သံသယ လူနာများတွင် အဆုတ်ရောင် ကိုရိုနာဗိုင်းရစ်ပ် ရှိ မရှိ ယခု ဖေဖော်ဝါရီလ တတိယပတ်မှ စတင်ကာ ဓာတ်ခွဲ စစ် ဆေးနိုင်တော့မည် ဖြစ်ကြောင်း အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ယ နေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ပြောသည်။
ဒေါက်တာ မြင့်ထွေးက “၁၉၊ ၂၀၊ ၂၁ (ဖေဖော်ဝါရီ) လောက်ဆိုရင် ကျနော်တို့နိုင်ငံမှာ ရောဂါ ဟုတ်မဟုတ် ဆိုတာကို စမ်း သပ်လို့ရဖို့ ရှိပါတယ်။ မကြာခင် ရက်ပိုင်းမှာ လုပ်နိုင်တော့မှာ ဖြစ်ပါတယ်” ဟု ပြောသည်။
ဖေဖော်ဝါရီ ၁၂ ရက်၌ လူဦးရေ ၁၀၀ ဦးထိ စစ်ဆေးနိုင်မည့် ဓာတ်ခွဲခန်းပစ္စည်းများ ထိုင်းနိုင်ငံမှ ရောက်ရှိမည် ဖြစ်ပြီး ဖေဖော် ဝါရီ ၁၇ ရက်တွင် အမေရိကန်နိုင်ငံမှလည်း လူဦးရေ ၂၅၀ ဦးအတွက် ဓာတ်ခွဲပစ္စည်းများ ထပ်မံ ရောက်ရှိလာ တော့မည် ဟုလည်း ၎င်းက ဆက်လက် ပြောကြားသည်။
ထိုပစ္စည်းများ ရောက်လာပြီးနောက်တွင် ဓာတ်ခွဲဆေးသည့် နည်းလမ်းများကို နိုင်ငံတကာ ပညာရှင်များက လာရောက်၍ စနစ်တကျ သင်ကြား ပြသကာမှု ပြုလုပ်ပြီးနောက် မြန်မာနိုင်ငံတွင် စတင် စစ်ဆေးနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးက “ဓာတ်ခွဲခန်း (Lab) က အဆင့်သင့်ပဲ ကျနော်တို့ လူတွေက အကုန်လုံး အဆင်သင့်ဖြစ်ပါပြီ” ဟု ပြောသည်။
သံသယလူနာများမှ ကိုရိုနာ ဗိုင်းရပ်စ် ဟုတ်မဟုတ် စစ်ဆေးနိုင်ရန် နှာခေါင်းနှင့် အာခေါင် တို့မှ ထုတ်ယူရမည့် တို့ဖတ် နမူနာကို ယူပုံ ယူနည်း၊ ထုတ်ပိုးပုံ ထုတ်ပိုးနည်းနှင့် သယ်ဆောင်နည်းများကို နယ်ဆေးရုံများ အထိ သင်ကြားပြသပြီး ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးက ဆိုသည်။
ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ကိုရိုနာဗိုင်းရပ်ကြောင့် ဖြစ်ပွားသော ရောဂါ ကာကွယ် နှိမ်နင်းရေးအတွက် ကူးစက်ပြန့်ပွားမှု မရှိစေရန်နှင့် ဖြစ်ပွားလာပါက အထိအခိုက် အသေအပျောက် နည်းရန် နိုင်ငံတော် အစိုးရမှ မည်သို့ စီမံ ဆောင်ရွက်ထားသည်ကို သိလိုကြောင်း ဒလမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စိန်မြအေးက မေးခွန်း မေးခဲ့ခြင်း ဖြစ်သည်။
ယခုမေးခွန်းကို မေးမြန်းရခြင်းမှာလည်း အိမ်နီးချင်း တရုတ်နိုင်ငံတွင် သေဆုံးမှုနှင့် ကူးစက်မှု အမြန်ဆုံး ဖြစ်နေပြီး၊ စိုးရိမ် နေကြသည့် မြန်မာ တနိုင်ငံလုံးမှ ပြည်သူများကို လွှတ်တော်မှ ရှင်းပြရမည် ဖြစ်သောကြောင့် မေးမြန်းရခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
မေးခွန်း မေးမြန်းမှုကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ၎င်းတို့၏ လုပ်ဆောင်ချက်များကို အသေးစိတ် ဖြေကြားမှုများ ပြုလုပ်ခဲ့ပြီး ထိုဖြေကြားမှုတွင် မြန်မာနိုင်ငံတွင် ဝူဟန် ဗိုင်းရပ်စ်ဟုတ် ဟုတ်မဟုတ် ဓာတ်ခွဲ စစ် ဆေးနိုင်တော့မည့် အခြေအနများကို ထည့်သွင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“သူများ နိုင်ငံကို ပို့ပြီး စစ်ရတော့ ဘယ်လောက်ပဲ အချိန် မြန်ဆန်အောင် ပို့တယ် ဆိုပေမယ့် သူများကို အားကိုးနေရတာ ပေါ့။ ကိုယ့်နိုင်ငံမှာ စစ်သလောက်တော့ ဘယ် ပိုင်ပိုင်နိုင်နိုင် ရှိမလဲ ဒီကိစ္စက ကြိုဆိုရမှာ” ဟု ဒေါက်တာ စိန်မြအေးက ပြောသည်။
ကိုရိုနာ ဗိုင်းရပ်စ် ဟုတ်မဟုတ် စစ်ဆေးအတည်ပြုနိုင်သည့် နေရာ တကမ္ကာလုံးတွင် ၁၅ နေရာသာရှိသေးပြီး ယင်းတို့မှာ တရုတ်၊ ဂျပန်၊ ဂျာမဏီ၊ တောင်အာဖရိက၊ ထိုင်း၊ အိန္ဒိယ၊ စင်ကာပူ၊ ပြည်သစ်၊ ဗြိတိန်၊ ရုရှား အမေရိကန်၊ သြစတေးလျ စသည့်နိုင်ငံများတွင် ဖြစ်ကြောင်း ယခု မြန်မာနိုင်ငံတွင်လည်း စစ်ဆေးနိုင်တော့မည် ဖြစ်၍ နောက်ကျသည်ဟု မဆိုနိုင် သေးကြောင်း ဒေါက်တာ မြင့်ထွေးက ပြောဆိုသည်။
ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက အသေး စိတ် ဖြေကြားပေး၍ ကျေးဇူးတင်ကြောင်း၊ မေးခွန်းနှင့် အဖြေသည် နိုင်ငံသားများအတွက် အကျိုး ဖြစ်ထွန်းစေမည် ဖြစ် သောကြောင့် နိုင်ငံတော်ပြန်တမ်းနှင့် နိုင်ငံတော် သတင်းစာထဲတွင် ပြည်သူ့လွှတ်ဆိုင်ရာ နည်းဥပဒေ ၁၅၀ အရ ထည့် သွင်း ဖော်ပြသွားမည်ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးတီခွန်မြတ်က ပြောကြားသည်။
ယခုရောဂါနှင့် ပတ်သက်၍ ဆေးရုံများတွင် လိုအပ်သည့် နှာခေါင်းစည်း၊ အသက်ရှူစက် စသဖြင့် ကျန်းမာရေးပစ္စည်းများကို နယ်ဆေးရုံများ အထိ ထောက်ပံ့ထားပြီး နိုင်ငံတော် အစိုးရမှ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသို့ ပံ့ပိုးသည့် အရေး ပေါ် ရန်ပုံငွေ ကျပ်သိန်းသုံးထောင်မှ သုံးစွဲမှုများ ရှိသလို ပြည်သူလူထု အလှူအဖြစ် ထည့်ဝင်ငွေများမှလည်း သုံးစွဲနေ ကြောင်း လွှတ်တော်တွင် ကျန်းမာရေး ဝန်ကြီး၏ ပြောဆိုချက်အရ သိရသည်။
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် စာရင်းများ အရ မြန်မာနိုင်ငံတွင် မနေ့ကည (ဖေဖော်ဝါရီလ ၁၀ရက်) အထိ သံသယလူနာ ၁ ဦး၊ စောင့်ကြည့်လူနာ ၁၉ ဦး စုစုပေါင်း ၂၀ ဦးထိ ရှိလာပြီ ဖြစ်ကြောင်း သိရသည်။
ကမ္ကာတွင် ယခု ဖေဖော်ဝါရီလ ၁၁ ရက်ထိ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁ ထောင်ကျော်နှင့် ရောဂါ ဖြစ်ပွားသူ ၄ သောင်း ၃ ထောင်ကျော် ရှိလာပြီ ဖြစ်ကြောင်း နိုင်ငံတကာ သတင်းများ၌ ဖော်ပြထားသည်။
You may also like these stories:
စင်ကာပူပြန် ဖျားနာနေသောအမျိုးသမီးကို ဝေဘာဂီဆေးရုံတွင် စောင့်ကြည့်စစ်ဆေးနေ
ကိုရိုနာဗိုင်းရပ်က ကိုးရက်ကြာအထိ အသက်ရှင်နိုင်
ပြည်သူတွေအနေနဲ့ စိုးရိမ်စိတ် မလွန်ကဲစေချင်ဘူး
မြန်မာနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှု ပြုလုပ်နိုင်တော့မည် ဟုဆို