သတင်း

စစ်တပ်က နိုင်ငံရေးတွင် မစွက်ဖက်ရန် ဗိုလ်ချုပ်၏ မိန့်ခွန်း သမ္မတ ပြန်ကိုးကား

တပ်မတော်က နိုင်ငံရေးတွင် ဝင်ရောက် စွက်ဖက်မှုများ မလုပ်ရန် ပြောဆိုခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ဖွင့်ပွဲ အခမ်းအနားတွင် ပြန်လည်ကိုးကား ပြောဆိုလိုက်သည်။

ဗမာ့လွပ်လပ်ရေး တပ်မတော်သည် အုပ်ချုပ်ရေး နိုင်ငံရေးနဲ့ ပတ်သက်၍ အလျဉ်းစွက်ဖက်ခြင်း ပြုလိမ့်မည် မဟုတ်၊ ဗမာ့လွပ်လပ်ရေး တပ်မတော် ဗိုလ်များနှင့်တပ်သားများသည် ပါတီနိုင်ငံရေး အုပ်ချုပ်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ပါဝင်စွက်ဖက်ခြင်း အလျဉ်းမရှိစေရဆိုသည့် ဗိုလ်ချုပ်၏ မိန့်ခွန်းကောက်နုတ်ချက်ကို သမ္မတက ပြန်လည် ကိုးကားပြောဆိုခဲ့ခြင်းလည်း ဖြစ်သည်။

ဒီတပ်မတော်ဟာ တဖွဲ့ တပါတီ လူတစုအတွက် တည်ထောင်ထားတာ မဟုတ်ဘူး တနိုင်ငံလုံး တမျိုးသားလုံး အတွက် ဖြစ်တယ်လို့ မည်သို့သော တပ်မတော်ဖြစ်သင့်သည်ကို အထူးသတိပြုဆင်ခြင်ဖွယ်ရာ မိန့်ကြားခဲ့တာကို ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရှားပါးမိန့်ခွန်းမှာ ဖတ်ရှိရပါတယ်ဟု နိုင်ငံတော်  ဦးဝင်းမြင့်က ပြောသည်။

နေပြည်တော်ရှိ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ဖွင့်ပွဲတွင်တွေ့ရသည့် သမ္မဦးဝင်းမြင့်/ဓာတ်ပုံ-သီဟလွင်/ဧရာဝတီ

အစိုးရအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းရင်းသားခေါင်းဆောင်များ မျှော်မှန်းခဲ့သည် အိမ်မက်ကို ဆက်လက်အကောင်အထည်ဖော်ရန် ကြိုးပန်းနေပြီး အာဏာရှင်ဆန်၍ ပြည်သူလူထုကို ဖိဆီးနှိပ်စက်မည့် နိုင်ငံရေးစနစ်မျိုး ပြန်လည်ထွန်းကားခြင်း မရှိစေရန်လည်း ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သမ္မတက ကတိပြုသေးသည်။

သမ္မတကဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော် တည်ဆောင်ရန် သံဓိဌာန်ချပြီးဖြစ်ပါတယ်။ အခြေခံလူ့ အခွင့်အရေးများကို အာမခံမယ့် စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံဖြစ်လာစေရန် ရည်ရွယ်ချက် ထားရှိပြီးလည်း ဖြစ်ပါတယ်ဟု ဆက်ပြောသည်။

နိုင်ငံရေးတွင် တပ်မတော်၏ ကြီးစိုးမှုကို ခွင့်ပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုလည်း လက်ရှိ အာဏာရပါတီကဖြစ်သော NLD ပါတီက ပြင်ဆင်ရန် ပြည်ထောင်စုလွှတ်တော်တွင် ကြိုးစားမှုများကို ပြုလုပ်လျှက်ရှိသည်။

ထို့အတူ တပ်မတော်ကလည်း NLD ဦးဆောင်ကြိုးပမ်းနေသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းအဆင့်ဆင့်ကို ဥပဒေနှင့် မညီဟုဆိုကာ အစဉ်တစိုက် ကန့်ကွက်လျှက် ရှိသည်။

နေပြည်တော်ရှိ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ဖွင့်ပွဲတွင် တွေ့ရသည့် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်/ဓာတ်ပုံ-သီဟလွင်/ဧရာဝတီ

ဇန်ဝါရီလ ၂၃ ရက်နေ့က ပြုလုပ်ခဲ့သည့် တပ်မတော်သတင်းစာရှင်းလင်းပွဲတွင် မြန်မာ့နိုင်ငံရေးမှ တပ်မတော် နောက်ဆုတ်ရန် မည်သည့်အချိန်တွင် ဆုံးဖြတ်မလဲဆိုသည့် မေးခွန်းကို နိုင်ငံတော်တည်ငြိမ်ပြီး စည်းလုံး ညီညွှတ်ပါက တပ်မတော်၏ အဓိကတာဝန်များကို ထမ်းဆောင်ရန်အသင့်ရှိသည်ဟု တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဒုဥက္ကဌ ဗိုလ်ချုပ်ထွန်းညီညီက ပြန်လည်ဖြေကြားသည်။

ဗိုလ်ချုပ်ထွန်းညီညီ ကဘုံအကျိုးစီးပွားနဲ့ နိုင်ငံနဲ့ အမျိုးသားအကျိးစီးပွားကို အားလုံးက တညီတညွတ်တည်း လက်ခံဆောင်ရွက် နိုင်ပြီဆိုရင် ကျနော်တို့တပ်မတော်ရဲ့ အဓိက တာဝန်တွေကို ကျနော်တို့တပ်မတော်က ထမ်းဆောင်ဖို့ အဆင်သင့် ရှိနေတယ်ဟု ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးအပါအဝင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ ရှေ့ဆက်နိုင်ရန် တပ်မတော်နှင့် အာဏာရပါတီတို့ ပူးပေါင်းလုပ်ဆောင်မှာသာ အောင်မြင်မည်ဖြစ်ကြောင်း၊ လက်ရှိ အခြေအနေမှာ ၎င်းတို့၏ နိုင်ငံရေး လိုလားချက်များကို လိုချင်ဆန္ဒအရ နှစ်ဖက်ပြောဆိုနေကြခြင်းသာဖြစ်ပြီး လက်တွေ့ အကောင်အထည်ဖော်မှုမှာ အားနည်းနေကြောင်း မြေပုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကို ကိုယ်စားလှယ် ဦးဖေသန်းက ဝေဖန်သည်။

ရခိုင်မျိုးသားပါတီ ဦးဆောင်သူတဦးလည်းဖြစ်သူ ဦးဖေသန်းကတိုင်းရင်းသားတယောက်အနေနဲ့ ဒီလိုပြောနေတာတွေကို အယုံအကြည်မရှိဘူး။ ဟိုဖက် ဒီဖက် သူတို့မဲဆွယ် နေကြတယ်လို့မြင်တယ်။ လက်တွေ့မှာ အလုပ်ဖြစ်အောင်မလုပ်ကြဘူး။ ပူးပေါင်းမဆောင်ရွက်ကြဘူးဟု ပြောသည်။

နေပြည်တော်ရှိ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ဖွင့်ပွဲတွင်တွေ့ရသည့် တပ်မတော် အရာရှိတဦး/ဓာတ်ပုံ-သီဟလွင်/ဧရာဝတီ

နိုင်ငံတကာက ရှုမြင်သည်မှာ မြန်မာနိုင်ငံသည် အစိုးရနှစ်ရပ်ရှိနေပြီး ဒီမိုကရေစီအပြည့်အဝမရသေးဟု နားလည်ကြသဖြင့် ယခုကဲ့သို့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး ကြိုးပန်းနေသည့် ကာလတွင် တပ်မတော်က နိုင်ငံရေးမှ တဖြည်းဖြည်းဆုတ်ခွာသင့်ကြောင်း နိုင်ငရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် ကပြောသည်။

ဦးသန်းစိုးနိုင်ကအကြွင်းမဲ့ လုံးဝပါဝင်ခွင့်မပြုရေးဆိုတာတော့ မဟုတ်ပါဘူး။ အခုအနေအထားကတော့ လျှော့ချသင့်တယ်လို့ ယူဆပါတယ်။ တပ်မတော်က ဆုတ်ခွာသွားရင်တော့ ဒီမိုကရေစီ ပိုပြီးတော့ ပြည့်စုံတာပေါ့။ တပ်မတော်ရဲ့ တာဝန်က နိုင်ငံတော်လုံခြုံရေးနဲ့ ကာကွယ်ရေးတာဝန်ပဲလေဟု ပြောသည်။

တပ်မတော်၏ အဓိကတာဝန်ဖြစ်သူ နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်ကို ယူထားရန်လိုအပ်သလို ရွေးကောက်တင်မြှောက်ထားသည့် သမ္မတနှင့် လွှတ်တော်တို့၏ လမ်းညွှန်မှုအတိုင်း ဆက်ရှိသင့်သည်ဟု ၎င်းက ဆက်ပြောသည်။

You may also like these stories:

တာချီလိတ်တွင် သေနတ်ဖြင့်ပစ်ခတ်ခံရသူ သေဆုံး

ကျနော်တို့ ခွဲထွက်ရေးဆိုတာကို ဘယ်တုန်းကမှ မပြောခဲ့ဖူးဘူး

သန်လျင် ကုလားဝဲရွာသား အသတ်ခံရမှု ၁ နှစ်ကျော်အတွင်း သက်သေ ၄ ဦးသာ စစ်နိုင်သေး

Loading