ကရင် အမျိုးသားအစည်းအရုံး (KNU)ဘက်မှ တပ်မတော်စခန်းများကို မိုင်းထောင်ခြင်း၊ လာရောက် တိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့၍ တပ်မတော်က လက်နက်ကြီး တချို့ ပစ်ခတ်ပြီး လက်တုန့်ပြန်ရခြင်း ဖြစ်ကြောင်း တပ်မတော်မှ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဧရာဝတီသို့ ပြောသည်။
တပ်မတော်မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ကျနော်တို့ စခန်းတွေရဲ့ လုံခြုံရေးနဲ့ ဒီလမ်းကြောင်းပေါ်မှာ လုံခြုံရေး ရှိဖို့ ကတော့ အခုလို ချောင်းမြောင်း ပစ်ခတ် လာရင်၊ မိုင်းထောင်၊ မိုင်းဆွဲ လုပ်တာမျိုး ဆိုရင်တော့ လိုအပ်တဲ့ လုံခြုံရေး အရ တုန့်ပြန်မှုတွေကတော့ ဆောင်ရွက်ရမှာပဲ။ ကရင်ရွာတွေဘက်ကို ကျတယ်ဆိုတာ လျှောက်ပြောတာ။ ဒီဘက်ကို လာပစ်တဲ့ နေရာဘက်ကိုပဲ ကျနော်တို့ ပြန်ပစ်တာပါ”ဟု ပြောသည်။
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ထဲရှိ KNU တပ်မဟာ ၅ ထိန်းချုပ်ဒေသအတွင်း တပ်မတော်က ကားလမ်း ဖောက်ခြင်းကို အကြောင်းပြုပြီး ယခု ဖေဖော်ဝါရီလဆန်းပိုင်းတွင် ပစ်ခတ်တိုက်ခိုက်မှုများ ပြန်လည် ဖြစ်ပွားလာခြင်း ဖြစ်သည်။
“ဒီလ ၇ ရက်နေ့မှာတော့ ကျနော်တို့ စခန်းကို လာပြီးတော့ မိုင်းထောင်တာ ရှိတယ်။ အဲဒီမှာ မိုင်းထိခဲ့တာမျိုး ရှိတယ်။ ၆ ရက်နေ့ကလည်း တပ်စခန်းတခုကို မီတာ ၃၀၀၀ လောက်ကနေ KNU ဘက်က အင်အား ၃၀ လောက် လာပြီး ပစ်ခတ်တာ ရှိတယ်။ ကျနော်တို့ဆီက ဒဏ်ရာရသွားတာ တယောက် ရှိတယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
လက်ရှိတွင် တပ်မတော်က ကားလမ်းဖောက်ခြင်းကို ယာယီ ရပ်ဆိုင်းထားကြောင်း၊ သို့သော် KNU ဘက်သို့ တရားဝင် အကြောင်းကြားခြင်း မရှိသေးကြောင်း တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စောကလယ်ဒို့က ပြောသည်။
ယခု တပ်မတော်မှ လာရောက် ဖောက်လုပ်နေသည့် လမ်းများကို KNU ကိုယ်တိုင် ဖောက်လုပ်နိုင်ကြောင်း၊ သို့မဟုတ် ပါက အစိုးရဘက်မှ လမ်းပန်းဆက်သွယ်ရေးနှင့် ဆိုင်သော ဝန်ကြီးဌာနတခုခုက KNU နှင့် လာရောက် ညှိနှိုင်းဆောင် ရွက်၍ရကြောင်း၊ မည်သည့် အတွက်ကြောင့် တပ်မတော် ကိုယ်တိုင် လမ်းဖောက်လုပ်ချင်ရသလဲ ဆိုသည့် မေးခွန်းရှိ ကြောင်း KNU တာဝန်ရှိသူတချို့က ဧရာဝတီသို့ ပြောဆိုဖူးသည်။
“ကားလမ်းသုံးလို့ရတဲ့ အထိပဲ ကားနဲ့ ပို့စေချင်တယ်။ ရှေ့ဆက်ပြီးတော့ လူနဲ့ မြင်းနဲ့ သွားရမယ့် နေရာကျတော့ လူနဲ့ မြင်း နဲ့ သွားစေချင်တယ်။ နောက်ပြီးတော့ သတ်မှတ်ပေးထားတဲ့ လမ်းကြောင်းအတိုင်းပဲပေါ့လေ။ အဲဒီလိုပဲ သွားမယ်ဆိုရင် ဒီပြ ဿနာတွေ ဘာမှ မရှိဘူးလို့ တပ်မဟာ ၅ အနေနဲ့ကတော့ အဲဒီလိုပဲ သဘောထား ရှိတယ်”ဟု KNU မှ ဗိုလ်မှူး စော ကလယ်ဒို့က ပြောသည်။
၂၀၁၈ ခုနှစ် မေလက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် KNU ဥက္ကဋ္ဌ ဦးဆောင်သည့် KNU ထိပ်ပိုင်းခေါင်း ဆောင်များ တွေ့ဆုံစဉ်ကလည်း လမ်းဖောက်လုပ်မှုများ ယာယီ ရပ်ဆိုင်းပေးရန် တောင်းဆိုသဖြင့် တချို့နေရာများတွင် ခေတ္တ ရပ်ဆိုင်းပေးခဲ့ရဖူးကြောင်း တပ်မတော်ဘက်က ပြောသည်။
တပ်မတော်မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ကျနော်တို့က ရိက္ခာကို လူနဲ့ပဲ ပို့ပို့၊ လားနဲ့ပဲ ပို့ပို၊ ကားနဲ့ပဲ ပို့ပို့၊ ဘာနဲ့ ပို့ပို့ပေါ့ ဗျာ။ စစ်ဆင်ရေးအတွက် ဆောင်ရွက်တာ မဟုတ်ရင် ပြီးတာပဲ။ အဲဒါကိုပဲ ကားနဲ့ပို့လို့ ဟိုဟာနဲ့ မပို့ရဘူး။ ဒီဟာနဲ့ မပို့ရ ဘူးဆိုတာက လက်တွေ့ မဆန်ဘူးလို့ပဲ ပြောလိုပါတယ်”ဟု ပြောသည်။
လမ်းဖောက်လုပ်သည့် ကိစ္စကို လမ်းရေရှည်ခိုင်မာရန်အတွက် လမ်းပြုပြင် ထိန်းသိမ်းမှုများကို ဆက်လုပ်ရလိမ့်မည် ဖြစ်ကြောင်း၊ ရေမြောင်းဖောက်ခြင်းများ ဆက်လုပ်မည် ဖြစ်ကြောင်း၊ ထိုသို့မဟုတ်ပါက ယခုလမ်းမကြီးများ ပျက်သွား နိုင်ကြောင်း တပ်မတော်ဘက်က တုန့်ပြန်သည်။
“ဒါတွေက နှစ်စဉ်လည်း လုပ်နေကြ။ ဒီနှစ်မှာ ထူးခြားပြီး ပြောလာတာ ဖြစ်ပါတယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောသည်။
ဖေဖော်ဝါရီလ ၉ ရက်က KNU တပ်မဟာ ၅ ၏ တပ်မတော်သို့ အကြောင်းကြားစာတွင် တပ်မတော်သည် ဖေဖော်ဝါရီလ ၃ ရက်နေ့မှ ၈ ရက်နေ့အထိ ၆ ရက်တာ ကာလအတွင်း လက်နက်ကြီး အလုံး ၄၀ အထိ ပစ်ခတ်ခဲ့ကြောင်း၊ ၎င်း လက် နက်ကြီး ပစ်ခတ်ခြင်းကြောင့် တကူးဒဲ ကျေးရွာအတွင်းသို့ လက်နက်ကြီး ၅ လုံး၊ ကူဒေးကျေးရွာ အတွင်းသို့ လက်နက်ကြီး ၇ လုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဖော်ပြထားသည်။
ငြိမ်းချမ်းရေး ဆွေးနွေးနေသည့် ကာလတွင် လက်နက်ကြီး ပစ်ခတ်ခြင်း၊ လက်နက်ငယ်များဖြင့် ဒေသခံ ပြည်သူများရှိရာ ဒေသသို့ နှောက်ယှက်ပစ်ခတ်ခြင်းသည် တဖက်နှင့်တဖက် ယုံကြည်မှု ထိခိုက်စေပြီး တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ ရေးစာချုပ် (NCA) ကိုပါ ထိခိုက်စေဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်းလည်း ဖော်ပြခဲ့သည်။
“၈ ရက်နေ့အထိကတော့ ရွာထဲကို ပစ်ခတ်တာ ရှိတယ်။ နောက်ပိုင်းတော့ သတင်းတွေ ဘာတွေ မရသေးဘူးနော်။ တိုက် ပွဲအဆင့်တော့ မဟုတ်ဘူး။ လက်နက်ကြီး ပစ်ခတ်မှု နည်းနည်းကတော့ ရှိတယ်။ တပ်မဟာ ၅ ခွင်ထဲမှာ။ သူတု့ိဘက်က သွားရမယ့် လမ်းကြောင်းကနေ အပြင်ဘက်ကို ထွက်ပြီး လှုပ်ရှားလာတာတွေ ရှိတဲ့အတွက်ကြောင့် တပ်မဟာ ၅ အဖွဲ့ နဲ့ တွေ့ပြီးတော့မှ ပစ်ခတ်မှုတွေ ရှိတယ်”ဟု တပ်မဟာ ၅ ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စောကလယ်ဒို့က ပြောသည်။
လက်ရှိအချိန်တွင် တိုက်ပွဲဖြစ်ပွားရာ ဒေသရှိ ကူဒေးကျေးရွာမှ အိမ်ထောင်စု ၄၅ စုမှ လူဦးရေ ၃၃၀ ကျော်မှာ လွတ်မြောက်ရာ နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု KNU က ပြောသည်။
ပီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက်နေ့ကလည်း ကရင်ပြည်နယ် သံတောင်ကြီးမြို့နှင့် ဖာပွန်မြို့နယ်ကြားတွင် လမ်းဖောက်လုပ်မှု စစ်ဆေးရေး ဆောင်ရွက်နေသည့် စစ်ကား ၁ စီး မိုင်းဆွဲ တိုက်ခိုက်ခံရသဖြင့် တပ်မတော်မှ တပ်ရင်းမှူး အဆင့်ရှိ တပ်မတော် အရာရှိတဦး ကျဆုံးသွားခဲ့သေးသည်။
၂၀၁၉ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၀ ဇန်နဝါရီလ အထိ ဖာပွန်ခရိုင်အတွင်း KNU ဘက်မှ တိုက်ခိုက်မှု ၇ ကြိမ်၊ မိုင်းနင်း ၊ မိုင်းကွဲမှု ၇ ကြိမ်၊ မိုင်းထောင် ဖောက်ခွဲ တိုက်ခိုက်မှု ၃ ကြိမ်၊ လုံခြုံရေး တပ်ဖွဲ့ဝင်များက ဒေသန္တရ မိုင်းများ ဖော် ထုတ် သိမ်းဆည်းနိုင်မှု ၈ ကြိမ် ရှိခဲ့ကြောင်း တပ်မတော်မှ ရရှိသည့် အချက်အလက်များ အရ သိရှိရသည်။
KNU သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တခု ဖြစ်ပြီး လက်ရှိ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်း အကြိမ်အများဆုံး တွေ့ဆုံထားသည့် အဖွဲ့ တခုလည်း ဖြစ်သည်။
You may also like these stories:
ဖာပွန်တွင် ကျဆုံးသည့် တပ်ရင်းမှူး လုပ်ကြံခံရခြင်း ဟု တပ်မတော်ပြော
လုံခြုံရေးစည်းကို ချိုးဖောက်လာတယ်လို့ မြင်တဲ့ အပိုင်းတော့ ရှိပါတယ်
နိုင်ငံရေး ဆွေးနွေးမှုများ အလုပ်မဖြစ်ဟု KNU ဥက္ကဋ္ဌပြော
စက်မှုဇုန်တည်ထောင်ရေး KNU စီးပွားရေးလုပ်ငန်းနှင့် တနင်္သာရီတိုင်းအစိုးရ MoU ထိုး