သတင်း

အိမ်ထောင်ဖက်အမျိုးသမီး၏ ငွေကြေးနှင့်ပစ္စည်းများကို ထိန်းချုပ်ပါက စီးပွားရေးအကြမ်းဖက်မှုမြောက်

Want create site? Find Free WordPress Themes and plugins.

အိမ်ထောင်ရှင်အမျိုးသားများအနေဖြင့် မိမိဇနီးမယား ပိုင်ဆိုင်သော ဝင်ငွေနှင့် ပစ္စည်းများကို ထိန်းချုပ်ခြင်း ပြုလုပ်ပါက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေကြမ်းပါ ပုဒ်မ ၄ (ဃ) အရ စီးပွားရေး ဆိုင်ရာ အကြမ်းဖက်မှု အဖြစ် သတ်မှတ်ကာ အရေးယူခံရမည်ဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၅ ရက်နေ့က နိုင်ငံပိုင် သတင်းစာများတွင် အများပြည်သူ လေ့လာနိုင်ရန်အတွက် “အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေကြမ်း” ကို ထုတ်ပြန်ခဲ့သည်။

ထိုဥပဒေကြမ်း၏ အပိုဒ် ၄ တွင် စီးပွားရေးအကြမ်းဖက်မှု ဆိုသည်မှာ အိမ်ထောင်ဦးစီး အမျိုးသားက ဖြစ်စေ၊ သွေးရင်း မိသားစုဝင် တဦးဦးက ဖြစ်စေ၊ တရားဝင်ဇနီး အပေါ် သို့မဟုတ် သွေးရင်းမိသားစုဝင် အမျိုးသမီး တဦးအပေါ် (က) ပုံမှန် ဝင်ငွေ ရှိလျက် မိသားစုစားဝတ်နေရေးအတွက် စရိတ်ထောက်ပံ့မှု မပြုခြင်း၊ (ခ) တရားဝင် ဝင်ငွေရ အလုပ် သို့မဟုတ် စီးပွားရေးလုပ်ငန်း ဆောင်ရွက်မှု တခုခုကို ခွင့်မပြုခြင်း သို့မဟုတ် ပိတ်ပင်တားမြစ်ခြင်း၊ (ဂ) အိမ်ထောင်ပစ္စည်းများကို မကြာခဏ ပျက်ဆီးဆုံးရှုံးစေခြင်း နှင့် (ဃ) အမျိုးသမီး၏ ကိုယ်ပိုင်ငွေကြေးနှင့် ပစ္စည်းများကို ထိန်းချုပ်ခြင်း တို့ ပါဝင်သည်။

ထိုဥပဒေရေးဆွဲရာတွင် ပါဝင်ခဲ့သည့် Gender Equality Network မှ ဒါရိုက်တာ ဒေါ်မေစံပယ်ဖြူက “သူက အိမ်ထောင် ဦးစီး ဆိုတာကြောင့် မိန်းမရဲ့ ဝင်ငွေနဲ့ ဝယ်ထားတဲ့အိမ်၊ ခြံ၊ ကား အဲဒါကိုလည်း ယောက်ျားနာမည်နဲ့ပဲ ထားတယ်။ လင်စုံ မယားဖက် ရှာထားတဲ့ပစ္စည်းတွေ၊ ငွေကြေးတွေကိုတော့ မပြောလိုဘူး။ တချို့က မိန်းမရတဲ့ဟာကိုလည်း အကုန်လုံး ထိန်း ချုပ်တယ်။ ဒါဟာအကြမ်းဖက်မှုမြောက်တယ်။ ဒီလိုအကြမ်း ဖက်ခံရတဲ့ အမျိုးသမီးတွေ နစ်နာမှု မရှိအောင် ဒီဥပဒေ ကို ထည့်သွင်းထားတာပါ ”ဟု ရှင်းပြသည်။

ဆက်လက်ပြီး ၎င်းက“ယောက်ျား က သူလည်း အလုပ်မလုပ်ဘူး။ ဝင်ငွေလည်း မရှာဘဲ မိန်းမရှာထားတဲ့ ငွေတွေ၊ ပစ္စည်းတွေကို ထိန်းချုပ်မယ်။ မိန်းမကို ဘာမှ လုပ်ခွင့်မပေးဘူးဆိုရင် ဒါဟာ မိန်းမတယောက်ရဲ့အခွင့်အရေးကို ထိခိုက်အောင်လုပ်တာ၊ သူရဲ့စိတ်ကို နာကျင်စေအောင် လုပ်တာ။ ဒါဟာအကြမ်းဖက်မှု မြောက်ပါတယ်”ဟု ရှင်းပြသည်။

သို့ဖြစ်ရာ ထိုအကြမ်းဖက်မှုကို အိမ်ထောင်ဦးစီး အမျိုးသားကဖြစ်စေ၊ သွေးရင်းမိသားစုဝင် တဦးဦးကဖြစ်စေ တရားဝင်ဇနီး အပေါ် သို့မဟုတ် သွေးရင်းမိသားစုဝင် အမျိုးသမီး ၁ ဦးအပေါ်တွင် ကျူးလွန်ပါက ထောင်ဒဏ် ၃ လမှ ၁ နှစ် အထိ စီရင်နိုင်ပြီး ထပ်မံကျူးလွန်ပါက ၆ လမှ ၂ နှစ်ထိ ပြစ်ဒဏ်ချမှတ်နိုင်သည်ဟု ထိုဥပဒေကြမ်းတွင် ဖော်ပြထားသည်။

ထိုအချက်အလက်အပေါ် အချို့သော အမျိုးသားများ၏ အငြင်းပွားမှုများရှိနေသလို ရိုးရာဓလေ့ကို ယုံကြည်အားကိုးမှု များသော တိုင်းရင်းသားဒေသ အချို့တွင် ထိုပုဒ်မသည် အကျုံးဝင်၊ အသက်ဝင်ပါမည်လောဟု ထောက်ပြဝေဖန်မှုများ လည်း ရှိသည်။

“တကယ်တော့ ဒီဥပဒေမှ မဟုတ်ပါဘူး။ ဥပဒေအဖြစ် တရားဝင်ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေက ဘယ်လိုဘာသာရေး ဓလေ့ ထုံးတမ်းနဲ့ ရှိတဲ့ ဥပဒေမျိုးမဆို ကျော်လွှားနိုင်တဲ့ သဘောသဘာဝတော့ ရှိတယ်။ အငြင်ပွားမှုဆိုတဲ့နေရာမှာ နစ်နာတဲ့သူက တရားရုံးကိုသွားတာလား။ ဓလေ့ထုံးစံအရ ရပ်ရွာလူကြီးတွေဆီ သွားတာလား။ ဘယ်သူ့ကို သွားတိုင်မှာလဲဆိုတဲ့ အပေါ်မှာ မူတည်မှာပေါ့။ တိုင်းရင်းသားတွေမှာ သူတို့ရိုးရာကော်မတီတွေ ရှိတယ်။ သူတို့ကို သွားတိုင်ရင်တော့ သူတို့ဓလေ့ထုံးစံ အတိုင်း ဖြေရှင်းမယ်။ အကြမ်းဖက်ခံရသူက ရဲစခန်းကိုတိုင်ရင်တော့ တရားရုံးက ဒီဥပဒေနဲ့ ဆုံးဖြတ်မှာပေါ့။”ဟု ဒေါ်မေစံပယ်ဖြူက ရှင်းပြသည်။

ကလေးစာပေများ ရေးသားနေသည့် ဒေါက်တာဖြိုးသီဟက “ကျနော့်အနေနဲ့ကတော့ ဒါက အမျိုးသား၊ အမျိုးသမီးရယ်လို့ မဟုတ်ပဲနဲ့ လူသားအနေနဲ့ စဉ်းစားမယ်ဆိုရင် ဒါက မလုပ်သင့်တဲ့ကိစ္စဖြစ်တယ်။ မဖြစ်သင့်တာတော့ ကြာပြီ။ ကျနော်တို့ မြန်မာနိုင်ငံမှာတော့ အမျိုးသားတွေက ပါဝါပိုကြီးသလို အနေအထား ဖြစ်နေတဲ့အခါမှာ ဒီလိုမျိုး ထိန်းချုပ်တာက အမျိုးသား တွေ ပိုလုပ်သလို ဖြစ်နေတယ်။ ဖြစ်နေတော့ ဥပဒေက အကာအကွယ်ပေးတဲ့ အနေနဲ့ အခုလိုမျိုး လုပ်တာ’’ ဟု ပြောသည်။

ဆက်လက်ပြီး ၎င်းက “တဖက်ကကျတော့လည်း ဥပဒေတွေ ချမှတ်၊ ချမှတ် ဒီဥပဒေတွေ လက်တွေ့ အသက်ဝင်ဖို့ ကျတော့ ဒီဥပဒေတွေ ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်ဖို့လည်း လိုသေးတာပေါ့။ ဒါကြောင့် ဒီဥပဒေတွေက တရားဥပဒေစိုးမိုးရေး ပြည့်ပြည့်ဝဝရှိဖို့ကလည်း လိုသေးတယ်” ဟု ထောက်ပြသည်။

အကြမ်းဖက်မှုဆိုသည်မှာ ဥပဒေအရ အမျိုးသမီးဖြစ်ခြင်းအပေါ် အခြေခံ၍ ခွဲခြားဆက်ဆံပြီး ထိုအမျိုးသမီး အပေါ် ရုပ်ပိုင်း ဆိုင်ရာအကြမ်းဖက်မှု၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု သို့မဟုတ် စီးပွားရေးဆိုင်ရာ အကြမ်းဖက်မှု တခုခုကို ခြိမ်းခြောက်၍သော်လည်းကောင်း၊ အနိုင်အထက်ပြု၍သော်လည်း ကောင်း၊ အခြားတနည်းနည်း ဖြင့်သော်လည်းကောင်း အကြမ်းဖက်သည့် ပြုလုပ်မှုကို ဆိုလိုခြင်းဖြစ်သည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေ မူကြမ်းကို၂၀၁၃ခုနစ်ကတည်းက လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ဦးဆောင်ကာ ဥပဒေကျွမ်းကျင်ပညာရှင် များနှင့် အရပ်ဖက် အမျိုးသမီးအဖွဲ့အစည်းများ ပူပေါင်းရေးဆွဲထားခြင်း ဖြစ်သည်။

ကျင့်သုံးနေသည့် တည်ဆဲဥပဒေများ ရှိသော်လည်း ထိုဥပဒေများက ခေတ်နှင့်မလျော်ညီသလို အမျိုးသမီးများ ၏ နစ်နာမှု များအတွက် အပြည့်အဝ ကာကွယ်မှု မပေးနိုင်ခြင်းကြောင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ် ရေး ဥပဒေကို အထူးဥပဒေတရပ်အနေဖြင့် ပြဋ္ဌာန်းနိုင်ရန် ရေးဆွဲခဲ့ကြခြင်း ဖြစ်သည်။

You may also like these stories:

ကိုယ်ဝန်ဖျက်ချခွင့် ပုဒ်မ ၁၆ အပေါ် လူ့အခွင့်အရေးလှုပ်ရှားသူများ ဝေဖန်ထောက်ပြ

တရားမဝင်နိုင်ငံခြားသားများ ဖော်ထုတ်အရေးယူရေး အဆို ရှုံးနိမ်မှု ကြံခိုင်ရေး အမတ်ဝေဖန်

တံတားဦးပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က စွဲဆိုသည့် ၆၆(ဃ)အမှု စွဲချက်တင်

Did you find apk for android? You can find new Free Android Games and apps.
Loading