ရန်ကုန်တိုင်းဒေသကြီး သံလျင်မြို့နယ် ကုလားဝဲရွာသား ငါးပိုက်ထောင်သူ ကိုကျော်လတ် အသတ်ခံရမှု တနှစ်ကျော် ကြာလာသော်လည်း တရားလိုပြ သက်သေ ၄ ဦးသာ စစ်ဆေးနေဆဲ အဆင့် ရှိနေသည့် အတွက် ကာယကံရှင်နှင့် ရှေ့နေ အသိုင်းအဝိုင်းက ဝေဖန်ကြသည်။
၂ဝ၁၈ ခုနှစ် အောက်တိုဘာ ၁၅ ရက်က ကိုကျော်လတ်သည် သန်လျင်တံတား အမှတ်၂ ဘေးရှိ တံငါရွာဖြစ်သည့် ကုလား ဝဲရွာ မြစ်ကမ်းဘေး ပိုက်စောင့်အိပ်သည့် နေရာ၌ ရှိနေစဉ် သန်းခေါင်ယံအချိန်၌ ဦးမောင်ဝင်းနှင့် သားဖြစ်သူ ကျော်သူ၊ သားမက်ဖြစ်သူ မျိုးသန့်တို့ ရောက်ရှိလာပြီး လှံဖြင့် သတ်ခဲ့ကြောင်း မျက်မြင် သက်သေများ ရှိခဲ့သည်။ သို့သော် ကိုကျော် လတ်၏ အလောင်းကို ယနေ့တိုင်သည်အထိ ရှာဖွေ တွေ့ရှိခြင်း မရှိခဲ့ပေ။
ကိုကျော်လတ် နောက်ဆုံး အိပ်ခဲ့သည့်နေရာတွင် သွေးကွက်များ ရှိနေပြီး ၎င်းအသုံးပြုခဲ့သည့် အိပ်ယာဖျာအပိုင်းအစ၊ ဆောင်းဘောက် အပိုင်းအစများနှင့် စောင်တို့ကို စွပ်စွဲခံရသူ၏ မိသားစုဝင်များ နေထိုင်သည့် အိမ်အနီးတွင် တွေ့ရှိခဲ့ရ ကြောင်း ဇနီးဖြစ်သူ မနေခြည်ငုဝါက ယခုနှစ် ဖေဖော်ဝါရီ ၁၁ ရက် ရုံးချိန်းတွင် ထွက်ဆိုခဲ့သည်။
မနေခြည်ငုဝါက “ကျမ အမျိုးသား အသတ်ခံရတယ်လို့ ကျမတို့ ယုံကြည်နေတာမို့ ဒီအမှုကို မြန်မြန် အမှန်တရား ပေါ်စေ ချင်တာ။ အခုက ကျမတို့အမှုမှာ ဟိုဘက်(စွပ်စွဲခံရသူ) က ရှေ့နေ ရုံးချိန်း မလာတာနဲ့ မစစ်တော့ဘဲ ရုံးချိန်း ပြန်ချိန်းတာ မျိုး အများကြီး တွေ့ခဲ့ရတယ်။ ဒါက ကျမတို့မှာ အမှန်တရားသိဖို့ အများကြီး အချိန်ပေးနေရတယ်” ဟု ဆိုသည်။
၂ဝ၂ဝ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက် ရုံးချိန်းတွင် သန်လျင်မြို့နယ် တရားရုံး၊ ရာဇဝတ်ကြီး အမှုအမှတ် ၄၅/ ၁၉ အမှုတွင် တရားလိုဖြစ်သူ သေဆုံးသူ ကိုကျော်လတ်၏ အစ်ကို ဖြစ်သူ ဦးကျော်ဦးမှ စွပ်စွဲခံရသူ အသက် ၅ဝ အရွယ်ကျော် အရွယ်ရှိ ဦးမောင်ဝင်း(ခ) ခင်မောင်ဝင်းပါ ၃ ဦး အပေါ် ရာဇသတ်ကြီး ပုဒ်မ ၃ဝ၈ ဖြင့် တရားစွဲဆိုသော အမှု ဖြစ်ကြောင်း၊ ယခု အမှု တွင် တရားလိုပြ သက်သေ ၄ ဦးကိုသာ စစ်ဆေးနေဆဲ ဖြစ်ကြောင်း၊ ကျန်သက်သေများကို အမှုစစ် တရားသူကြီးမှ ဥပဒေ နှင့် အညီ အမြန်ဆုံး ဆက်လက် စစ်ဆေးသွားမည် ဖြစ်ကြောင်း သန်လျင်မြို့နယ် တရားသူကြီး ဒေါ်နန်းယုလွင်က ဧရာ ဝတီကို ပြောသည်။
မျက်မြင် သက်သေ ဖြစ်သူများကလည်း ကိုကျော်လတ်ကို အခင်းဖြစ်နေ့က လှံဖြင့်ထိုးသတ်ကာ ခြင်ထောင်၊ စောင်များဖြင့် အလောင်းကို လှေဖြင့် ဆွဲသွားကြောင်း အခင်းဖြစ်နေရာနှင့် ၁၅ ပေခန့် ကွာဝေးသည့် မိမိနေအိမ်မှ မြင်တွေ့ရပုံ၊ နံနက် ၅ နာရီခန့်ဝန်းကျင်တွင် ကမ်းစပ်လှေဆိပ်သို့ ၎င်းတို့ ပြန်လာပြီး လှေကို ဆေးကြောနေကြောင်း မျက်မြင်သက်သေများက တ ရားရုံးတွင် ထွက်ဆိုထားပြီး ဖြစ်သည်။
ကုလားဝဲရွာသည် ပဲခူးမြစ်အတိုင်း တနာရီခန့် စုန်ဆင်းလျှင် ရန်ကုန်မြစ်၊ ပုဇွန်တောင်ချောင်းနှင့် ပဲခူးမြစ်တို့ ပေါင်းဆုံရာ မြစ်သုံးခွစုံကို ရောက်ရှိမည်ဖြစ်ပြီး မြစ်ဆုံသို့ ရောက်သည့်အချိန် ပစ္စည်းတခုခုကို စွန့်ပစ်မည်ဆိုလျှင် ထိုပစ္စည်းသည် ကုလားဝဲရွာဘက်ကို ပြန်လည် ဆန်တက်လာနိုင်ခြေ မရှိသည်ကို ရွာမှ ငါးဖမ်းလုပ်သား အများအပြားက ပြောကြားခဲ့သည်။
သေဆုံးသူ၏ ဇနီး မနေခြည်ငုဝါက “အခင်းဖြစ်တဲ့ မနက်မှ ကျမကသိတာ။ ကုလားဝဲရွာက ရဲကင်းမှာ ရှိတဲ့ စခန်းမှူး ရဲအုပ် ဇော်မင်းနိုင်ကို တိုင်တော့ သူက လူပျောက်မှု အနေနဲ့ တိုက်ချက် လက်ခံတယ်။ သူနောက်ဆုံး အိပ်ခဲ့တဲ့နေရာမှာ သွေး ကွက်တွေရှိတာကိုလည်း ရဲကိုပြတယ်။ ဒါပေမယ့် အခင်းဖြစ်ပြီး ၁၉ ရက်ကြာမှ သူ့ကို သတ်တယ်ဆိုတဲ့ မျက်မြင်သက်သေ ပေါ် လာတာ။ သတ်တဲ့သူတွေကို တရွာလုံးက ကြောက်ကြရတဲ့အတွက် အစမှာ မပြောရဲဘူး” ဟု ဆိုသည်။
၎င်းက “ရဲကို အဲဒီအကြောင်း သွားထွက်ဆိုတော့ ပထမ အာမခံမရတဲ့ ပုဒ်မနဲ့ တရားစွဲမယ်ဆိုပြီး တကယ် တရားရုံးတင် တော့ အာမခံရတဲ့ ပုဒ်မ ၃ဝ၈ နဲ့ စွဲတင်ပြီး သူတို့(စွပ်စွဲခံရသူတွေ)ကို အာမခံ ပေးလိုက်တယ်။ အဲဒီနောက်ပိုင်း အာမခံရ တော့ အမှုက ကြန့်ကြာနေရော။ ကျမတို့ဘက်က ရုံးချိန်းတိုင်း မပျက်မကွက် သွားတယ်။ သူတို့ဘက်က တော်တော်လေး ကို ပျက်ကွက်တယ်။ ဒါကို တရားရုံးကလည်း ရုံးချိန်းကို မစစ်တော့ဘဲ ထပ်ချိန်းတာမျိုး လုပ်တယ်” ဟု ဆိုသည်။
ရာဇသတ်ကြီး ပုဒ်မ ၃ဝ၈ သည် တရားရုံးက အာမခံ ပေးပိုင်ခွင့်ရှိသော်လည်း ရဲလုပ်ငန်း ကုန်စင်အောင် ဆောင်ရွက်ခြင်း မရှိကြောင်း သံသယရှိပါက ဥပဒေအရာရှိမှ ထပ်မံစုံစမ်း စစ်ဆေးရန် ရဲတပ်ဖွဲ့ကို တောင်းဆိုခွင့်ရှိကြောင်း ဥပဒေပညာရှင် တချို့က မှတ်ချက်ပြုသည်။
ယခုကဲ့သို့သာ မှန်ကန်ကြောင်း စစ်ဆေးပေါ်ပေါက်မည်ဆိုလျှင် လူသတ်မှုအပြင် အလောင်း ဖျောက် ဖျက်မှုဖြစ်သည့် သက် သေခံပစ္စည်း ဖျောက်ဖျက်မှုပါ ပြစ်မှုမြောက်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးဇော်လင်းက မှတ်ချက်ပြုသည်။
ယခင် ဦးသိန်းစိန် အစိုးရလက်ထက်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး မောင်စိုးက ငါးဖမ်းလုပ်ငန်း များတွင် အမှုခင်း ပေါ်ပေါက်သည့်အခါ အငြင်းပွားစရာတွေ ပိုများတတ်ကြောင်း၊ လူသတ်မှုဟု ယူဆနိုင်ရန် အသတ်ခံရ ကြောင်း ထင်ရှားစေသည့် အထောက်အထား တွေ့ရှိရန် အရေးကြီးကြောင်း ဧရာဝတီ သတင်းထောက်ကို ပြောဆိုခဲ့သည်။
၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၁ဝ ရက်က ထိုအမှုကို စတင်၍ ရုံးတင် စစ်ဆေးခဲ့ပြီး တရားလိုပြသက်သေ ၁၂ ဦး တင်ပြထားရာတွင် ပြီးခဲ့သည့်၂ဝ၂ဝ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက် ရုံးချိန်းတွင် သေဆုံးသူ ကိုကျော်လတ်၏ ဇနီးဖြစ်သူ မနေခြည်ငုဝါကို စတင် စစ်ဆေးခဲ့သည်။
စစ်ဆေးချိန် ၁ နာရီနီးပါး ကြာမြင့်ပြီးနောက် နောက်ရုံးချိန်းကို ပြန်လည် ချိန်းဆိုခဲ့သည်။ စွပ်စွဲခံရသူများဘက်မှ ရှေ့နေ၏ ပြန်လှန် စစ်မေးသည့် အဆင့်ထိပင် မရောက်ရှိသေးပေ။
You may also like these stories:
ဘူးသီးတောင်တွင် လက်နက်ကြီးကျ၍ ၃ ဦး သေ၊ ၂ ဦး ဒဏ်ရာရ
မနက်တိုင်းနီးပါး ရန်ကုန်လေထုညစ်ညမ်းမှု အန္တရာယ်ရှိနေ
အိမ်ထောင်ဖက်အမျိုးသမီး၏ ငွေကြေးနှင့်ပစ္စည်းများကို ထိန်းချုပ်ပါက စီးပွားရေးအကြမ်းဖက်မှုမြောက်