ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ရေချမ်းပြင် မွတ်စလင်ကျေးရွာရှိ နေအိမ်တလုံးပေါ်သို့ ဖေဖော်ဝါရီလ ၁၂ ရက် ညနေ ၃ နာရီဝန်းကျင်က လက်နက်ကြီး ကျည်တလုံးကျရောက် ပေါက်ကွဲသည့်အတွက် မိသားစုဝင် ၃ ဦး သေဆုံးကာ၂ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သတင်း ရရှိသည်။
ပေါက်ကွဲမှုကြောင့် အသက် ၄၀ ကျော်အရွယ် ဒေါ်ဘာရူး၊ အသက် ၁ နှစ်အရွယ် မယာဆာမာဒေလီနှင့် အသက် ၁၆ နှစ်အရွယ် မောင်ရှော်ရှီးဒူလာတို့ သေဆုံးခဲ့ပြီး အသက် ၁၆ နှစ် အရွယ် မောင်အဘူဆော်ပီးယာနှင့် အသက် ၂၂ နှစ် အရွယ် မဆာလီမာတို့ ဒဏ်ရာ ရရှိခဲ့ကြောင်း ကျေးရွာသားတဦး ဖြစ်သူ ဦးမာမောက် က ပြောသည်။
ဦးမာမောက်က “မနေ့ သူတို့ မိသားစုတွေ ထမင်းစားနေတဲ့ အချိန် အိမ်ခေါင်းမိုးပေါ်ကို ဖောက်ပြီးတော့ လက်နက်ကြီး တ လုံးလာကျပါတယ်။ အမေရော၊ သူ့သမီး အငယ်မနဲ့ ယောင်္ကျားလေး တယောက် ဆုံးပါတယ်။ ၂ ယောက်က ဒဏ်ရာရပါ တယ်။ သူတို့ အားလုံး မိသားစုဝင်တွေပါ။ လက်နက်ကြီးက ရွာအနောက် ဘက်ကလာကျတာပါ” ဟု ဧရာဝတီသို့ ပြော သည်။
ယမန်နေ့က အဆိုပါ ကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားမှု မရှိသလို မည်သည့်အဖွဲ့မှ ပစ်ခတ်သည်ကိုလည်း မသိကြောင်း၊ သို့သော်လည်း လက်နက်ကြီး ကျည်ဆန်မှာ ရွာအနောက်ဘက်မှ ကျရောက်လာခြင်းဖြစ်ကာ ယင်းရွာ အနောက်ဘက်၌ စိုင်းဒင်တံတားနားအနီးတွင် တပ်စွဲထားသော တပ်မတော်စစ်ကြောင်းနှင့် အမှတ် (၅၅၁) တပ်ရင်းတို့ ရှိကြောင်းလည်း ရေ ချမ်းပြင် မွတ်စလင် ကျေးရွာသားများက ဆိုသည်။
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ ယင်းကျေးရွာအနီးတွင် ယမန်နေ့က တိုက်ပွဲ ဖြစ်ပွားခြင်း မရှိသလို လက်နက်ကြီး ပစ်ခတ်မှုလည်း မရှိကြောင်း ပြောသည်။
ဗိုလ်မှူးကြီး ဝင်းဇော်ဦးက“မနေ့က အဲဒီ စိုင်းဒင် တံတားဘက်မှာ တိုက်ပွဲဖြစ်တာလည်း မရှိဘူး။ ပြီးရင် ရေချမ်းပြင်ရွာမှာ ကျနော်တို့နဲ့ အသိတွေ အများကြီးရှိတယ်။ သူတို့ကို မေးကြည့်တဲ့အခါမှာလည်း တိုက်ပွဲဖြစ်တာလည်း မရှိဘူး။ ပစ်တာ ခတ်တာလည်း မရှိဘူးလို့ ပြောတယ်။ မိုင်းခွဲဟာ တခုခုပေါ့။ ဒီမိုင်းက ဘယ်လိုကွဲတာလဲ။ ဒါမှမဟုတ်ရင်လည်းသူတို့ဟာပဲ အပြင်ကို သွားရင်းနဲ့ တွေ့လို့ ကွဲတာလား။ အဲဒီရွာကလူတွေကို မေးတာကို သူတို့ကိုယ်တိုင် သေချာမသိဘူး” ဟု ဧရာဝတီ သို့ ပြောသည်။
ယမန်နေ့ ညနေပိုင်းကလည်း ကျောက်တော်မြို့နယ်အတွင်း တင်းမကျေးရွာမှ အသက် ၅၂ နှစ် အရွယ် ဒေါ်ဦးကျော့စိန် မှာလည်း စိုက်ခင်းတွင် အလုပ်လုပ်နေစဉ် လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
ယခုလ ဖေဖော်ဝါရီလ ၅ ရက်ကလည်း ဘူသီးတောင်မြို့နယ် ဆင်သည်ပြင် မွတ်ဆလင် ရွာမှ အသက် ၃၀ အရွယ် ဦးအာ မတ်နူလာမှာ ကျေးရွာချောင်းကမ်းဘေးတွင် ထင်းချောင်းများကို သယ်ယူနေစဉ် သေနတ်ကျည် ဆန်ထိမှန်၍ ဒဏ်ရာ ရရှိခဲ့ သည်။
ပြီးခဲ့သော ဇန်နဝါရီလ ၂၄ ရက် ညကလည်း ဘူးသီးတောင်မြို့နယ်အတွင်း ကင်းတောင် မွတ်စလင် ရွာထဲသို့ လက် နက်ကြီးကျည် ကျရောက် ပေါက်ကွဲသည့် အတွက် မွတ်စလင် အမျိုးသမီး၂ ဦး၊ သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ သည်။
ထို့ပြင် ဇန်နဝါရီလ ၇ ရက်က ဘူးသီးတောင်မြို့နယ် ကျောက်ရန်ကျေးရွာအုပ်စု ထိပ်ထူးပေါက် မွတ်စလင်ကျေးရွာသား များမှာ ကျေးရွာအနီးရှိ တောင်ပေါ်သို့ ထင်းခုတ်ရန် သွားရောက်စဉ် မိုင်းပေါက်ကွဲမှု တခုဖြစ်ပွားခဲ့သည့် အတွက် ကလေး ငယ် ၄ ဦးသေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ရခိုင်ပြည်နယ်၊ မြောက်ပိုင်း မြို့နယ်များတွင် တပ်မတော်နှင့် ရက္ခိုင်တပ်မတော် (AA) တို့ နှစ်ဖက် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက် ရှိပြီး အရပ်သား သေဆုံးမှုမှာလည်း နေ့စဉ်နှင့် အမျှ ရှိနေသည်။
ဧရာဝတီမှ စာရင်းပြုစုချက်အရ ယခုလ ဖေဖော်ဝါရီလအတွင်းမှာပင် လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုနှင့်အတူ မိုင်း ပေါက်ကွဲမှု တို့ကြောင့် အရပ်သားသေဆုံးသူ ၈ ဦးနှင့် ထိခိုက် ဒဏ်ရာ ရရှိသူ ၃၀ ဦး ရှိသည်။
You may also like these stories:
ကျောက်တော်တွင် လက်နက်ကြီးကျ၊ ကျောင်းသား ၄ ဦး ဒဏ်ရာရ
ကျောက်တော်တွင် လက်နက်ကြီးကျည် ဆက်တိုက်ကျ ၁ ဦးသေပြီး ၄ ဦးဒဏ်ရာရ
ရသေ့တောင်တွင် လက်နက်ကြီးကျ၍ အမျိုးသမီး ၃ ဦး ထိခိုက် ဒဏ်ရာရ
ကျောက်တော်မြို့ပေါ် လက်နက်ကြီးကျ၍ ၁ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရ