ဗစ်တိုးရီးယား အမှုနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့ အနေဖြင့် ရဲလုပ်ငန်းစဉ် အစကောင်းအောင် ပြုလုပ်ရန် လိုအပ်ကြောင်း ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည့် ပြည်ထဲရေးဝန်ကြီး အသစ်ဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ် က ပြောကြားခဲ့သည်။
ပြည်ထဲရေးဝန်ကြီးက “အမှုတခု တည်ဆောက်တယ် ဆိုတာ အစကောင်းမှ အနှောင်းသေချာတာပေါ့။ အစကောင်းအောင် လုပ်ရှာပေါ့။ အစကောင်းအောင် သေချာ အမှုတည်ဆောက်နိုင်ရင်တော့ ကောင်းမှာပေါ့။ ဘာပဲဖြစ်ဖြစ် ဘယ်အမှုဖြစ်ဖြစ် ဥုံဖွဆို ချက်ချင်းကြီးတော့ ဖော်ထုတ်နိုင်တာ မဟုတ်ဘူး။ ကြိုးစားဆောင်ရွက်ကြမှ ရမှာပါ။ ဒါကလည်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
နိုင်ငံတွင် တရားဥပဒေ စိုးမိုးရေးကို အဓိက ဆောင်ရွက်သွားမည် ဖြစ်ပြီး အမှုတခုဖြစ်တိုင်း ရဲတပ်ဖွဲ့နှင့် လုံခြုံရေး လုပ် သော သူများတွင်သာ တာဝန်ရှိသည် မဟုတ်၊ ပြည်သူလူထု၏ ပူးပေါင်း ပါဝင်မှုလည်း အရေးကြီးကြောင်း ၎င်းက ပြော သည်။
ပြည်သူ မပါဘဲ တရားဥပဒေ စိုးမိုးရေးကို ဆောင်ရွက်၍ မရကြောင်း၊ အမှုဖြစ်စဉ်များကတော့ ရှိနေဦးမည်ပင် ဖြစ်ကြောင်း၊ တရားဥပဒေ စိုးမိုးရေးသည် မိမိတို့ နိုင်ငံအတွက် အဓိက စိန်ခေါ်မှုပင်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
သို့ရာတွင် ဥပဒေကျွမ်းကျင်သူများက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ စွမ်းဆောင်ရည်နှင့် ပတ်သက်ပြီး စစ်ဆေးမေးမြန်းစဉ် သေဆုံး မှုများ၊ အမှုတည်ဆောက်ရာတွင် တချို့သော အမှုများနှင့် ပတ်သက်ပြီး လာဘ်စားမှု၊ အမှုအမြန်တည်ဆောက်သဖြင့် ပြည့် စုံမှု မရှိခြင်း၊ တချို့နေရာများတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ အထိ ဖြစ်ပျက်နေသည့်အတွက် လူ့အခွင့်အရေး လှုပ် ရှားသူများနှင့် ဥပဒေကျွမ်းကျင်သူများက ဝေဖန်လျက် ရှိသည်။
ဗစ်တိုးရီးယား အမှုနှင့် ပတ်သက်ပြီး ပြည်သူ အများဆုံး ဝေဖန်နေသည့် အမှုလည်း ဖြစ်သလို ပြည်ထဲရေး ဝန်ကြီး အသစ် အနေဖြင့် ပြည်သူများကို ၎င်း၏ စွမ်းဆောင်ရည်ကို ထုတ်ဖော်ပြသရမည့် အမှုမျိုးဖြစ်ကြောင်း၊ မဖော်ထုတ်နိုင်သေးသည့် အထင်ကရ အမှုများ၊ တရားခံပြေးများ (အထူးသဖြင့် ဦးကိုနီ အသတ်ခံရမှုတွင် တရားခံ ပြေးဖြစ်နေသူ အောင်ဝင်းခိုင်၊ အမျိုးသားရေးကိစ္စ လှုပ်ရှားခဲ့သည့် ဦးဝီရသူ)ကို ဖမ်းဆီးဖော်ထုတ်နိုင်ရေးက ပြည်သူများ၏ ယုံကြည်မှုကို အရေးပါကြောင်း ဗစ်တိုးရီးယားအမှုကို အစဉ်တစိုက် လိုက်ပါ စောင့်ကြည့်ခဲ့သည့် တရားလွှတ်တော်ရှေ့နေ မြန်မာမီဒီယာ Network မှ ဥက္က ဋ္ဌ ဖြစ်သူ ဦးအောင်စိုးက ပြောသည်။
ဦးအောင်စိုးက “ပြည်ထဲရေး ဝန်ကြီးအနေနဲ့ တရားဥပဒေ စိုးမိုးရေးကို ပြောခဲ့တဲ့ ကတိအတိုင်း ယုံတယ်။ အဲဒီကတိအတိုင်း တည်ဖို့တော့ လိုတယ်။ စာရွက်ပေါ်မှာ၊ လေထဲမှာ ပျောက်သွားလို့တော့ မရဘူး။ ဗစ်တိုးရီးယား ကိစ္စမှာလဲ အစမကောင်း လို့ ဥပဒေရှုထောင့် အရ မြင်တယ်။ အခုကစပြီးတော့ ဇာတ်ရှိန်မြင့်လာတယ်လို့ ယူဆတယ်။ ဝန်ကြီးဖြစ်လာသူ အခုလို ဝန် ခံတာ လက်ခံပေးပါတယ်။ ဝန်ကြီးပြောတဲ့အတိုင်း အစမကောင်းခဲ့တာ ပြည်သူတွေ အားလုံးသိတယ်။ ဝန်ကြီးအသစ် အနေနဲ့ သူတာဝန်ယူ လုပ်ရမယ့်ဟာ ကြိုးစားပြီး ဆောင်ရွက်စေချင်တယ်” ဟု ဆိုသည်။
တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင် က “ကျနော် လေ့လာမိသလောက် ဒီအမှု စုံစမ်းကတည်းက အားနည်းတယ် လို့ မြင်တယ်။ နောက်ပြီး ရဲတပ်ဖွဲ့က အမှုကို အမြန် တရားရုံးတင်ချင်တဲ့အတွက် အမှုတည်ဆောက်ပုံ လွဲမှားသွားတယ်လို့ မြင်တယ်” ဟု ဝေဖန်သည်။
ပြီးခဲ့သည့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ စာရင်းများအရ ရဲတပ်ဖွဲ့ဝင်များကြောင့် လူ့အခွင့်အရေး ချိုးဖောက်ခံရသည့် ပြည်သူများမှ တိုင်ကြားခဲ့သည့် တိုင်ကြားစာ ၁၀၀ ကျော်အထိ ရရှိခဲ့ကြောင်း အဆိုပါ ကော်မရှင်၏ အစီရင်ခံစာများအရ သိရသည်။
သို့ရာတွင် မြန်မာနိုင်ငံတွင် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်ထဲရေး ဌာနလက်အောက်ရှိ ဌာနများ အားလုံး အရပ်သား အစိုးရ လက်အောက်သို့ ရောက်ရှိရေးသည် အရေးကြီးကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် လက်နက်ကိုင် တပ်ဖွဲ့ တခုဖြစ်သော်လည်း ပြည်သူများနှင့် ထိတွေ့နေရသည့် အဖွဲ့စည်းတခု ဖြစ်သောကြောင့် တပ်မတော်၏ လက် အောက်ထက် အရပ်သား အစိုးရ၏ လက်အောက်တွင် ဖြစ်သင့်ကြောင်း မြန်မာနိုင်ငံ နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP) တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ပြောသည်။
ပြည်ထဲရေးဝန်ကြီးအသစ်အနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ စွမ်းဆောင်ခဲ့မှုများနှင့်ပက်သက်ပြီး ယခုမြေပြင် အခြေအနေ ထက် ပိုမိုကောင်းမွန်အောင် မူဝါဒများ ချမှတ်ရန် လိုအပ်သလို အောက်ခြေအဆင့်ရှိ တပ်ဖွဲ့ဝင်များ၏ စိတ်ပိုင်းဆိုင်ရာများ ကိုလည်း ပြောင်းလဲပေးရန် လိုအပ်ကြောင်း ၎င်းက ပြောဆိုသည်။
ဦးဘိုကြည် က “အောက်ခြေမှာက အမှုစစ်တဲ့ဆီမှာ ရိုက်နှက်စစ်မှ အမှုမှန် ပေါ်မယ်ဆိုတဲ့ စိတ်ကိုလည်း ပြောင်းလဲပေးဖို့ လို တယ်။ နောက်ပြီး အခုဆို ရဲတပ်ဖွဲ့ဆို ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုမှာ တကယ်တော့ ဘာမှမရှိဘူး။ အရင်က ဖြစ် ပျက်ခဲ့တဲ့ အခြေအနေတွေအရ ရဲဆိုရင် ပြည်သူတွေက မပူးပေါင်းချင်တော့ဘူး။ အဲ့ဒီ ရဲတပ်ဖွဲရဲ့ ပုံရိပ်ကို ပြည်သူ့ အမြင် ပြောင်းလဲပေးဖို့ လိုတယ်။ အဲဒီလို ပြောင်းလဲပေးနိုင်မှ တရား ဥပဒေစိုးမိုးရေး အတွက် ပြည်သူတွေက ပူးပေါင်းပါဝင်လာ ကြမှာ” ဟု ဆိုသည်။
ဆက်စပ်ဖတ်ရှုရန်
ဗစ်တိုးရီးယား အမှုနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့ တာဝန်ရှိသူများကို တရားစွဲရန် ပြင်ဆင်နေ
ဗစ်တိုးရီးယားအမှု ရဲတပ်ဖွဲ့တာဝန်ရှိသူများကို တရားစွဲနိုင်ရေး သမ္မတထံ ခွင့်ပြုမိန့်တောင်းခံ
တရားစီရင်ရေးနဲ့ ဥပဒေစိုးမိုးရေးကို ပြည်သူတွေ မယုံကြည်မှာ စိုးတယ်