ရောဂါအတည်ပြုရေးအတွက် ရောဂါရှာဖွေရေးလမ်းညွှန်ချက်သစ်များ စတင်ဆောင်ရွက်ပြီးနောက် ဖေဖော်ဝါရီ ၁၂ ရက်နေ့က တရုတ်န်ိုင်ငံ၊ ဟူပေပြည်နယ်တွင် အတည်ပြုသည့် ကိုရိုနာဗိုင်းရပ်ကူးစက်မှုအရေအတွက်မှာ သိသိသာသာ မြင့်မားလာခဲ့သည်ဟု တရုတ်ဆရာဝန်များက ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ပြောကြားခဲ့သည်။
ဆေးပညာရှုထောင့်အရ ရောဂါရှာဖွေရာတွင် ယခုအခါအသုံးပြုသော ကျယ်ပြန့်သည့် စံနှုန်းများအရ တရုတ်နိုင်ငံအလယ်ပိုင်း ဟူပေပြည်နယ်တွင် သေဆုံးသူဦးရေမှာ ဗုဒ္ဓဟူးနေ့တွင် ၂၄၂ ဦးရှိခဲ့ရာ စုစုပေါင်း သေဆုံးသူ ၁,၃၁၀ ဦးသို့ မြင့်မားလာခဲ့ကြောင်း ပြည်နယ်ကျန်းမာရေးကော်မရှင်က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
ညွှန်ကြားချက်အသစ်များကို အတည်ပြုထားသည့် ကူးစက်မှုများကို စာရင်းပြုရာတွင် အလားတူအသုံးချနေပြီး ၁၄,၈၄၀ အထိမြင့်တက်လာသည်။ ၎င်းတို့အနက် ကူးစက်မှု ၁၃,၃၃၂ ခုကို နည်းလမ်းသစ်ဖြင့် ရောဂါရှာဖွေခဲ့သည်။ ဗုဒ္ဓဟူးနေ့အထိ ဟူပေးပြည်နယ်တွင် အတည်ပြုထားသည့် ကူးစက်မှု ၄၈,၂၀၆ ခုရှိကြောင်း တရားဝင်စာရင်းဇယားများအရ သိရပြီး ၃,၄၄၁ ဦးမှာ ပြန်လည်ကျန်းမာလာ၍ ဆေးရုံမှ ဆင်းသွားပြီဖြစ်သည်။
ဟူပေးပြည်နယ်တွင် ရောဂါကူးစက်မှုများကို အတည်ပြုသည့်နည်းလမ်းအား ပြန်လည်ပြင်ဆင်နေသည်ဟု တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်နှင့် တရုတ်တိုင်းရင်းဆေး အမျိုးသားအုပ်ချုပ်ရေးအဖွဲ့တို့က လွန်ခဲ့သည့် စနေနေ့က ပြောသည်။ ဟူပေပြည်နယ်မှာ ရောဂါဖြစ်ပွားမှုဒဏ်ကို အဆိုးဝါးဆုံးခံနေရကာ ရောဂါဖြစ်စေသည့်အရာကို အစပြုခဲ့သည့်နေရာအဖြစ် ယုံကြည်ကြသည်။
ဓါတ်ခွဲခန်းစမ်းသပ်မှုကို အားကိုးနေမည့်အစား ယခုအခါ ရောဂါများကို ကုသမှုဆိုင်ရာ ရောဂါရှာဖွေမှုမှတဆင့် အတည်ပြုနိုင်ပြီဟု ညွှန်ကြားချက်များက ဆိုသည်။ ဆိုလိုသည်မှာ ပြင်းထန်သော အသက်ရှူလမ်းကြောင်းရောဂါ၏ လက္ခဏာများနှင့် အဆုတ်တွင် ဒဏ်ရာများရှိနေကို စီတီစကင်တွင် ပြသနေပါက လူနာတဦးသည် တရားဝင်အမည်ပေးထားသော Covid-19 ဗိုင်းရပ်ကူးစက်ခံထားရကြောင်း အတည်ပြုနိုင်သည်။
ယခုအချိန်အထိ အထူးစမ်းသပ်ရေးကိရိယာများက အတည်ပြုထားသော ကူးစက်မှုများသာ အမှန်ဟု ယူဆခဲ့သည်။ သို့သော်လည်း ထိုကိရိယာစုများကို လုံလောက်စွာ မပံ့ပိုးနိုင်ဘဲ များပြားလှသည့် ဖျားနာလူနာများမှာ စမ်းသပ်စစ်ဆေးမှု မလုပ်နိုင်သေးပေ။ ယခုအခါ ဟူပေးရှိ အာဏာပိုင်များက ဖျားနာမှုကို ဆရာဝန်များက စစ်ဆေးဖော်ထုတ်ပေးသည့် လူနာများကို စတင်ရေတွက်နေသည်။
နည်းလမ်းသစ်များကြောင့် လူနာများသည် ကူးစက်ခံရကြောင်း အတည်ပြုထားသည့် လူနာကဲ့သို့ စံမီကုသမှုကို အမြန်ဆုံးကုသခွင့်ရမည်ဟု ဟူပေး ကျန်းမာရေးအာဏာပိုင်များက ပြောကြားခဲ့သည်။
အတည်ပြုထားသည့် ကူးစက်မှုဆိုသည်မှာ လူနာများကို ရောဂါခြေချုပ်စင်တာများသို့ လွှဲပေးခြင်း သို့မဟုတ် ဓါတ်ခွဲခန်းအဖြေစောင့်နေစဉ် အိမ်သို့ပြန်ပို့မည့်အစား ဆေးရုံတခုရှိ အထူးလူနာဆောင်တခုတွင် နေရာပေးမည်ဖြစ်သည်။
ယခင်ကနည်းလမ်းက သံသယလူနာများစွာ ဖြစ်ပေါ်စေသည်ဟု ဒေါက်တာတုံးကျောက်ဟွီးက ပြောသည်။ ၎င်းက ရောဂါဖြစ်ပွားမှုအပေါ် ဟူပေ၏တုံ့ပြန်ဆောင်ရွက်မှုကို ညွှန်ကြားနေသည့် အဖွဲ့တခုမှုဖြစ်သည်။
“ကျနော်တို့ အဆုတ်ရောင်ရောဂါကို ရှာဖွေတဲ့အခါ ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိက ဓါတ်ခွဲခန်းစမ်းသပ်မှုကနေ လာတာဖြစ်ပြီး ကျန် ၇၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းက ကုသမှုဆိုင်ရာ ရောဂါရှာဖွေမှုက လာတာဖြစ်ပါတယ်” ဟု နိုင်ငံပိုင်ရုပ်သံ စီစီတီဗွိနှင့် အင်တာဗျူးတစ်ခုတွင် ၎င်းကပြောကြားခဲ့သည်။
“ဆရာဝန်တဦးရဲ့အမြင်အရ ပြောရရင် ရောဂါတွေကို ကုသမှုဆိုင်ရာ ရှာဖွေမှုကို ခွင့်ပြုတာက အထောက်အကူဖြစ်ပါတယ်။ ဒါက ဒီရောဂါကို ကိုင်တွယ်တဲ့နေရာမှာ နောက်ထပ်ကိရိယာတခုပါ”ဟုလည်း ၎င်းကဆိုသည်။
ကြာသပတေးနေ့လည်လောက်အထိ တရုတ်ပြည်မကြီးတွင် လူ ၅၉,၀၀၀ကျော်မှာ ရောဂါကူးစက်ခံထားရပြီဟု အတည်ပြုထားပြီး ၎င်းရောဂါကြောင့် အနည်းဆုံးလူ ၁,၃၆၀ မှာ သေဆုံးခဲ့ပြီဖြစ်သည်။
နှစ်ပတ်အတွင်း ရောဂါကူးစက်မှုသစ် အနည်းဆုံးဖြစ်လာကြောင်း အစိုးရကကြေညာပြီးနေက် သေဆုံးမှု မြင့်မားလာခြင်းဖြစ်ပြီး ထိုကူးစက်ရောဂါကို ဧပြီလတွင် အဆုံးသတ်မည်ဟု တရုတ် ထိပ်တန်း ဆေးပါရဂူများဟ ခန်မှန်းချက်ကို ပိုမိုခိုင်မာစေသည်။
တချိန်တည်းမှာပင် ဟူပေပြည်နယ် ကွန်မြူနစ်ပါတီအကြီးအကဲ ကျန်ချောင်လျံ ရာထူးမှ ထုတ်ပယ်ခံရကြောင်းနှင့် ပြည်နယ်ကွန်မြူနစ်ပါတီ အတွင်းရေးမှူး မာ့ကောင်ချန်ကိုလည်း ပြည်နယ်မြို့တော် ဝူဟန်မှ ပြောင်းရွှေ့ခဲ့ကြောင်း တရုတ်အစိုးရပိုင် မီဒီယာများက ဖော်ပြသည်။
ထိုသို့ထုတ်ပယ်ရခြင်းအကြောင်းရင်းများကို သတင်းတွင်ဖေါ်ပြထားခြင်းမရှိသော်လည်း လွန်ခဲ့သော နှစ်နှောင်းပိုင်းက ဝူဟန်တွင် စတင်သည့် ကိုရိုနာဗိုင်းရပ်ကူးစက်မှုအပြီး တာဝန်မှ ထုတ်ပယ်ခံရသော အဆင့်အမြင့်ဆုံးအရာရှိများဖြစ်လာသည်။
ကိုးကား။ ။ The Straits Times, Reuters
You may also like these stories:
မနက်တိုင်းနီးပါး ရန်ကုန်လေထုညစ်ညမ်းမှု အန္တရာယ်ရှိနေ
ကိုရိုနာဗိုင်းရပ် COVID-19 ဆေးထုတ်ရန် ၁၈ လကြာမည်ဟု ပြော
ကိုရိုနာဗိုင်းရပ်က ကိုးရက်ကြာအထိ အသက်ရှင်နိုင်