အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) တိုင်းမှူး ဗိုလ်ချုပ် ရဲဝင်းဦးကို စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ်အဖြစ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အတည်ပြု ခန့်အပ်လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
ဗိုလ်လောင်း အပတ်စဉ် OTS ၇၇ သို့ တက်ရောက်ခဲ့သူ တဦး ဖြစ်ပြီး အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး မဖြစ်မီ တပ်မ ၁၁ (အင်းတိုင်) တပ်မမှူး အဖြစ် တာဝန်ယူခဲ့ဖူးသူတဦး ဖြစ်ကြောင်း တပ်မတော် သတင်း ရင်းမြစ်တချို့ထံမှ သိရသည်။
တပ်မတော်မှ အဆင့်မြင့် အရာရှိတဦး က “စစ်ရေး အတွေ့ အကြုံ ရှိတယ်။ အုပ်ချုပ်ရေးလည်း အတွေ့ အကြုံတွေ ရှိတယ်။ ခြေလျင်၊ ခြေမြန် တပ်ရင်းတွေကနေ တက်လာတာ။ ပြောရရင်တော့ လူကောင်းလို့လည်း ပြောလို့ရတယ်” ဟု ပြောသည်။
လက်ရှိ ဗိုလ်ချုပ် ရဲဝင်းဦးသည် ၂၀၁၈ ခုနှစ်တွင် လက်ရှိ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် ဗိုလ်မှူး ချုပ် ရာထူးဖြင့် စတင် တာဝန်ထမ်းဆောင်ခဲ့သူတဦး ဖြစ်ပြီး ယခုအခါ ဒုတိယ ဗိုလ်ချုပ်ကြီးများကိုသာ တာဝန်ပေးလေ့ ရှိသည့် စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် တာဝန် ပေးအပ်ခြင်း ခံရသဖြင့် တပ်မတော်တွင် ရာထူး အတက်မြန်သူ တဦး ဖြစ်လာသည်။
OTS ၇၇ သည် စစ်တက္ကသိုလ် အပတ်စဉ် ၃၀၊ ၃၁ နှင့် ညီမျှသဖြင့် လက်ရှိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ၎င်းအောက် ၁၀ နှစ်ကျော်ငယ်သည့် မျိုးဆက်သစ် တပ်မတော်အရာရှိများကို ရာထူးကြီးနေရာများသို့ စတင် တာဝန်ပေးအပ်လာပြီဟု သုံးသပ်မှုများ ရှိသည်။
၂၀၁၆ ခုနှစ်က အသက် ၆၀ ပြည့်ခဲ့သည့် လက်ရှိတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်သည် တပ်မတော်မှ အနားမယူသေးဘဲ တပ်မတော် ဥပဒေများအရ ဆက်လက်တာဝန် ထမ်းဆောင်နေပြီး တပ်ချုပ် အသစ်ကို မျိုးဆက်ကွာဟ၍ ပေးနိုင်ကြောင်း သုံးသပ်မှုများ ရှိသည်။
လစ်လပ်သွားသည့် အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) တိုင်းမှူးနေရာသို့ စစ်တက္ကသိုလ် အပတ်စဉ် ၃၆ မှ လက်ရှိ တပ်မတော် ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ညွှန့်ဝင်းဆွေ ဖြစ်လာမည်ဟု တပ်မတော် အရာ ရှိကြီး တချို့ အတည်ပြုသည်။
လက်ရှိ စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်ကို ပြည်ထဲရေးဝန်ကြီး အဖြစ် ခန့်အပ် တာဝန်ပေးလိုက်ကြောင်း သမ္မတ ဦးဝင်းမြင့်က ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။
ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေမှာ စစ်ဘက်ရေးရာ မူလတာဝန်များ ပြန်လည် ထမ်းဆောင် နေပြီ ဖြစ်ကြောင်း သိရှိရပြီး မည်သည့်နေရာတွင် တာဝန်ပေးမည်ကို မရှင်းလင်းသေးပါ။
စစ်ဘက်ဆိုင်ရာ လုံခြုံရေး အရာရှိချုပ်ရုံး ဆိုသည်မှာ ၂၀၀၄ ခုနှစ်က ဖျက်သိမ်းလိုက်သည့် တပ်မတော် ထောက်လှမ်း ရေး အရာရှိချုပ်ရုံးနေရာတွင် အစားထိုးလိုက်သည့် အဖွဲ့ အစည်းတခု ဖြစ်ပြီး ထောက်လှမ်းရေး သတင်းများကို အဓိ က စုဆောင်းရသည့် တပ်ဖွဲ့ တခု ဖြစ်သည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ထက်တွင် စစ်တိုင်းမှူးများကို မကြာ ခဏ ပြောင်းလဲ တာဝန်ပေးမှုများ ရှိပြီး တချို့ သော တိုင်းမှူးများမှာလည်း စစ်ရေး လိုအပ်ချက်နှင့် အဂတိ လိုက်စားမှုများကြောင့် အရေးယူခံရသည့် ဖြစ်စဉ်များ ရှိခဲ့ဖူးသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ မေလကလည်း တပ်မတော်မှ ရခိုင်ပြည်နယ် အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးတင့်နိုင်နှင့် အနောက်မြောက်ပိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဖုန်းမြတ်တို့ကို နေရာချင်း လဲလှယ်လိုက်ခဲ့ရာ ထိုစဉ်က စစ်ရေးလိုအပ်ချက်အရ တိုက်ရိုက်နေရာ ပြောင်းလိုက်ခြင်း ဖြစ်သည်ဟု တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက သတင်းထောက်များကို ပြောဆိုခဲ့ဖူးသည်။
၂၀၁၈ ခုနှစ်၊ ဧပြီလကလည်း တပ်မတော်၏ စစ်တိုင်းမှူးအဆင့် ရာထူးနေရာ ၉ ခုကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်ရာထူး ခန့်ချုပ်ရုံး၏ ညွှန်ကြားချက်ဖြင့် နေရာ အပြောင်းအလဲများ တရားဝင် ပြုလုပ်လိုက်ခဲ့သေးသည်။
You may also like these stories:
ပြည်ထဲရေး ဝန်ကြီးအဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်ကို လွှတ်တော် အတည်ပြု
တပ်မတော် အာဏာလျှော့ချရန် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဥပဒေမူကြမ်း အဆိုပြုချက်များ