ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် မျောက်တောင် ကျေးရွာအတွင်း ယနေ့ ညနေပိုင်းက လက်နက် ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ကျောင်းသား ၄ ဦး ထိခိုက် ဒဏ်ရရာ ရှိခဲ့ကြောင်း သတင်း ရရှိသည်။
အဆိုပါ ဒဏ်ရာရသူများမှာ ဆယ်တန်းကျောင်းသာ မောင်သန်းဇော်၊ မောင်ကိုကိုဟိန်း၊ မောင်ပိုင်စိုးနှင့် ၅ တန်းကျောင်း သား မောင်ဝေယံစိုးတို့ ဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။
ဒဏ်ရာရရှိသူ မောင်သန်းဇော်၏ ဖခင် ဦးမောင်လှမြင့်က “ကလေးတွေ မြစ်ကမ်းဘေးနားမှာ ဘောလုံး ကစားနေကြတဲ့ အချိန် လက်နက်ကြီး ၁ လုံး လာကျပါတယ်။ အဲဒီမှာ ကျနော့်သားမှာ လက်မောင်းနဲ့ ရင်ဘတ်တွေမှာ ဒဏ်ရာရပါတယ်။ တခြားကလေး ၃ ယောက်မှာလည်း ခန္ဓာကိုယ်အနှံ့ ဒဏ်ရာတွေ ရကြပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ ဒဏ်ရာရရှိသူ ကလေး ၄ ဦးထဲမှ ဆယ်တန်းကျောင်းသား မောင်ကိုကိုဟိန်း၏ လက်တဖက်မှာ ပြတ်ထွက်သွားပြီး မြစ်ထဲကျသွားသည့်အတွက် ရွာသားများ ဝိုင်းဝန်းရှာဖွေနေကြောင်း ကျေးရွာသားတဦးဖြစ်သူ ဦးလှမောင်သိန်းက ဆို သည်။
မျောက်တောင်ကျေးရွာနေ ဦးလှမောင်သိန်းက “ကလေးတွေ ဒဏ်ရာက တော်တော်ပြင်းတယ်။ ရွာသားတွေက ကလေး တယောက်ရဲ့ ပြတ်တဲ့လက်ကို မြစ်ထဲဆင်းပြီး ရှာနေပါတယ်။ ကျနော်တို့ တရွာလုံးလည်း အခု အဲဒီနေရာကို ရောက်နေ ကြပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ယနေ့တွင် အဆိုပါ ကျေးရွာအနီး၌ တိုက်ပွဲ ဖြစ်ပွားမှု မရှိကြောင်း၊ လက်နက်ကြီးကျည်မှာ မည်သည့်အဖွဲ့က ပစ်သည် ကို တိတိကျကျ မသိရှိသော်လည်း ကျောက်တော် အခြေစိုက် စခက (၉) ရှိရာမှ ကျရောက်ပေါက်ကွဲခြင်းဖြစ်သည်ဟု ကျေးရွာသားများက ယူဆပြောဆိုကြသည်။
ထိခိုက်ဒဏ်ရာ ရရှိသူ မောင်သန်းဇော်၏ ဖခင် ဦးမောင်လှမြင့်က“ကျနော့်သားလေးအတွက် အရမ်း စိုးရိမ်တာပေါ့။ ဘယ် က ပစ်မှန်းတော့ ကျနော်တို့လည်း တိတိကျကျ မသိဘူး။ ကျည်ဆန်လာတာက တပ်မတော်ရှိတဲ့ဘက်ကနေ လာကျတာ။ အရင်နေ့တွေကလည်း တပ်မဘက်က နေ့တိုင်း ပစ်နေတာရှိတယ်ဆိုတော့ ကျနော်တို့ကတော့ တပ်မက ပစ်တာလို့ ထင် ပါတယ်” ဟု ဧရာဝတီသို့ ဆက်လက် ပြောကြားသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဧရာဝတီမှ တပ်မတော် သတင်း ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းအား ဆက်သွယ် မေးမြန်းရာ ၎င်းအနေဖြင့် မသိရှိသေးကြောင်း ပြောဆိုသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ဒီနေ့ ဖြစ်တဲ့ အဲဒီကိစ္စတော့ ကျနော်လည်း မသိသေးဘူးဗျ။ ကိုဝင်းဇော်ဦး ကိုသာ မေးကြည့် လိုက်ပါ” ဟု ဧရာဝတီသို့ ပြောသည်။
ထို့ကြောင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံ ဖြေ ဆိုခြင်း မရှိပေ။
နောက်ဆုံး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းအား ဆက်သွယ်ခဲ့ သော်လည်း အလုပ် မအားသေးကြောင်း ပြန်လည်ပြောဆိုသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၁၀ ရက်ကလည်း အဆိုပါ မျောက်တောင်ကျေးရွာအတွင်း လက်နက်ကြီး ကျည်ဆန်ကျရောက် ပေါက်ကွဲမှုကြောင့် အသက်၂၅ နှစ် အရွယ် မစန်းစန်းဌေးမှာ ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည့်အတွက် ကျောက်တော် ဆေး ရုံတွင် ကုသမှုခံယူ လျက်ရှိသည်။
အလားတူ ယမန်နေ့က အဆိုပါ မျောက်တော် ကျေးရွာအနီး တောင်ဘွယ် (သစ်) မွတ်စလင်ကျေးရွာနှင့် ဟယား မွတ်စ လင် ကျေးရွာတို့အတွင်း လက်နက်ကြီး ကျည်ဆန် ဆက်တိုက် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၅ နှစ်အရွယ် ယောင်္ကျားလေး ၁ ဦး သေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ယခုရက်ပိုင်းအတွင်း အဆိုပါ လက်နက်ကြီးကျရောက်သော ကျေးရွာများနှင့် ၁၀ မိုင်ခန့်အကွာ အရှေ့မြောက်ဘက် တောင်ရှည် တောင်တန်းများတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် ( AA )တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၃ ရက်လည်း ကျောက်တော်မြို့ပေါ် လူနေရပ်ပေါ်သို့ လက်နက်ကြီး ကျည်ဆန်များ ကျရောက် ပေါက်ကွဲ၍ အမျိုးသမီး ၁ ဦး သေဆုံးပြီး အမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။
ပြီးခဲ့သော၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်ကလည်း ကျောက်တော်မြို့အဝင်၌ တပ်မတော်နှင့် ရက္ခိုင့် စစ်တပ် (AA) တို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ မြို့ခံ ၄ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။
အလားတူ ပြီးခဲ့သော ဒီဇင်ဘာလ ၆ ရက်ကလည်း အဆိုပါ ကျောက်တော်မြို့ပေါ်တွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ တတိယတန်း ကျောင်းသားလေး ၁ ဦး သေဆုံးကာ မွတ်စလင် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အတွက် စစ်တွေ ဆေးရုံသို့ တက်ရောက် ကုသခဲ့ရသည်။
You may also like these stories:
ကျောက်တော်တွင် လက်နက်ကြီးကျည် ဆက်တိုက်ကျ ၁ ဦးသေပြီး ၄ ဦးဒဏ်ရာရ
ရသေ့တောင်တွင် လက်နက်ကြီးကျ၍ အမျိုးသမီး ၃ ဦး ထိခိုက် ဒဏ်ရာရ
ကျောက်တော်မြို့ပေါ် လက်နက်ကြီးကျ၍ ၁ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရ