သတင်း

ရန်ကုန်တိုင်းရှိ လုပ်သားတဦး၏ တနေ့ကုန်ကျစရိတ် ကျပ် ၆၀၀၀ မှ ၉၀၀၀ ကျော်ရှိ ဟုဆို

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ လုပ်သားတဦး၏ တနေ့ ကုန်ကျစရိတ်သည် အနည်းဆုံး ကျပ် ၆၀၀၀ မှ ၉၀၀၀ ကျော် အထိ ရှိကြောင်း ရန်ကုန်တိုင်း၏ အနည်းဆုံး အခကြေးငွေ ပြင်ဆင်ရေး ကော်မတီ၏ စစ်တမ်းတခု အရ သိရသည်။

ယင်း စစ်တမ်းကို ပြီးခဲ့သည့် ဇန်နဝါရီလ၂၀ ရက်မှ ဖေဖော်ဝါရီ ၇ ရက် အထိ ရန်ကုန်တိုင်း လှိုင်သာယာ၊ ရွှေပြည်သာ အပါ အဝင် မြို့နယ် ၆ ခုရှိ စက်မှုဇုန် ၆ ခု၌ အလုပ် လုပ်ကိုင်နေသော အလုပ်သမား ၁၀၈၀ ကျော် အနည်းဆုံး အခကြေးငွေ ပြင်ဆင်ရေး ကော်မတီ (ရန်ကုန်) က ကွင်းဆင်း မေးမြန်းထားခြင်း ဖြစ်သည်။

အနည်းဆုံး အခကြေးငွေ ပြင်ဆင်ရေး ကော်မတီ (ရန်ကုန်) ကို ရန်ကုန်တိုင်း အစိုးရမှ တာဝန်ရှိသူများနှင့် အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည်။

ယခု စစ်တမ်း၌ ထွက်ပေါ်လာသော လုပ်သားတဦး၏ တနေ့ ကုန်ကျစရိတ် နှုန်းထားသည် နေ့စဉ် စားသောက်၊ နေထိုင်မှု စရိတ်များ၊ မိသားစုသို့ ထောက်ပံ့စရိတ်(တလ)နှင့် အခြား အခြေခံ ကုန်ကျစရိတ်များ အပေါ်တွင် မူတည်ပြီး တွက်ချက် ထားခြင်း ဖြစ်ကြောင်း အနည်းဆုံး အခကြေးငွေ ပြင်ဆင်ရေး ကော်မတီ (ရန်ကုန်) ၏ အဖွဲ့ဝင် ဦးထွန်းဝေ က ဧရာဝတီသို့ ပြောသည်။

၎င်းက “အခု ကျနော်တို့ ကောက်လိုက်တဲ့ အချက်အလက်အရ တနေ့ ကုန်ကျစရိတ်က ၅ ထောင်ဆိုတာ မရှိသလောက် ရှားသွားပြီ ၇ ထောင်တွေ၊ ၉ ထောင်အထိ သွားနေပြီ ဆိုတော့ သူတို့ အချိန်ပိုဆင်းမှ ဒီစရိတ်က ကာမိနေတဲ့ အနေအထား ဖြစ်နေတယ်” ဟု ဆိုသည်။

အလုပ်သမား တဦး၏ တနေ့ စားစရိတ် (နံနက်စာနှင့် ထမင်း၂ နပ်) သည် ကျပ် ၂၂၀၀ မှ ၂၅၀၀ ကျော်ရှိပြီး နေထိုင်မှု စရိတ်သည် တနေ့လျှင် ကျပ်၂၀၀၀ ကျော်မှ ၃၀၀၀ ဝန်းကျင် အထိ (၁ လငှားရမ်းခ ကျပ် ၆ သောင်းမှ ၇ သောင်း ရှိသည့် အဆောင်) ရှိပြီး ယင်းကုန်ကျစရိတ် နှစ်ခုတည်းပင် အနည်းဆုံး အခကြေးငွေ တနေ့ ကျပ် ၄၈၀၀ ကို ကျော်လွန်နေပြီ ဖြစ် ကြောင်း သိရသည်။

ယင်းကြောင့် အလုပ်သမားများ အနေဖြင့် တနေ့တာ ကုန်ကျစရိတ်သည် လက်ရှိ အနည်းဆုံး အခကြေးငွေနှုန်းထားကို ကျော်လွန်နေ၍ ယင်း ကုန်ကျစရိတ်ကို ကာမိစေရန်အတွက် အချိန်ပိုများ အချိန်ပြည့်ဆင်းခြင်းနှင့် အလုပ်ရှင်များ၏ အပို ဆုကြေး (incentive) ကို ရရှိအောင် လုပ်ဆောင်နေကြရကြောင်း ဦးထွန်းဝေက ပြောဆိုသည်။

ရန်ကုန်တိုင်း အနည်းဆုံး အခကြေးငွေ ပြင်ဆင်ရေး ကော်မတီမှ ကောက်ခံ ရရှိထားသော အချက်အလက်များမှ ရန်ကုန် တိုင်း၏ အနည်းဆုံး အခကြေးငွေနှုန်းထားတရပ် သတ်မှတ်သွားမည် ဖြစ်ပြီး ထိုနှုန်းထားကို ယခုဖေဖော်ဝါရီလ သို့မဟုတ် မတ်လ အတွင်းတွင် သတ်မှတ်နိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

လက်ရှိ ကုန်ဈေးနှုန်းကြီးမြင့်နှင့် နေထိုင်မှု စရိတ် မြင့်တက်လာခြင်းကြောင့် ပုံမှန် တရက် လုပ်ခ ကျပ် ၄၈၀၀ ဖြင့် လုံ လောက်မှု မရှိတော့ခြင်းကြောင့် တလကို အချိန်ပို နာရီပေါင်း ၅၀ ခန့် ဆင်းနေရကြောင်း လှိုင်သာယာမြို့နယ်ရှိ SDI အထည်ချုပ် စက်ရုံမှ အလုပ်သမား ကိုအောင်နိုင်ဝင်းက ဧရာဝတီသို့ ပြောသည်။

၎င်းက “တလလုံး အချိန်ပို အပြည့်ဆင်းမှ တလလုံးကို ကျပ်၂ သိန်း ၂ သောင်း ကျော်လောက် ရတာ။ အခု ရတဲ့ဟာက စားဖို့တောင် အနိုင်နိုင် ကျနော်တို့ ဘယ်လိုလုပ် စုမလဲ။ ကျန်းမာရေး ဖြစ်လာရင်တောင် ကုဖို့ မရှိဘူး” ဟု ပြောဆိုသည်။

မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် (CTUM) က ရန်ကုန်၊ မန္တလေး၊ ရှမ်း၊ ကချင်နှင့် ကရင်ပြည်နယ် အပါ အဝင် တိုင်းနှင့် ပြည်နယ် ၈ ခုတွင် လူတဦးလျှင် တနေ့တာ လိုအပ်ချက် ဖြစ်သည့် စားဝတ်နေရေး၊ ကျန်းမာရေးနှင့် ပညာ ရေး အပေါ်တွင် အဓိက ထားကာ ၂၀၁၉ ခုနှစ် အတွင်းက ကောက်ယူခဲ့သော စစ်တမ်းတခုအရလည်း အနည်းဆုံး လုပ်ခ လစာ နှုန်းထားသည် ကျပ် ၇၂၀၀ မှ အဆင်ပြေနိုင်မည် ဖြစ်ကြောင်း ပြောဆိုထားသည်။

ယင်းနှုန်းထားသည် အလုပ်ချိန် ၈ နာရီတွင် ၁ နာရီ လုပ်အားခ ၉၀၀ ကျပ်နှုန်းထားဖြင့် တွက်ချက်ထားခြင်း ဖြစ်သည်။ အလုပ်သမားများ လက်ရှိ ရနေသော အနည်းဆုံး ၁ ရက် လုပ်ခလစာ ကျပ် ၄၈၀၀ သည် ၁ နာရီ လုပ်အားခ ၆၀၀ ကျပ် ဖြစ်သည်။

Loading