနပ်