မလေးရှားနိုင်ငံရှိ အကြီးမားဆုံးကော်ပိုရေးရှင်းများအနက် တခုဖြစ်သည့် Berjaya Land Berhad (Bland) ၏ လက်အောက်ခံကုမ္ပဏီတခုဖြစ်သော BDS Smart City Co. Ltd သည် မြန်မာန်ိုင်ငံ၏ စီးပွားရေးဗဟိုချက် ရန်ကုန်တွင် အိမ်ရာနှင့် ဘက်စုံသုံး စီမံကိန်းတခုကို အကောင်အထည်ဖော်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် ဒေါ်လာသန်း ၇၅၀ နီးပါးတန်ဘိုးရှိ မြေငှားလုပ်ကိုင်ခွင့်စာချုပ်တခုကို သောကြာနေ့က လက်မှတ်ရေးထိုးခဲ့သည်။
သတင်းထုတ်ပြန်ချက်တစ်ခုအရ BDS သည် ရန်ကုန်၏ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ခန့်မှန်းခြေ ဒေါ်လာ ၇၄၆ ဒသမ ၈ သန်းတန်ဘိုးရှိ မြေ ၇၄ ဟက်တာ စီမံကိန်းကို လက်ခံဆောင်ရွက်မည်ဖြစ်သည်။ ယင်းစီမံကိန်းတွင် အများတတ်နိုင်သော အိမ်ရာများ၊ အလတ်တန်းစား တိုက်ခန်းများ၊ အဆင့်မြင့်ကွန်ဒိုမီနီယံ တိုက်ခန်းများ၊ စီးပွားရေးဆိုင်ရာဋ္ဌာနများ၊ ဆေးရုံများ၊ ကျောင်းများနှင့် လူထုစုဝေးရာနေရာများပါဝင်မည်ဖြစ်သည်။
BDS သည် မြေကို နှစ် ၅၀ ကြာအထိ သီးသန့်ပိုင်ဆိုင်နိုင်သည့်အခွင့်အရေးကို ရရှိမည်ဖြစ်ပြီး တကြိမ်လျင် ၁၀ နှစ်နှုန်းနှင့် နှစ်ကြိမ်အထိ ပိုင်ဆိုင်မှုသက်တမ်းတိုးနိုင်မည်ဖြစ်သည်။ ၎င်းကုမ္ပဏီသည် လွန်ခဲ့သည့်နှစ် မေလက ယင်းစီမံကိန်းအတွက် တင်ဒါတခုကို အောင်မြင်ခဲ့သည်။ ၎င်းစီမံကိန်းသည် ကိုးနှစ်တာကာလအတွင်း အဆင့်သုံးဆင့်ဖြင့် ဆောင်ရွက်မည်ဟု မျှော်လင့်ရသည်။
ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများအုပ်ချုပ်ရေး ညွှန်ကြားမှုဦးစီးဋ္ဌာန (DICA) ၏ ထုတ်ပြန်ချက်အရ BDS စီမံကိန်းကို မြန်မာ့ရင်းနှီးမြုပ်နှံမှုကော်မရှင် (MIC) က အတည်မပြုရသေးဟု ဆိုသည်။ ၂၀၁၇ခုနှစ်က ပြည်ထောင်စုအစိုးရက ကြေညာခဲ့သည်မှာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရတို့သည် ဒေါ်လာ ငါးသန်းအထိ ရင်းနှီးမြုပ်နှံမှုကို အတည်ပြုခွင့်ရှိသည်။ ယင်းပမာဏထက်ကျော်လွန်သည့် စီမံကိန်းများအတွက်မူ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရတို့သည် ပြည်ထောင်စုအဆင့်မှ အတည်ပြုမှုကို တောင်းခံရန် လိုအပ်သည်။
အဆိုပြုချက်များတင်သွင်းခဲ့သည့် ကုမ္ပဏီသုံးခုထဲမှ အစိုးရက Bland ကို ရွေးချယ်ခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ကြောင်း အစိုးရပိုင်သတင်းစာတစောင်တွင် ဖော်ပြထားသည်။ Bland လက်အောက်ခံ Berjaya HT Eco Co. Ltd ၏ ဒါရိုက်တာ ဦးကျော်နေဝင်းသည်လည်း စစ်အာဏာရှင်ဟောင်း ဦးနေဝင်း၏ မြေးဖြစ်သည်။ သောကြာနေ့က လက်မှတ်ထိုးအခမ်းအနားတွင် ၎င်းကို ဦးဖြိုးမင်းသိန်း၏ ဘေးတွင်ထိုင်လျက် တွေ့ခဲ့ရသည်။
ယခုစီမံကိန်းသည် န်ိုင်ငံခြားရင်းနှီးမြုပ်နှံမှု ကျောထောက်နောက်ခံ လူအများတတ်နိုင်သည့် ပထမဆုံး အိမ်ရာစီမံကိန်းဖြစ်သည်ဟု ဦးကျော်နေဝင်းက နိုင်ငံပိုင်သတင်းစာကို ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရသည် စီမံကိန်းအတွက် စီမံကိန်းမြေဧရိယာ ၂၄၀,၀၀၀ စတုရန်းမီတာကို ပိုင်ဆိုင်မည်ဟု ၎င်းကပြောကြားခဲ့သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Yangon Govt Leases $750M of Land to Malaysian Conglomerate ကို ဘာသာပြန်သည်။)
You may also like these stories:
ပွင့်လင်းမြင်သာမှုရှိရန် ရန်ကုန်တိုင်းအစိုးရကို နိုင်ငံတော်အတိုင်ပင်ခံ တိုက်တွန်း
ရန်ကုန်တိုင်း အစိုးရ အဂတိလိုက်စားမှု ရှိနေလား
ရန်ကုန်တိုင်းအစိုးရ ပြည်သူ့ဘဏ္ဍာများကို မိမိသဘောဆန္ဒအတိုင်း သုံးနေ ဟု ဝေဖန်