ရန်ကုန်မြို့၏ လေထု အရည်အသွေးမှာ ကျန်းမာရေး ထိခိုက်သည် အထိ မရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ဧရာဝတီသို့ ပြောသည်။
ဦးကျော်မိုးဦး က “ရန်ကုန်မြို့ တခုလုံးကို လွှမ်းခြုံပါတယ်။ လောလောဆယ်ကတော့ အလယ်အလတ် အဆင့်လောက်ပဲ ရှိ တာပေါ့။ ကျန်းမာရေးဆိုင်ရာကိုတော့ သက်ရောက်မှု မရှိဘူး။ ကျန်းမာရေးအတွက် စိုးရိမ်ရတဲ့ အနေအထား မရှိသေးပါ ဘူး” ဟု ပြောသည်။
လတ်တလောတွင် လေထု အရည်အသွေး တိုင်းတာသည့်စက်မှာ ကမ္ဘာအေး စခန်းတခုတွင်သာ ရှိသေးသော်လည်း ရန် ကုန်မြို့တခုလုံးကို လွှမ်းခြုံကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ရန်ကုန်မြို့တွင် လေထု အရည်အသွေး အခြေအနေမှာ စိုးရိမ်ရသည့် အဆင့်တွင် ရှိနေကြောင်း Air Quality Yangon အဖွဲ့က ထုတ်ပြန်ခဲ့သေးသည်။
ယင်းအဖွဲ့မှ တိုင်းတာချက်များ အရ ဒီဇင်ဘာလ တလလုံးတွင် အနီရောင်အဆင့်တွင်သာ ရှိပြီး ဇန်နဝါရီလတွင် လိမ္မော် ရောင်အဆင့်သို့ ပြန်ကျသွားသည့် နေရက်အချို့ ရှိသော်လည်း အနီရောင် အဆင့်ရောက်သည့်နေ့ များကြောင်း တွေ့ရ သည်။ ထိုကဲ့သို့ အနီရောင် ရောက်ရှိသည့် အချိန်သည် မနက်ပိုင်းတွင် အများဆုံး ဖြစ်နေကြောင်း အဆိုပါအဖွဲ့ တိုင်းတာ ချက်များအရ သိရသည်။
လေထု ညစ်ညမ်းမှု အဝါရောင် အဆင့်သည် AQI အညွှန်းကိန်း ၁၀၁ မှ ၁၅၀ အထိ ဖြစ်ပြီး ကျန်းမာရေး အခြေခံ အာနည်းသူများ အနေဖြင့် ထိခိုက်နိုင်ပြီး အညွှန်းကိန်း ၁၅၀ မှ ၂၀၀ အထိသည် အနီရောင်အဆင့် ဖြစ်ကာ လူတိုင်း အတွက် ကျန်းမာရေး ဆိုးရွားနိုင်ကြောင်း သိရသည်။
အခြားအဖွဲ့များသည် အမြင့်ဆုံး အခြေအနေကို တိုင်းတာပြီး ထုတ်ပြန်ခြင်း ဖြစ်သဖြင့် ၎င်းတို့ဌာနမှ ထုတ်ပြန်သည့် အညွှန်း ကိန်းများနှင့် ကွာခြားချက်ရှိမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ပြောသည်။
ဦးကျော်မိုးဦးက “တခြားအဖွဲ့တွေကတော့ အများဆုံးဖြစ်တဲ့ အချိန်ခဏလေးကိုပဲ တိုင်းပြီးတော့မှ သတင်းထုတ်ပြန်တာ ပေါ့။ ကျနော်တို့ကတော့ တနေ့လုံးစာအတွက်ကို တိုင်းပြီးတော့မှ ပြန်တွက် ထုတ်ထားတာဆိုတော့ နည်းနည်းကွာတယ်။ အဓိကကတော့ အချိန်ပိုင်း တိုင်းတာထက် စာရင် တနေကုန် တိုင်းပြီးတော့မှ စိုးရိမ်စရာ ရှိ၊ မရှိ ထုတ်ပြန်တာကတော့ ပိုသင့်တော်တာပေါ့”ဟု ဆိုသည်။
Air Quality Yangon အဖွဲ့က မမြတ်ဖူးပွင့်ကျော်ကမူ အဖွဲ့နှစ်ခုကြား ကွာခြားချက်နှင့် ပတ်သက်၍ “သူတို့တင်တဲ့ AQI နဲ့ ကျမတို့တင်တဲ့ AQI က ကွာခြားချက်ကို ဒီဘက်က information ကို သေသေချာချာ မလေ့လာရသေးဘူး။ အဲဒါကြောင့် သေချာ မဖြေပေးနိုင်သေးဘူး။ သူတို့ တိုင်းထားတဲ့ စက်တွေနဲ့ ညီမတို့ တိုင်းထားတဲ့ စက်တွေနဲ့က ကွာနေတယ်ဆိုတော့ သူတို့က ဘယ်လို တိုင်းလဲ။ ကျမတို့ တိုင်းတာနဲ့ ဘယ်လိုမျိုး ကွာလဲဆိုတာ သေချာစစ်ဆေးပြီးတော့မှပဲ result ကို သိရ မယ်” ဟု ပြောသည်။
မိုး/ဇလမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက “လေထုညစ်ညမ်းတဲ့ အကြောင်းအရာကတော့ ကာဗွန်ဒိုင် အောက်ဆိုက် ထုတ်တာတွေပေါ့ ကားတွေရှိမယ် စက်ရုံတွေရှိမယ် မြို့ပြဖွံ့ဖြိုးလာတာနဲ့အမျှ အဲကွန်းတို့ ဒါတွေအကုန်လုံးက လေထု ညစ်ညမ်းစေတာ တွေချည်းပဲ” ဟုဆိုသည်။
ထို့အပြင် အမှိုက်မီးရှို့မှုများကြောင့်လည်းပါဝင်သည်ဟု သိရသည်။
မိုး/ဇလသည် လွန်ခဲ့သည့် ၃နှစ်က စတင်ကာ PM 2.5 ကို စတင် တိုင်းတာခဲ့ခြင်း ဖြစ်ပြီး လေထု အညစ်ညမ်းဆုံး အချိန် များသည် ယာဉ်အများဆုံး သွားလာသည့် မနက်ပိုင်းနှင့် ညနေပိုင်းများ ဖြစ်ကြောင်းဆိုသည်။
၂၀၁၈ ခုနှစ်က စတင် တည်ထောင်ခဲ့သည့် Air Quality Yangon အဖွဲ့တွင် လက်ရှိ အဖွဲ့ဝင် ကျောင်းသား ၉ ဦးဖြင့် လေထု ညစ်ညမ်းမှု တိုင်းတာသည့် စက် ၁၃ လုံးနှင့် ရန်ကုန်မြို့ လေထုညစ်ညမ်းမှုကို တိုင်းတာနေခြင်း ဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန်
မနက်တိုင်းနီးပါး ရန်ကုန်လေထုညစ်ညမ်းမှု အန္တရာယ်ရှိနေ
ရန်ကုန်မှာ လေထုညစ်ညမ်းမှု ဘယ်လောက်ဆိုးဝါးနေပြီလဲ
ရန်ကုန်မြို့ရဲ့ လေထုညစ်ညမ်းမှု အခြေအနေ ခရမ်းရောင်အဆင့်မှာ ရှိနေ