မန္တလေးတိုင်းဒေသကြီးအတွင်း တရားမဝင်နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်နေထိုင်သော ပြည်ပနိုင်ငံသားများအား အထူးစီမံချက်များဖြင့် စဉ်ဆက်မပျက် စစ်ဆေးဖော်ထုတ်၍ ထိရောက်စွာအရေးယူဆောင်ရွက်သွားရန် တိုက်တွန်း ကြောင်း အဆိုကို အတည်မပြုနိုင်ပဲ ရှုံးနိမ့်သွားသည်။
ယင်းအဆိုကို ပြီးခဲ့သည့် အင်္ဂါနေ့ ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော်တွင် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ မိတ္ထီလာမြို့နယ် မဲဆန္ဒနယ်အမှတ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မိုးတင်သွင်းခြင်းဖြစ်ပြီး၊ ယင်း အဆိုကို မဲခွဲဆုံးဖြတ်ရာ ရှုံးနိမ်ခဲ့ခြင်ဖြစ်ပြီး မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၃၃ မဲ၊ ကန့်ကွက်မဲ ၃၄ မဲ၊ ကြားနေမဲ ၁မဲတို့ဖြင့် အဆိုအတည်မဖြစ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။
“ကျနော်တင်တဲ့ အဆိုကို သာမန်လူတွေပဲ နားထောင်ကြည့်မယ်ဆိုရင် လုပ်သင့်သလား၊ မလုပ်သင့်ဘူးလားဆိုတာ အားလုံးသိလိမ့်မယ်လို့ ယူဆတယ်၊ အဲဒီတော့ မဆောင်ရွက်သင့်ဘူးလို့ ပြောတဲ့သူတွေက ဘာဖြစ်လို့ မဆောင်ရွက် သင့်ဘူးလို့ ပြောတာလဲဆိုတာကို ကိုယ်ဉာဏ်ရှိရင် ရှိသလောက် စဉ်းစားကြည့်ရင် ပေါ်လိမ့်မယ်လို့လည်း ယူဆပါ တယ်”ဟု မိတ္ထီလာမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မိုးက ပြောသည်။
ဦးအောင်ကျော်မိုးသည် ယခင်အစိုးရလက်ထက်က ဗိုလ်မှုးကြီးအဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည့် တပ်မတော် သား တဦးဖြစ်သလို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လုံခြုံရေးနှင့် နယ်စပ်ရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူဖြစ် ကာ ၂၀၁၅ခုနှစ်တွင် တပ်မတော်မှ အငြိမ်းစားယူခဲ့သည်။
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ရာ မိတ္ထီလာမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရသူဖြစ်သည်။
“ဒီကိစ္စတွေက ပြည်ထောင်စုအဆင့်မှာပဲ ဆောင်ရွက်သင့်ပါတယ်၊ ပြည်ထောင်စုအဆင့်ရဲ့ ညွှန်ကြားချက်နဲ့ပဲ ဆောင် ရွက်နေပါတယ်လို့ ဆွေးနွေးသွားတာပေါ့နော်၊ ဦးချမ်းမြဆွေးနွေး သွားတာမှာ စာသင်ကျောင်းလေးတကျောင်း တောင်း တာတောင်မှ ပြည်ထောင်စုကို တင်ပြပြီးတော့မှ တောင်းခံနေရပါတယ်ဆိုတဲ့ နမူနာပြပြီး ပြောသွားတာလေး ရှိတယ်၊ သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်တွေက ဘာမှ လုပ်ပိုင်ခွင့် မရှိတော့ဘူးလား၊ မရှိတော့ဘူးဆိုရင် ဘာဖြစ်လို့ တိုင်းဒေသ ကြီး၊ ပြည်နယ်အစိုးရအဖွဲ့တွေ ဖွဲ့စည်းဆောင်ရွက်နေ သေးတာလဲ၊ အခုထပ်ပြီးတော့ တိုင်းနဲ့ပြည်နယ် အဆင့်အထိ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဆိုပြီး ထပ်မံတိုးချဲ့ ဖွဲ့စည်း နေတာလဲ၊ ပြည်ထောင်စုရဲ့ညွှန်ကြားချက်လေးကို နာခံပြီး တော့ သက်ဆိုင်ရာဦးစီးဌာနအရာရှိတွေနဲ့ ဆောင်ရွက်လို့ရတဲ့ကိစ္စကို ဘာလို့ ဝန်ကြီးတယောက် ခန့်ထားပြီး ဆောင် ရွက်နေသေးလဲ၊ စဉ်းစားစရာတွေက အများကြီးပေါ်လာတယ်၊ ဘာဖြစ်လို့ အဲဒီလိုပြောကြသလဲဆိုတာတော့ သူတို့ ကိုယ်တိုင်ပဲ သိပါလိမ့်မယ်”ဟု ဦးအောင်ကျော်မိုက ဆက်လက်ပြောသည်။
ဦးအောင်ကျော်မိုးတင်သွင်းခဲ့သည့်အဆိုအပေါ် ဦးတင်အောင် (ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ်အမှတ် ၁)၊ ဦးစံထွန်း (သာစည်မြို့နယ် မဲဆန္ဒနယ်အမှတ် ၁) ဦးမိုးမြင့်သိန်း (သာစည်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂)၊ ဗိုလ်မှုးဝေယံမင်း (တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်)၊ ဗိုလ်မှုးအေးမင်းထွန်း (တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်)၊ ဦးချမ်းမြ (မြင်းခြံမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ )တို့က ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
အဆိုအပေါ် ဝင်ရောက်ဆွေးနွေးပေးခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)မှ ချမ်းမြသာစည်မြို့နယ် မဲဆန္ဒ နယ်အမှတ် ၁ လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ကလည်း “သူရဲ့အဆိုချက်က အလွန်ကောင်းပါတယ်၊ ဒါပေ မယ့် လက်ရှိအနေအထားမှာ လုပ်နိုင်တဲ့လူအင်အားက မရှိဘူးပေါ့နော်၊ လုပ်မယ်ဆိုရင် ပူးပေါင်းပါဝင်ရမယ့် လဝက၊ ရဲတပ်ဖွဲ့နဲ့ ကျန်အဖွဲ့အစည်းတွေမှာ လူအင်အားလုံလောက်တဲ့အခြေအနေမှာ မရှိတော့ အခက်အခဲတွေ ရှိနေတယ်” ဟုဆိုသည်။
ထို့အတွက် တနိုင်ငံလုံးနှင့် သက်ဆိုင်သည့် အဆိုဖြစ်သည့်အတွက် ပြည်ထောင်စု အစိုးရ ဗဟိုမှသာ လုပ်သင့်သည်ဟု ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
ထိုသို့ဆွေးနွေးပြီးနောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးအောင်ကြည်က အဆိုအပေါ် ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ရာ အဆိုအား မှတ်တမ်းအဖြစ်ထားရှိရန် သဘော ထားပေးသော်လည်း အဆိုရှင်က လွှတ်တော်၏အဆုံးအဖြတ်ရယူလိုကြောင်းတင်ပြသဖြင့် စက်ခလုတ် နှိပ် ဆန္ဒမဲပေးသည့်နည်းလမ်းဖြင့်လွှတ်တော်၏သဘောထားရယူခဲ့ခြင်းဖြစ်သည်။
“မန္တလေးမှာက ပြည်ပနိုင်ငံသားဝင်တာနဲ့ ပတ်သက်ပြီး ထင်သာမြင်သာရှိတာက တရုတ်နိုင်ငံသားတွေ အများဆုံးရှိ တာ၊ ဘာလို့ရှိတာလဲဆိုတော့ တရုတ်နိုင်ငံသားတွေ အမြတ်တနိုးတန်ဖိုးထားတဲ့ ကျောက်စိမ်းဈေးကွက်က မန္တလေးမှာ အချက်အချာအဖြစ် ရှိနေတာကြောင့် တရုတ်နိုင်ငံသားတွေ အများဆုံး ဝင်ထွက်သွားလာကြတယ်၊ အဲဒီမှာ တရားဝင် လမ်းကြောင်းက ဝင်လာတာတွေလည်း ရှိသလို တရားမဝင်လမ်းကြောင်းက ဝင်လာတာတွေလည်း ရှိနိုတယ်လေ၊ အချို့က တရားဝင်လာတယ်ဆိုပေမယ့် အဲဒါကို ကျော်လွန်သွားပြီးဆိုရင်လည်း တရားမဝင်ဘူးလို့ ပြောလို့ရ တယ် လေ”ဟု ဦးအောင်ကျော်မိုးက ဆက်လက်ပြောသည်။
တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးအောင်ကြည်က “မန္တလေးတိုင်းဟာ တရုတ်နိုင်ငံနဲ့နီးစပ်တဲ့အတွက် တရုတ်လူမျိုးတွေအများအပြားလာပါတယ်၊ အဓိက ကျောက်စိမ်းအရောင်းအဝယ် လုပ်နေတဲ့သူတွေ ရှိပါတယ်၊ သူတို့တွေက ဗမာစကား တတ်ချင်မှ တတ်လိမ့်မယ်၊ ထို့အတူပဲ စိုက်ပျိုးရေးလာလုပ်တဲ့ ဖရဲ၊ သခွားစိုက် နိုင်ငံခြားသားတွေလည်း ရှိတယ်၊ သူတို့အားလုံး လုပ်ငန်းတွေကို ပေါ်ပေါ်ထင်ထင်လုပ်နေတာဟာ တရားဝင်လာလုပ်ကိုင်တဲ့သူတွေဖြစ်ပါတယ်၊ တိုင်းအစိုးရအဖွဲ့ကို ခွင့်ပြုချက်တောင်းခံပြီးမှ လာရောက်ခြင်းဖြစ်တယ်၊ ဒီလိုလုပ်ကိုင်သူတွေကို တရားမဝင်လုပ်ကိုင်တယ်လို့ စွပ်စွဲလို့ မရပါဘူး၊ ပြောချင်တာက ပြည်ပနိုင်ငံခြားသားများ နဲ့ပတ်သက်ပြီးတော့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကောင်းမွန်စွာ ထိန်းသိမ်းကြီးကြပ်အရေးယူမှုတွေ လုပ်နေတာကြောင့် အဆိုရှင်တင်သွင်းထားမှုကို လွှတ်တော်မှာ မှတ်တမ်းအဖြစ် ထားရှိပေးဖို့ တင်ပြခဲ့တာပါ”ဟု ပြောသည်။
ယင်းအဆိုတင်သွင်းပြီးနောက် ဖေဖော်ဝါရီ ၆ရက်နေ့က မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိအရှေ့၊ အကွက်(၅၄၂)၊ ၃၅လမ်းနှင့်၃၆လမ်းကြား၊ လမ်း၈၀နှင့် ၈၁လမ်းကြားရှိ နေအိမ်တစ်အိမ်တွင် တရုတ်နိုင်ငံသားများ တရားမဝင်နေထိုင်ကြောင်း သတင်းအရ သက်ဆိုင်ရာရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ရေး ဦးစီးဌာနက ဝင်ရောက်ရှာဖွေရာ တရုတ်နိုင်ငံ သား ၁၂ ဦးကို ဖမ်းမိခဲ့သည်။
ဖမ်းမိခဲ့သည့် တရုတ်နိုင်ငံသားများသည် ဗီဇာစည်းကမ်းချိုးဖေါက်ခဲ့ကြသဖြင့် လူဝင်မှုကြီးကြပ်ရေး လတ်တလော ပြဌာန်းချက်များ အက်ဥပဒေ ပုဒ်မ ၁၃(၁)ဖြင့် အမှုဖွင့် အရေးယူ တရားစွဲဆိုခဲ့ရာ မဟာအောင်မြေမြို့နယ်တရားရုံးက ထောင်ဒဏ် ၆လ (သို့) ငွေဒဏ် ကျပ်တသောင်းခွဲ ပေးဆောင်ရန်အတွက် အမိန့်ချမှတ်ခဲ့သည်။
ထိုသို့အမိန့်ချမှတ်ခဲ့သည်ကို တရုတ်နိုင်ငံသားများက ငွေဒဏ်ကို ပေးဆောင်ခဲ့ပြီး တရုတ်နိုင်ငံ သား ၁၂ ဦးကို ဖေဖေါ်ဝါရီ ၁၀ ရက် ညပိုင်းက မန္တလေးအပြည်ပြည် ဆိုင်ရာလေဆိပ်မှတဆင့် လေကြောင်းဖြင့် တရုတ်နိုင်ငံသို့ ပြန်လည်ပို့ခဲ့ကြောင်း သိရသည်။