ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စံညှင်းဝေကျေးရွာအုပ်စု ၊ ခမွေချောင်းကျေးရွာ မူလွန်ကျောင်းပေါ်သို့ ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၁၀ နာရီကျော်က လက်နက်ကြီး ကျည်တလုံး ကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းသားစုစုပေါင်း ၂၁ ဦး ထိခိုက်ဒဏ်ရ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။
အဆိုပါ ထိခိုက်ဒဏ်ရာ ရရှိသူများမှာ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း၊ စတုထ္တတန်း ကျောင်းသူ၊ ကျောင်းသား များဖြစ်ပြီး၊ စာသင်ရန် ပြင်ဆင်နေစဉ် ကျောင်းခေါင်မိုးပေါ်သို့ လက်နက်ကြီးကျည်တလုံး ကျရောက်ပေါက်ကွဲကြောင်း မူလတန်းပြ ဆရာဦးသာအေးမောင်က ပြောသည်။
ဦးသာအေးမောင်က “ ဒီနေ့ မနက် ၁၀ နာရီလောက်မှာ လက်နက်ကြီးတလုံးက လာကျပြီးတော့ပေါက်ကွဲပါတယ်။ ဒဏ်ရာရတာ စုစုပေါင်းက ၂၁ ဦးရှိပါတယ်။ ၄ တန်းကျောင်းသူ တယောက်တော့ ဒဏ်ရာတော်တော်ပြင်းတယ်။ လက် နက်ကြီးကျည်က ရွာတောင်ဘက်က လာတယ်လို့ ထင်ရပါတယ် ” ဟု ဧရာဝတီသို့ ပြောသည်။
ယနေ့ မနက် ၉ နာရီခန့်က အဆိုပါ ကျေးရွာ၏ မြောက်ဘက် ၃ မိုင်ကျော်တွင် တပ်မတော်နှင့် AA တို့ နှစ်ဘက်တိုက် ပွဲဖြစ်ပွားပြီး၊ နံနက်၁၀ နာရီဝန်းကျင်အချိန်တွင် လက်နက်ကြီးကျရောက်ခြင်း ဖြစ်ကြောင်း ခမွေချောင်း ကျေးရွာသား များက ပြောသည်။
ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကျော်သာခိုင်က “လက်နက်ကြီးကျည်က ဘယ်ကပစ်မှန်း မသိဘူးဗျ။ သွေးသံရဲရဲနဲ့ ကလေးတွေ ကျောင်းကနေ ဆင်းပြေး လာကြတော့ ကျနော်တို့ ကြည့်ချိန်မရဘူူး။ လက်နက်ကြီး ကျည်ဆန်က ပန်ကာ တွေတော့ ရထားတာရှိတယ်။ ဘယ်အမျိုးစားလဲဆိုတာလည်း ကျနော်တို့ မသိဘူး။ အခုအားလုံ ဆေးရုံကို ရောက်နေ ကြတယ် ” ဟု ဧရာဝတီသို့ ပြောသည်။
တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကယနေ့ မနက် ၁၀ နာရီ အချိန်ခန့်က တပ်မတော်နှင့် AA အဖွဲ့တို့ အဆိုပါ ကျေးရွာအနီးတွင် နှစ်ဘက် ထိတွေ့ တိုက်ပွဲ ဖြစ်ပွား ခဲ့ပြီး ထိုသို့ တိုက်ပွဲဖြစ်ပွား မှုကြား တွင် ကျည်ထိမှန်ခဲ့ကြောင်းကို သိရှိရကြောင်း ပြောသည်။
“ ဒီမနက် ၁၀ နာရီလောက်မှာ အုတ်တောင်ပြင်ရှည် ခမီးရွာပေါ့။ အဲဒီမှာ လက်နက်ကြီး ကျတယ်လို့ သိရပါတယ်ဗျ။ ထိခိုက်ဒဏ်ရာရတာ ၁၅ ယောက်ရှိတယ်လို့ သိရပါတယ်။ အဲဒီက ၂ ယောက်ကို တော့ တပ်က ကားနဲ့ ကျနော်တို့ ဘူးသီးတောင်ဆေးရုံကို ပို့ထားပါတယ်။ ကျန်တဲ့ လူတွေကတော့ ဒဏ်ရာ မပြင်း ထန်ပါဘူး။ ဒဏ်ရာ မပြင်းထန်တဲ့ လူတွေကိုတော့ တပ်က ဆေးမှူးတွေနဲ့ ကျနော်တို့ ကုသပေး နေပါတယ်ဗျ။ တိုက်ပွဲကြားမှာ ကျည်ထိမှန်ခဲ့တယ်လို့ သိရပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
AA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကတော့ ယနေ့ မနက် ၉ နာရီ ၁၅ မိနှစ်ခန့်က အဆိုပါ ဘူးသီးတောင် မြို့နယ် ၊ ကန်ဘိုင်ချောင်းရွာ၏ အရှေ့ မြောက်ဘက် ၁ ကီလိုမိတာခန့်အကွာတွင် အမှတ် ( ၅၅၁ ) တပ်ရင်းမှ တပ်ဖွဲ့ဝင်များနှင့် AA အဖွဲ့တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပြောသည်။
ခိုင်သုခက “စာသင်ကျောင်းကို လက်နက်ကြီးလာကျတဲ့ အချိန်က တိုက်ပွဲဖြစ်တဲ့ အချိန်နဲ့ အများကြီးကွာတယ်။ တိုက် ပွဲက ၉ နာရီ ၁၅ လောက်မှာ ဖြစ်ပြီးတော့ ၉ နာရီ မခွဲခင် တိုက်ပွဲက ပြီးသွားပြီ။ တိုက်ပွဲပြီးသွားပြီးလို့ နာရီဝက်လောက် ကြာမှ စကခ ၁၅ ဌာနချုပ်က ရမ်းသမ်းပြီးတော့ ပစ်တာ။ အဲဒီ လက်နက်ကြီးက ကျောင်းကို ထိပြီးတော့ ကလေးတွေ ဒဏ်ရာရကြတာ” ဟု ဧရာဝတီသို့ ပြောသည်။
ဘူးသီးတောင်မြို့နယ်အတွင်းက ခမီတိုင်းရင်းသားများ နေထိုင်သော ခမွေချောင်း ကျေးရွာတွင် အိမ်ခြေ ၅၀ ကျော် ရှိပြီး လူဦးရေ ၃၀၀ ဝန်းကျင် ရှိသော တိုင်းရင်းသား ကျေးရွာ တရွာဖြစ်ပြီး လက်ရှိအချိန်တွင် အဆိုပါ ကျေးရွာမှ ဒဏ်ရာရ ကျောင်းသူ /သား များကို ဘူးသီးတောင် ဆေးရုံသို့ ပို့ဆောင်ထားကြောင်းသိရသည်။
ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကလည်း ကျောက်တော်မြို့နယ် မျောက်တောင် ကျေးရွာအ တွင်း လက်နက်ကြီး ကျည် ကျသည့်အတွက် မြစ်ဘမ်းနံဘေးတွင် ဘောလုံး ကစားနေသော ဆယ်တန်းကျောင်းသား ၃ ဦးနှင့် ၆ တန်း ကျောင်းသာ ၁ ဦး တို့ ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။
ယမန်နေ့ ညနေပိုင်းကလည်း ကျောက်တော်မြို့နယ်အတွင်း တင်းမကျေးရွာမှ အသက် ၅၂ နှစ်အရွယ် ဒေါ်ဦးကျော့စိန် မှာလည်း စိုက်ခင်းတွင် အလုပ်လုပ်နေစဉ် လက်နက်ကြီး ကျရောက် ပေါက်ကွဲမှု ကြောင့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
ယခုလ ဖေဖော်ဝါရီလ ၅ ရက်နေ့ကလည်း ဘူသီးတောင်မြို့နယ် ဆင်သည်ပြင် မွတ်စလင် ရွာမှ အသက် ၃၀ အရွယ် ဦးအာမတ်နူလာမှာ ကျေးရွာချောင်းကမ်းဘေးတွင် ထင်းချောင်းများကို သယ်ယူ နေစဉ် သေနတ်ကျည် ဆန်ထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။
ပြီးခဲ့သော ဇန်နဝါရီလ ၂၄ ရက်နေ့ ညဉ့် ကလည်း ဘူးသီးတောင်မြို့နယ် အတွင်းက ကင်းတောင် မွတ်ဆလင်ရွာထဲ သို့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲသည့်အတွက် မွတ်ဆလင် အမျိုးသမီး ၂ ဦး သေဆုံးပြီး ၇ ဦးထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။
ယင်းအပြင် ဇန်နဝါရီလ ၇ ရက်နေ့က ဘူးသီးတောင်မြို့နယ် ၊ ကျောက်ရန်ကျေးရွာအုပ်စု ၊ ထိပ်ထူးပေါက် မွတ်စလင် ကျေးရွာသား များမှာ ကျေးရွာအနီးရှိတောင်ပေါ်သို့ ထင်းခုတ်ရန် သွားရောက်စဉ် မိုင်းပေါက်ကွဲမှုတခုဖြစ်ပွား ခဲ့သည့် အတွက် ကလေးငယ် ၄ ဦး သေ ဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ရခိုင်ပြည်နယ် ၊ မြောက်ပိုင်း မြို့နယ်များတွင် တပ်မတော်နှင့် AA တို့ နှစ်ဘက် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျှက် ရှိပြီး အရပ်သားသေဆုံးမှုမှာလည်း နေ့စဉ်နှင့်အမျှ ရှိနေသည်။
ဧရာဝတီမှစာရင်းပြုစုချက်အရ ယခုလ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ အထိ ၁၃ ရက်အတွင်း လက်နက်ကြီး ၊ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုနှင့်အတူ မိုင်းပေါက်ကွဲမှုတို့ကြောင်း အရပ်သား သေဆုံးသူ ၈ ဦးနှင့် ထိခိုက် ဒဏ်ရာ ရရှိသူ ၅၁ ဦးရှိသည်။
You may also like these stories:
KNU နယ်မြေထဲကို လက်နက်ကြီးများ ကျရောက်မှု “လက်တုန့်ပြန်ခြင်း”ဟု ဆို
ရခိုင်တွင် တပ်မတော်နှင့် AA တို့ ထိတွေ့တိုက်ပွဲများ ရှိနေ
ပလက်ဝတွင် စက်လှေပေါ် လက်နက်ကြီး ကျ၍ ၂ ဦးသေ ၇ ဦးဒဏ်ရာရ